ရွှေလုပ်ငန်းရှင်များအသင်းဝင် ရွှေဆိုင်တချို့ကို စစ်ကောင်စီ အရေးယူ
ရန်ကုန်နဲ့ မန္တလေးက ရွှေဆိုင်တွေ အပါအဝင် ရွှေလုပ်ငန်း ခုနစ်ခုကို စစ်ကောင်စီ ဗဟိုဘဏ်က ယာယီရပ်ဆိုင်းလိုက်ပါတယ်။
-
RFA Burmese
2024-04-05 -
-
-
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရွှေစျေးကွက် မတည်ငြိမ်သေးချိန်မှာ ရန်ကုန်နဲ့ မန္တလေးက ရွှေဆိုင်တွေ အပါအဝင် ရွှေလုပ်ငန်း ခုနစ်ခုကို စစ်ကောင်စီ ဗဟိုဘဏ်က ဧပြီ ၂ ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
ဒေါ်လာနဲ့ ရွှေဈေးကစားသူတွေ၊ အရောင်းအဝယ် တကယ်မဖြစ်တဲ့ လေပတ်ကား ရွှေဈေးနှုန်းတွေကို လူမှုကွန်ရက် မီဒီယာတွေပေါ်မှာဖော်ပြပြီး ရွှေဈေးနှုန်း မငြိမ်မသက် ဖြစ်အောင်လုပ်သူတွေကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က မတ်လအကုန်မှာ ထုတ်ပြန်ခဲ့ပါတယ်။
"အခြေခံလူတန်းစားတွေအတွက် ပိုလို့တောင် ထိခိုက်ရပါသေးတယ်။ အခုဆို ပိုက်ဆံမရှိရင် ရေတောင်သောက်လို့မရတဲ့ ဘဝတွေဖြစ်နေပြီ"
အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိတဲ့ ရွှေဆိုင်တွေနဲ့ ရွှေရောင်းဝယ်သူတွေ အားလုံးလိုက်နာရမယ့် ညွှန်ကြားချက်တွေကို မလိုက်နာတာကြောင့် အခုလို အရေးယူခံရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးကြည်စိန်က ပြောပါတယ်။
"ရွှေလုပ်ငန်းလုပ်မယ်ဆိုရင် အဖိုးတန်သတ္တု (ရွှေ) လုပ်ငန်းလိုင်စင် ရှိကိုရှိရမယ်၊ ငွေကြေးခဝါချ စည်းမျဉ်းတွေကို လိုက်နာရမယ်၊ မလိုက်နာရင် သတ္တု (ရွှေ) လုပ်ငန်းလိုင်စင် ဆိုင်းငံ့တာ၊ စည်ပင်လိုင်စင် ဆိုင်းငံ့တာ၊ ပိတ်သိမ်းတာ၊ ငွေဒဏ်၊ ထောင်ဒဏ်အရေးယူမှုတွေ လုပ်တယ်ပေါ့နော် အစိုးရက"
ရန်ကုန်က မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင်နဲ့ ခရမ်းသုံးခွရွှေဆိုင်တွေဟာ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဝင်ထားတဲ့ ဆိုင်တွေဖြစ်တယ်လို့ ဆိုပါတယ်။
အရေးယူခံထားရတဲ့ ဒီဆိုင်တွေ ပြန်ဖွင့်ခွင့်ရဖို့ အဖိုးတန်သတ္တု (ရွှေ) လုပ်ငန်း လုပ်ပိုင်ခွင့်လက်မှတ်ကို အရင်ရအောင်လုပ်ပြီး ပိတ်သိမ်းခံလိုက်ရတဲ့ စည်ပင်လိုင်စင်ကို အသစ်ပြန်လျှောက်ရမှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ တာဝန်ရှိသူတွေက ဆက်ပြောပါတယ်။
ဗဟိုဘဏ် ဦးဆောင်ဖွဲ့စည်းထားတဲ့ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ကွင်းဆင်းစစ်ဆေးရာကနေ ရန်ကုန်က မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင်၊ ခရမ်းသုံးခွရွှေဆိုင်နဲ့ မန္တလေးက ရွှေစင်ဝင်း ရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသား ရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ် ရွှေရောင်းဝယ်ရေးလုပ်ငန်းနဲ့ “မြန်မာရွှေ” ရွှေဆိုင်လုပ်ငန်း ခုနစ်ခုတို့ကို ဧပြီလ ၂ နေ့ကစပြီး ယာယီပိတ်သိမ်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ အခုလို အရေးယူတာဟာ စနစ်တကျ မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) အဖွဲ့ဝင်လည်းဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန်ပါတယ်။
"တခြားလုပ်ပုံလုပ်နည်းတွေ အများကြီးရှိတယ်၊ ရန်ကုန်၊ မန္တလေးမှာ ရွှေဆိုင်ခုနစ်ဆိုင်မှ မကတာ၊ ရွှေဆိုင်ပေါင်း ရာနဲ့ချီရှိတယ်၊ ကျန်တဲ့ရွှေဆိုင်တွေက ဒီအတိုင်းသွားတုန်း၊ လာနေကြတုန်းပဲ။ နာမည်ကြီးတဲ့သူတွေကို ခေါ်စစ်တယ်၊ ထိန်းသိမ်းထားတယ်၊ ကျန်တဲ့သူတွေက လုပ်မြဲအတိုင်း လုပ်နေကြတာပဲလေ။ စစ်ကောင်စီ ဗဟိုဘဏ်က စနစ်ကျတဲ့လုပ်ဆောင်မှုတွေမှ မဟုတ်တာ"
စစ်ကောင်စီရဲ့ ရွှေစျေး၊ ဒေါ်လာစျေး ထိန်းချုပ်တဲ့မူဝါဒတွေကြောင့် အခြေခံလူတန်းစားတွေ အခြေခံစားသောက်ကုန်စျေးတက်တဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
"အခု စစ်ကောင်စီဗဟိုဘဏ်က နာမည်ကြီး ရွှေဆိုင်တွေပိတ်တယ်၊ ငွေလဲကောင်တာတွေ ပိတ်တယ်။ ရွှေစျေး၊ ဒေါ်လာစျေးတွေက တက်မြဲတက်နေတာပဲလေ၊ ဘာထူးလို့လဲ။ ဆီစျေး၊ ဆန်စျေးတွေတောင် ကြီးလာသေးတယ်။ ဆန်တစ်ပြည် တစ်သောင်းနားနီးနေပြီ။ အာဏာသိမ်းပြီးကတည်းက လုပ်ခလစာ တစ်စက်မှတက်မလာတဲ့ အလုပ်သမားတွေ၊ အိမ်ရှင်မတွေ အခြေခံလူတန်းစားတွေအတွက် ပိုလို့တောင် ထိခိုက်ရပါသေးတယ်။ အခုဆို ပိုက်ဆံမရှိရင် ရေတောင်သောက်လို့မရတဲ့ ဘဝတွေဖြစ်နေပြီ"
ရွှေရောင်းဝယ်သူတွေ အားလုံးလိုက်နာရမယ့် ညွန်ကြားချက်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ စစ်ကောင်စီက စတင်အသက်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီညွှန်ကြားချက်ထဲမှာ ရွှေများများဝယ်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ဗဟိုဘဏ်ဆီ ပို့ပေးဖို့၊ ရွှေဝယ်သူတွေရဲ့စာရင်းတွေ မှတ်တမ်းတင်ထားဖို့၊ အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေချိန် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ အခြားတည်ဆဲ ဥပဒေတွေကို လိုက်နာဖို့ဆိုတဲ့ စည်းကမ်းချက်တွေ ထည့်သွင်းထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ မတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ပြည်တွင်းရွှေဝယ်လိုအားဟာ ရောင်းနိုင်တဲ့ပမာဏထက် များနေတာ၊ နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာ ငွေစက္ကူရိုက်နှိပ်မှုနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကြောင့် ရွှေဝယ်စုကြတာ၊ ရွှေထွက်တဲ့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ရွှေစျေးနှုန်းစံချိန်တင် တက်လာတာလို့ ထောက်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ ဗဟိုဘဏ်၊ ရွှေနဲ့ ငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီအပြင် ရွှေလုပ်ငန်းရှင်အသင်းတွေနဲ့ပါ ထိန်းကျောင်းဖို့ ကြိုးစားရင်းနဲ့ပဲ အခုချိန်မှာ ရွှေတစ်ကျပ်သားကို ကျပ် လေးဆယ့်ငါးသိန်းအထိ စံချိန်တင်မြင့်တက်လာတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၃၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိ အာဏာသိမ်းသုံးနှစ်ကျော်အတွင်းမှာ ရွှေဈေးနှုန်း လေးဆနီးပါးအထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။