NLD အစိုးရ ဒုတိယသက်တမ်းမှာ လူ့အခွင့်အရေးကို ဗဟိုပြုပြီး လုပ်ဆောင်ဖို့ HRW ပြော

NLD အစိုးရရဲ့ ဒုတိယသက်တမ်းမှာ လူ့အခွင့်အရေးကို ဗဟိုပြုပြီး အလုပ်လုပ်ရမယ့် အချိန်ရောက်ပြီလို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က အာရှဆိုင်ရာညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ ၂ဝ၂ဝ စက်တင်ဘာ ၉ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကျောင်းသားများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနေစဉ်။

NLD အစိုးရရဲ့ ဒုတိယသက်တမ်းမှာ လူ့အခွင့်အရေးကို ဗဟိုပြုပြီး အလုပ်လုပ်ရမယ့် အချိန်ရောက်ပြီလို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှဆိုင်ရာညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ HRW အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ NLD ပါတီဟာ အာဏာပိုင်တွေ လူ့အခွင့်အရေး ချိုးဖောက်တာကို ခွင့်ပြုထားတဲ့ ဥပဒေတွေကို ဖျက်သိမ်းနိုင်လောက်တဲ့ အမတ်အင်အားရှိပေမယ့် အမှန်တကယ် လုပ်ဆောင်ခြင်း မရှိဘူးလို့လည်း သုံးသပ်ထားပါတယ်။

အခုအပတ်မှာ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ထုတ်ပြန်လိုက်တဲ့ နှစ်ချုပ်အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ် အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ယုတ်လျော့လာပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့် အခွင့်အရေးတွေကို ပိုပြီး တင်းကြပ်လာခဲ့တယ်လို့ သုံးသပ်ထားပါတယ်။

အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေတဲ့ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းနဲ့ ရိုဟင်ဂျာတွေရဲ့ ဒေသတွေမှာ ဒေသခံတွေကို မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ နိုင်ထက်စီးနင်း ပြုလုပ်မှုတွေ ပိုများလာခဲ့ပြီး လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေဟာ အစိုးရနဲ့ တပ်မတော်ကို ဝေဖန်ပြောဆိုခဲ့ကြတာကြောင့် ပြစ်ဒဏ်ပေးခံရကြောင်း၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေအတွက် အခုနှစ်မှာ တပ်မတော်အထက်အရာရှိပိုင်းအထိ စုံစမ်းစစ်ဆေးရမယ့်အစား စစ်ဘက်ဆိုင်ရာတရားရုံးကနေ အောက်ခြေတပ်သားသုံးဦးကို အပြစ်ရှာပြီး အမိန့် ချမှတ်လိုက်တဲ့အကြောင်း ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ်ဟာ လူ့အခွင့်အရေးအခြေအနေ ကျဆင်းခဲ့တဲ့အတွက် NLD အစိုးရအနေနဲ့ အခု ၂၀၂၁ ခုနှစ် မှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်ပေးဖို့ လိုတယ်လို့ HRW အဖွဲ့ရဲ့ အာရှတိုက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က RFA ကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုထပ်ပြီး အနိုင်ရခဲ့တဲ့နောက် လူ့အခွင့်အရေးကိစ္စကို ဗဟိုပြုပြီး အလုပ်လုပ်ရမယ့် အချိန်ရောက်လာပါပြီ ။ အံ့သြစရာ ကောင်းတာကတော့ အရင် စစ်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသား အဖြစ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရသူတွေ အများအပြား ပါဝင်တဲ့ လက်ရှိ အစိုးရဟာ အရင်က သူတို့အတွက် အသုံးပြုခဲ့တဲ့ ဥပဒေ၊ ပုဒ်မတွေကို ပြန်သုံးပြီး၊ ကျောင်းသား ခေါင်းဆောင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ မီဒီယာတွေကို ဖမ်းဆီး အရေးယူနေတာ တွေ့ရတာကြောင့်ပါ။ NLD ပါတီရဲ့ သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင် ဒါဟာ သစ္စာဖောက်မှုပါ။ ဒီလိုလုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ တောင်းဆိုချင်ပါတယ်။ အစိုးရရဲ့ ဒုတိယသက်တမ်းအတွင်းမှာ စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူသိရှင်ကြား ပြောဆိုတာတွေ လုပ်သင့်ပါတယ်။ တချိန်တည်းမှာ လူ့အခွင့်အရေး ချိုးဖောက်တာကို ခွင့်ပြုထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ ဖျက်သိမ်းဖို့ လုပ်သင့်ပါတယ်။ NLD ပါတီဟာ လွှတ်တော်ထဲမှာ အမတ်နေရာ အများစု ရထားတဲ့အတွက် လုပ်ပေးချင်စိတ်သာ ရှိမယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီ လုပ်ပေးချင်စိတ် ရှိလာဖို့အတွက်လည်း ကျွန်တော်တို့ ထပ်ပြီး တိုက်တွန်းပါတယ်”

ဒါ့အပြင် NLD ပါတီ ထပ်ပြီး သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကိုလည်း လိုအပ်ချက်တွေ ရှိတဲ့ ရွေးကောက်ပွဲလို့ HRW ရဲ့ အစီရင်ခံစာမှာ ဝေဖန်ရေးသားထားတာနဲ့ ပက်သတ်လို့လည်း Phil Robertson က အခုလို ပြောပါတယ်။

“ပထမဆုံးအနေနဲ့ကတော့ ဒီရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသားအဖြစ်နဲ့ မဲပေးခွင့် ရခဲ့သင့်တဲ့ ရိုဟင်ဂျာ တစ်သန်းကျော် ဆန္ဒမဲပေးခွင့် မရခဲ့တာကြောင့်ပါ။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲ ကြီးမှူးကျင်းပဖို့ အစိုးရက တာဝန်ပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ တိုင်းရင်းသားဒေသ တော်တော်များများမှာ ဒေသခံနိုင်ငံရေးပါတီတွေနဲ့ မဲဆန္ဒရှင်တွေကို တိုင်ပင်တာမရှိဘဲ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တာကြောင့်ပါ။ ဒါကြောင့် သန်းနဲချီတဲ့ ပြည်သူတွေ မဲပေးခွင့် ဆုံးရှုံးခဲ့ရပြီး၊ လွှတ်တော်မှာ ကိုယ်စားပြုအမတ် မရတော့ပါဘူး။ ဒါ့အပြင် လွှတ်တော်မှာ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်းဟာ ရွေးကောက်မခံဘဲ နေရာယူထားတာကြောင့်လည်း ဒီမိုကရေစီစံနှုန်းနဲ့ မညီဘဲ ဖြစ်နေပါတယ်။ ဒါကို မပြင်ဆင်နိုင်သရွေ့တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အမဲစက်လို ဆက်ပြီး ဖြစ်နေမှာပါ”

ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်အတွင်း အစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အင်တာနက်ဖြတ်တောက်ထားတာ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးတာ မရှိတဲ့အတွက် စက်မှုဇုန်တွေမှာ အလုပ်သမားတွေ ဆန္ဒပြတာကို ဖြိုခွင်းမှုတွေ တိုးပွားလာတာ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းမှာ အကူအညီပေးရေးအဖွဲ့တွေ ဟာ၊ အစိုးရက ချမှတ်ထားတဲ့ အတားအဆီးတွေကြောင့် အကူအညီတွေ လိုအပ်နေတဲ့ ဒုက္ခသည်စခန်းတွေဆီကို သွားခွင့်မရတာအပြင်၊ LGBT လို့ခေါ်တဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ဥပဒေတွေကို ကျင့်သုံးပြီး အရေးယူမှုတွေ ရှိခဲ့တာကိုလည်း HRW ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org