တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဆီဆိုင်မြို့ ထိခိုက်ပျက်စီးမှုများ

နှစ်လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ လေကြောင်းနဲ့ လက်နက်ကြီးကျည် ထိမှန်လို့ မြို့ပေါ်နေအိမ်တွေ အားလုံးနီးပါး ပျက်စီးခဲ့ရပြီး အထပ်မြင့် အဆောက်အအုံအပျက်တွေကြားမှာ ပုပ်ပွနေတဲ့ ရုပ်အလောင်းတွေနဲ့ မြို့ပျက်ကြီးလိုဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျက်စီးသွားခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ Facebook/ Khun Phyoelay

နှစ်လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ လေကြောင်းနဲ့ လက်နက်ကြီးကျည် ထိမှန်လို့ မြို့ပေါ်နေအိမ်တွေ အားလုံးနီးပါး ပျက်စီးခဲ့ရပြီး အထပ်မြင့် အဆောက်အအုံအပျက်တွေကြားမှာ ပုပ်ပွနေတဲ့ ရုပ်အလောင်းတွေနဲ့ မြို့ပျက်ကြီးလိုဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထပ်မြင့် အဆောက်အအုံတွေနဲ့ စည်ကားခဲ့တဲ့ ပအိုဝ်းဒေသ ဆီဆိုင်မြို့ပေါ်က အောင်ချမ်းသာ၊ မြကန်သာ၊ အောင်သပြေ၊ သီရိရပ်ကွက်နဲ့ မြို့မဈေးနေရာတွေဟာ အခုဆိုရင် မီးလောင်ပြင်နဲ့ အုတ်ပုံတွေအဖြစ်သာ မြင်တွေ့ရတော့မှာပါ။

လေကြောင်းနဲ့ လက်နက်ကြီး ကျည်ထိမှန်လို့ ပျက်စီးနေတဲ့ အဆောက်အအုံတွေကြားမှာ ပုပ်ပွနေတဲ့ ရုပ်အလောင်းတွေနဲ့ သုဿာန်တစပြင်ထက်တောင် ဆိုးသွားပြီလို့ စစ်ဘေးတိမ်းရှောင်ရင်း မြို့ကို ခဏပြန်ကြည့်တဲ့ ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“တခြား မီးလောင်ထားတဲ့ မြို့တစ်ခုကို ရောက်နေသလိုပေါ့။ အဆောက်အအုံ ပြိုပျက်တဲ့ကြားမှာ အလောင်းတွေက ရှိနေတာလေ။ ဘယ်ဘက်က အလောင်းတွေရယ်လို့လည်း မမှတ်မိတော့ဘူးပေါ့။ ရုပ်တွေက ပျက်ကုန်ကြပြီ။ လက်ကို ဝက်တွေက ချီလို့ချီ၊ တစ်စစီတွေနဲ့။ ကျွန်တော် ကြားဖူးနားဝရှိတဲ့ ဟိုအရင်က ဝေသာလီပြည် ဘီလူးကျတာလားပဲ။ တော်ရုံတန်ရုံ နှလုံးရောဂါရှိတဲ့လူတွေ ဒီအနိဋ္ဌာရုံကိုတွေ့ရင် ချက်ချင်းတောင် အသက်ထွက်နိုင်တယ်”

အစိုးရ အဆောက်အအုံတွေ၊ မြို့ပေါ်က အထင်ကရ ဘုန်းတော်ကြီးကျောင်းတွေ၊ ခရစ်ယာန်ဘာသာရေးအဆောက်အုံတွေပါ လက်နက်ကြီးထိမှန်လို့ မီးလောင်ပျက်စီးထားတာ တွေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

"တော်ရုံတန်ရုံ နှလုံးရောဂါရှိတဲ့လူတွေ ဒီအနိဋ္ဌာရုံကိုတွေ့ရင် ချက်ချင်းတောင် အသက်ထွက်နိုင်တယ်"

ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဆီဆိုင်မြို့ စစ်တပ်နဲ့ အစိုးရဌာနဆိုင်ရာရုံးတွေကို တိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) တပ်တွေက ဒီမြို့ကိုပြန်ရဖို့ လေကြောင်း၊ လက်နက်ကြီးတွေအပြင် မြေပြင်အင်အား အလုံးအရင်းနဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ထိုးစစ်ဆင်ခဲ့ပါတယ်။

နှစ်လကျော် ကြာပြီးနောက် မတ်လ ၂၅ ရက် နောက်ပိုင်းမှာတော့ ဆီဆိုင်မြို့ မြောက်ဘက်အခြမ်းနဲ့ မြို့ပေါ်ရပ်ကွက် အချို့ကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့ စစ်တပ်ဖွဲ့တွေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် PNLA တပ်ဖွဲ့တွေက မြို့တောင်ဘက်နဲ့ အစွန်ဘက် ကျေးရွာတွေဆီကို ဆုတ်ခွာပေးခဲ့ရပါတယ်။

မတ်လကုန်ပိုင်းမှာတော့ နှစ်ဖက်တပ်တွေ ရက်ပိုင်းလောက် တိုက်ပွဲရပ်စဲချိန်မှာ မြို့ခံတွေက သူတို့ နေအိမ်တွေကို ပြန်ကြည့်ချိန်မှာ တချို့မိသားစုတွေရဲ့ နေအိမ်တွေ မရှိတော့ပါဘူး။

မြကန်သာ ရပ်ကွက်မှာနေထိုင်တဲ့ ကိုမင်းထွန်းကတော့ သူ့ရပ်ကွက်ထဲကို ပြန်ရောက်ချိန်မှာ သူ့နေအိမ် မီးလောင်ပြာကျနေပြီလို့ ပြောပါတယ်။

“ဘာမှ မကျန်တော့ဘူး။ ငိုပြီးတော့ ကြည့်ရုံကလွဲလို့ ကျွန်တော်ဘာမှ မတတ်နိုင်ဘူးပေါ့ဗျာ။ ကိုယ့်ချွေးနဲ့ သွေးနဲ့ ရှာပြီးမှ ဖြစ်ခဲ့တာ။ အခုဆိုရင် ကျွန်တော်တို့က အသက်လေးဆယ်တောင်ရှိပြီ။ နှစ်သုံးဆယ် နီးနီးလောက် မိသားစုတွေ စုပြီးတော့ ရှာထားတဲ့အိမ် ဖြစ်သွားတယ်ဆိုတော့ စိတ်တော့ မကောင်းဘူးပေါ့ဗျာ”

မီးမလောင်ဘဲ ကျန်နေတဲ့ တချို့နေအိမ်တွေ၊ ကုန်စုံဆိုင်တွေနဲ့ စက်ပစ္စည်းဆိုင်တွေလည်း အခွံပဲကျန်တဲ့အထိ ပစ္စည်းတွေ ဖောက်ထွင်း ခိုးယူခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ကျန်ခဲ့တဲ့ စပါး၊ ပြောင်းစတဲ့ လယ်ယာထွက်ကုန်ပစ္စည်း သိုလှောင်နေရာတွေမှာတော့ မိုင်းတွေထောင်ထားခဲ့လို့ ပစ္စည်းပြန်သယ်တဲ့သူတချို့လည်း ထိခိုက်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နေရပ်ပြန်ရင်း ပျောက်ဆုံးသွားတဲ့ လူပေါင်း နှစ်ဆယ်လောက်ရှိပြီး အဲဒီထဲမှာ အောင်သပြေရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်လည်း ပါဝင်ပါတယ်။ မြို့ထဲဝင်လို့ရပြီဆိုတဲ့သတင်းကြောင့် မတ်လ ၂၁ ရက်နေ့မှာ ဆီဆိုင်မြို့ကို သူ့မိတ်ဆွေနဲ့သွားရင်း ပျောက်နေတာလို့ မိခင်ဖြစ်သူ ဒေါ်မာသန်းက ပြောပါတယ်။

“ကျွန်မသားက သွားလိုက်တာ ၂၁ ရက်နေ့က သွားလိုက်တာ အခုချိန်အထိ သတင်းမရတော့ဘူး။ မြို့ထဲကိုလာလို့ရပါတယ်၊ လာခဲ့ပါ၊ အဲလိုကြေညာလိုက်တာပေါ့ဗျာ။ အဲလိုပြောလိုက်တယ်ဆို တချို့ဆိုရင် ရှာလို့ မတွေ့တော့ပြန်ဘူး။ မိန်းမသားတွေဆို ကျည်မှန်တာ၊ ဗုံးမှန်တာနဲ့ သေတဲ့လူဆို သေတယ်၊ အဲလိုပေါ့နော်။ ကျွန်မတို့ကျတော့ သေလား၊ ရှင်လား မပြောတတ်ဘူး။ ပျောက်တာတော့ လူတွေ တော်တော်များတယ်။ ကျွန်မသားနဲ့ အတူတူသွားတဲ့ ကိုဂျွန်မားဆိုတာလည်း ပျောက်သွားတာ”

ဒေသတွင်း အရပ်သားထိခိုက်သေဆုံးမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို မှတ်တမ်းတင်နေတဲ့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ စာရင်းအရ စစ်ရေးပဋိပက္ခတွေကြားမှာ ပျောက်ဆုံးနေတဲ့ လူပေါင်း ခြောက်ဆယ်လောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ နှစ်လကျော်တိုက်ပွဲအတွင်း ဆီဆိုင်၊ ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်တွေမှာ ကလေးငယ်တွေ အပါအဝင် အရပ်သား ၅၈ ဦး သေဆုံးခဲ့ပြီး အယောက် ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အများစုဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ဖြစ်တယ်လို့ PYO က ဖော်ပြထားပါတယ်။

ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်ပေါင်း ခြောက်ရာနီးပါးအထိ ပျက်စီးခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် ကျူးလွန်သူတိုင်းက တာဝန်ခံရမယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး ဒုဥက္ကဋ္ဌ ခွန်ဦးက ပြောပါတယ်။

“အခု ထိခိုက်နစ်နာသွားတဲ့ ပြည်သူတွေ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ အများကြီး ရင်ဆိုင်ကြုံတွေ့နေရတယ်။ ရှာဖွေထားတဲ့ အိုးအိမ်တွေ စည်းစိမ်တွေက ဒီအထွေထွေ အကျပ်အတည်းကာလမှာ ပြန်တည်ဆောက်ဖို့ဆိုတာ မလွယ်တော့ဘူး။ ဆုံးရှုံးသွားတဲ့ အသက်တွေလည်း ပြန်မရနိုင်တော့ဘူး။ ဒါတွေက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါတယ်။ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုအတွက်၊ တရားမျှတမှုရဖို့အတွက် ချိုးဖောက်သူတွေ ဘက်က တာဝန်ခံဖို့ တစ်ကယ်ကို လိုအပ်ပါတယ်”

တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ရှိ အဆောက်အအုံတချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (acebook/ Khun Phyoelay)

စစ်ကောင်စီဘက်ကတော့ ဆီဆိုင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပြီး မြို့ပြန်လည်တည်ဆောက်ရေးကို လုပ်ပြီးနေပြီလို့ ဧပြီလ ၁ ရက်နေ့မှာ ကြေညာပါတယ်။ နေအိမ်တွေ ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်လို့လည်း PNLA တပ်ဖွဲ့တွေရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။

PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံကတော့ ဆီဆိုင်မြို့အတွင်းက ထိခိုက်ပျက်စီးမှုတွေဟာ စစ်ကောင်စီနဲ့ PNO တပ်ဖွဲ့ရဲ့ လက်ချက်လို့ ပြန်လည်တုံ့ပြန်ပါတယ်။

“အခုလက်ရှိ ဆီဆိုင်မြို့ အခြေအနေကတော့ စစ်ကောင်စီရဲ့ ဗုံးတွေနဲ့ကြဲတာ၊ ဒရုန်းတွေနဲ့ကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးတာကြောင့် မြို့ပျက်သဖွယ် ဖြစ်ပွားနေပါတယ်။ မြို့ထဲမှာတော့ စစ်ကောင်စီတပ်တွေရော၊ တော်လှန်ရေး အင်အားစုတွေပါ ရှိနေပါတယ်။ ထိတွေ့ပစ်ခတ်မှုလည်း အမြဲလိုလို ဖြစ်နေပါတယ်”

လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေ ရှိနေတာကြောင့် မြို့ကို ပြန်မလာကြဖို့ ဒေသခံတွေကို ခွန်ရိမ်းယံက သတိပေးထားပါတယ်။

ဆီဆိုင်မြို့တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းမဖြေပါဘူး။

ဆီဆိုင်မြို့ခံတွေကတော့ လနဲ့ချီ နေရပ်စွန့်လာရတဲ့ သူတို့မြို့ကို ပြန်ချင်နေကြပြီး ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေကို ပြန်လည် ရှာဖွေချင်တယ်လို့ ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org