ဆီဆိုင်မြို့ကို ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားကြောင်း PNFC ပြော
ဆီဆိုင်မြို့ကို PNLO နဲ့ ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေတယ်လို့လည်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးက ပြောပါတယ်။
-
ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2024-01-27 -
-
-
တပ်မတော်နဲ့ ရှစ်နှစ်ကြာအပစ်ရပ်ထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပူးပေါင်းတပ်ဖွဲ့တွေဟာ ဆီဆိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်နေ့က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။
စစ်ပွဲတွေ မကူးစက်အောင် ညှိနှိုင်းပေမဲ့ မပြေလည်တာကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး လူထုက လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်တဲ့အထိ ဘဝတူမဟာမိတ်တွေနဲ့အတူ ဆင်နွှဲသွားမယ်လို့ PNLO က ဇန်နဝါရီ ၂၆ ရက်နေ့မှာ ကြေညာလိုက်တာပါ။
ဒါကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ခေါင်းဆောင်ဟောင်း ခွန်မြင့်ထွန်း ဦးဆောင်တဲ့ PNFC က ကြိုဆိုကြောင်းနဲ့ နိုင်ငံရေး၊ စစ်ရေးကိစ္စတွေအပါအဝင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
PNLO နဲ့အတူ စစ်ရေး၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးက ပြောပါတယ်။
"လက်ရှိဆီဆိုင်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းအပြင် အခုနွေဦးတော်လှန်ရေးမှာ ပါဝင်လာတဲ့ PNLA စစ်ဆင်ရေးအပေါ်မှာ ကျွန်တော်တို့က ကြိုဆိုထောက်ခံတယ်၊ ပြီးရင်လည်းပဲ PNLA နဲ့က ကျွန်တော်တို့ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ လူမှုရေးဆိုတာက လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကြေညာချက်မှာ ကျွန်တော်တို့ ကြေညာထားတာ ရှိပါတယ်"
PNFC က သိမ်းဆည်းထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးအပါအဝင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ပအိုဝ်းပြည်နယ်တည်ဆောက်ရေးအတွက် လက်ရှိကြားကာလကတည်းက ကျင့်သုံးနိုင်အောင် ပအိုဝ်းတိုင်းရင်းသားတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
ဇန်နဝါရီလ ၂၆ ရက်မှာ ဆီဆိုင်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ ၄၂၄ ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က သိမ်းယူခဲ့ပါတယ်။ ဆီဆိုင်မြို့တိုက်ပွဲတွေမှာ PNFC တပ်တွေ၊ PNLA တပ်ဖွဲ့တွေအပြင် ကရင်နီ KNDF ပူးပေါင်းတပ်တွေ၊ ပအိုဝ်းအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF-KK တို့ ပါဝင်တယ်လို့ သိရပါတယ်။
အခုလက်ရှိ ဆီဆိုင်မြို့ကို PNLO နဲ့ ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေတယ်လို့လည်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးက ဆက်ပြောပါတယ်။
"စစ်ရေးအခြေအနေကတော့ ကျွန်တော်တို့ ဆီဆိုင်မြို့ထဲမှာရှိတဲ့ စစ်တပ်တွေ၊ စကစ တပ်ရင်းအပါအဝင် မြို့မရဲစခန်းအပါအဝင် အားလုံးကို ကျွန်တော်တို့ တိုက်ခိုက်စိုးမိုးထားလိုက်ပြီ စစ်တပ် မရှိတော့ဘူး၊ တစ်ဖက်မှာတော့ ထုံးစံအတိုင်းပေါ့လေ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်၊ အဲဒီအပေါ်မှာ လူထုနေထိုင်တဲ့နေအိမ်အဆောက်အဦတွေ မီးလောင်တာရှိတယ်"
စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းပြီး စစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဇန်နဝါရီ ၂၆ ရက်နေ့ ကြေညာချက်ဟာ မြေပြင်အခြေအနေအရ လိုအပ်လို့ ထုတ်ပြန်တာဖြစ်ပြီး၊ စစ်တပ်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ NCA မပျက်ဘူးလို့လည်း RFA ကို ပြောပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့က အစပြုတဲ့ တိုက်ပွဲတွေကနေ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ စစ်ကောင်စီဘက်က ဆီဆိုင်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုတိုက်ခိုက်နေတာကြောင့် မြို့ပေါ်က လူဦးရေ ထက်ဝက်ကျော်ဟာ တောင်ကြီး၊ ဟိုပုန်းနဲ့ မောက်မယ်၊ လင်းခေး စတဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
"တော်တော်များများကတော့ တောင်ကြီးဘက်ကို ရောက်လာတာရှိတယ်၊ တောင်ကြီးဘက်၊ မရောက်ဘက်၊ ဟိုပုံးနဲ့ ပအိုဝ်းနယ်စပ် အဲနားကိုရောက်တဲ့ စစ်ရှောင်တွေလည်း ရှိတယ်ဆိုတော့လေ ခန့်မှန်းဦးရေတော့ ပြောဖို့ နည်းနည်းခက်တယ်၊ ဆီဆိုင်မြို့မှာရှိတဲ့ ထက်ဝက်ကျော်က ရွှေ့တဲ့အခြေအနေမျိုး ဖြစ်တဲ့ဆိုတော့လေ ဦးရေကတော့ ပြောဖို့ခက်တယ်၊ ကျွန်မတို့ လက်ရှိကူပေးနေတဲ့ဟာမျိုးဆိုရင် ကျွန်မတို့ တော်တော်များနေပြီ ထောင်ကျော်ရှိနေပြီ၊ အိမ်တွေမှာ ခွဲပြီးထားတာရှိတယ်၊ တချို့ ဘုရားကျောင်းတွေမှာ ခွဲပြီးထားတဲ့ အခြေအနေမျိုးတွေ ရှိတယ်"
လက်ရှိဆီဆိုင်မြို့ထဲမှာ သက်ကြီးရွယ်အိုတွေ၊ မသွားနိုင်တဲ့လူတွေ အများစုကတော့ ပိတ်မိနေပါသေးတယ်။ တောင်ကြီးမြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ဘေးရှောင်လာသူတွေကို အဝင်မခံတာတွေကြောင့်လည်း တချို့က ထွက်မလာနိုင်သေးတဲ့အခြေအနေ ဖြစ်နေပါတယ်။ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အဝတ်အထည်၊ စောင်နဲ့ အစားအသောက် လိုအပ်နေပါတယ်။
တချို့စစ်ဘေးဒုက္ခသည်တွေဟာ မြို့ပေါ်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရှိတဲ့ နေရာတွေမရောက်ဘဲ တောထဲမှာ ပုန်းနေရတဲ့သူတွေလည်း ရှိပါတယ်။
စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေတိုက်ခိုက်နေတာကြောင့် ပြည်သူတွေကို လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းဖို့ အကူအညီပေးနေတယ်လို့ PNFC ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးက ပြောပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းကနေ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာ ဆီဆိုင်မြို့နယ်ထဲက ဒေသခံတစ်သိန်းဝန်းကျင်နဲ့ ကယားပြည် (ကရင်နီပြည်) က တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်ဟာ ဆီဆိုင်မြို့အနီးက ရွာတွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့တွေဆီကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။