ဖမ်းဆီးခံ ၁၄ ဦးသေဆုံးမှု နိုင်ငံတကာ ဝေဖန်ရှုတ်ချစရာဖြစ်နေ
ဒေသခံတွေကို သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲ AA နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်က ရက်အကန့်အသတ်မရှိ ခေါ်ယူစစ်ဆေးတာ၊ ဖမ်းဆီးနှိပ်စက်တာ၊ ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံးသွားခဲ့တာတွေဟာ နိုင်ငံတကာဥပဒေတွေနဲ့ မကိုက်ညီသလို စစ်ရာဇဝတ်မှု မြောက်တယ်လို့ လူ့အခွင့်အရေးဆောင်ရွက်နေသူတွေက ထောက်ပြကြပါတယ်။
-
2019-07-03 -
-
-
Your browser doesn’t support HTML5 audio
ဒေသခံတွေကို သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲ AA နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်က ရက်အကန့်အသတ်မရှိ ခေါ်ယူစစ်ဆေးတာ၊ ဖမ်းဆီးနှိပ်စက်တာ၊ ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံးသွားခဲ့တာတွေဟာ နိုင်ငံတကာဥပဒေတွေနဲ့ မကိုက်ညီသလို စစ်ရာဇဝတ်မှု မြောက်တယ်လို့ လူ့အခွင့်အရေးဆောင်ရွက်နေသူတွေက ထောက်ပြကြပါတယ်။
AA ကို ရိက္ခာထောက်ပံ့တယ်၊ သတင်းပေးတယ်ဆိုတဲ့ သံသယနဲ့ ဒေသခံတွေကို တပ်မတော်က ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းတယ်ဆိုတဲ့ သတင်းတွေ အမြဲမပြတ်ကြားနေရပြီး ဒါတွေကို ရပ်တန်းက ရပ်သင့်ပြီလို့လည်း ပြည်ပရောက် လူ့အခွင့်အရေးဆောင်ရွက်နေသူတွေက ပြောကြပါတယ်။
ဒီလုပ်ရပ်တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စာချုပ်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြည်ပအဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြကြပေမယ့် တပ်မတော်ကတော့ လက်မခံပါဘူး။
အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦး က - ပြည်တွင်းရေးကိစ္စဖြစ်လို့ နိုင်ငံတကာက ဝင်မစွက်ဖက်ဖို့ပြောပြီး တပ်မတော်က လုပ်ချင်တိုင်း လုပ်နေတယ်လို့ ပြောပါတယ်။
"ပြည်တွင်းရေးကိစ္စဖြစ်တယ်။ နိုင်ငံတကာဝင်မရှုပ်နဲ့ဆိုတဲ့ စကားတစ်ခွန်းနဲ့ နိုင်ငံတကာကို ပိတ်ထားပြီး ပြည်တွင်းမှာ လုပ်ချင်သလို လုပ်နေတာကတော့ တပ်မတော်က သူတို့ကျူးလွန်တဲ့အမှုတွေကျတော့ မြန်မြန်ဆန်ဆန် ဖုံးအုပ်ပြီးတော့ သက်သေဖျောက်ပစ်တဲ့ ကိစ္စရပ်တွေ မြန်မြန်ဆန်ဆန်လုပ်ဆောင်တဲ့အတွက် နိုင်ငံတကာခုံရုံးတင်မယ့် ကိစ္စကတော့ သိပ်ပြီးတော့ လွယ်မယ့်ကိစ္စမဟုတ်သေးဘူးလို့ ကျနော်မြင်တယ်။ သို့ပေမယ့် စစ်ခေါင်းဆောင်တွေရဲ့စစ်အစိုးရတွေရဲ့ ငွေကြေးနဲ့ လက်နက်တင်သွင်းမှုတွေမှာ ပိတ်ပင်မှုတွေ ဖိအားပေးမှုတွေနဲ့ ပိုပြီးတော့ ကြုံလာရလိမ့်မယ်"
ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ဒီနေ့အထိ ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်လို့ သံသယရှိသူ ၉၀ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့တာရှိပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူက ၈ ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ ၃ ဦးရှိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလိုစစ်ဆေးခံရသူတွေထဲမှာ၊ ဒီနှစ် မတ်လကစပြီး၊ ဇူလိုင်လ ၁ရက်နေ့အထိ အနည်းဆုံး (၁၄) ယောက် ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးသွားတာကို RFA က လေ့လာထားတဲ့ သတင်းမှတ်တမ်းစာရင်းတွေအရ သိရပါတယ်။ သေဆုံးသူတွေဟာ မြောက်ဦးမြို့နယ်မှာ ခြောက်ဦး၊ ကျောက်တော်မြို့နယ်မှာ တစ်ဦးနဲ့ ရသေ့တောင်မြို့နယ်မှာ ခုနှစ်ဦး ရှိနေပါတယ်။
ဒီအထောက်အထားတွေကြောင့် နိုင်ငံတကာက တပ်မတော်ကို အရေးယူနိုင်ရေး ပိုမိုဖိအားပေး လုပ်ဆောင်တာတွေရှိလာနိုင်တယ်လို့ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ Fortify Rights အဖွဲ့က နစ်ကီဒိုင်းမွန်း က သုံးသပ်ပါတယ်။
"စစ်တပ်က လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်လေလေ အထောက်အထားတွေ ပိုပြီးတော့ထွက်လာမယ်။ နိုင်ငံတကာကလည်း ဖိအားပေးနေတယ်။ ICC တင်ဖို့လည်း လုပ်နေတဲ့အချိန်မှာ စစ်တပ်က ကိုယ့်လည်ပင်းကို ကိုယ်ကြိုးကွင်းစွပ်သလို ဖြစ်နေတယ်။ AA နဲ့ ဖြစ်တဲ့ကိစ္စမှာ စစ်ရာဇဝတ်မှုကျူးလွန်တာရှိတယ်။ စစ်ဖြစ်နေချိန်မှာ ဖမ်းဆီးချုပ်နှောင်နှိပ်စက်ပြီးတော့ သတ်ဖြတ်တာတွေ ဥပဒေမဲ့သတ်ဖြတ်တာတွေက စစ်ရာဇတ်မှုတွေနဲ့ အကျုံံးဝင်တယ်"
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်လို့ ယူဆချက်ကြောင့် တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့သူတွေ စစ်ဆေးနေစဉ် သေဆုံးသွားခဲ့တာတွေအတွက် နစ်နာသူတွေဘက်က ဥပဒေအရ တိုင်ကြားနိုင်တယ်လို့ RFA ကတဆင့် ပြောထားပါတယ်။
သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေက တပ်မတော်က ညှင်းပန်းနှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဘက်က ငြင်းဆိုတာမရှိဘဲ တိုင်ကြားမယ်ဆိုရင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
နိုင်ငံသားတိုင်းမှာ အခွင့်အရေးရှိတဲ့အတွက် ဥပဒေအရ ဆောင်ရွက်နိုင်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပေမယ့် ရခိုင်ပြည်နယ်အခြေစိုက် တရားလွှတ်တော်ရှေ့နေ တစ်ဦး ဖြစ်တဲ့ ဒေါ်အေးနုစိန်က အခုလို သုံးသပ်ပြောကြားပါတယ်။
"ဥပဒေနဲ့ အညီလုပ်ပေါ့ဆိုတဲ့ စိန်ခေါ်မှုမျိုးတွေကို ကြားလာရတယ်။ အမှန်တရားကို ပေါ်ပေါက်စေချင်တဲ့ ဆန္ဒရှိတယ်။ အန်တီတို့လည်း လုပ်ပေးချင်တယ်။ ဒါပေမဲ့ ဘယ်ကိုသွားတိုင်ရမှာလဲ။ တိုင်ပြီးရင်ရော ဘယ်သူက လုပ်ပေးမှာလဲ။ တိုင်ထားတဲ့အဆင့် လုပ်မပေးနိုင်တဲ့အဆင့်မှာကော ဒီပြည်သူတွေဟာ ဘယ်လောက်ထိ ထိခိုက်နစ်နာမှုတွေကို ရင်ဆိုင်ကြုံတွေ့ရမှာလဲ။ အန်တီတို့ပါတီရဲ့ အစီရင်ခံစာမှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပြီး ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အပြစ်ပေးပါလို့ တောင်းဆိုထားတယ်"
ကုလသမဂ္ဂမှာ UNCAT လို့အတိုကောက်ခေါ်တဲ့ United Nations Convention against Torture ညှင်းပမ်းနှိပ်စက်မှုနဲ့ အခြားလူမဆန်မှုတွေကို ဆန့်ကျင်တဲ့သဘောတူစာချုပ်ကို ၁၉၈၅ ခုနှစ် ဖေဖေါ်ဝါရီလမှာ အတည်ပြုပြဌာန်းခဲ့ပြီး၊ နိုင်ငံပေါင်း ၁၇၀ က အသိအမှတ်ပြုလက်မှတ်ထိုးထားကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့ အဲဒီစာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေရဲ့စာရင်းမှာ မတွေ့ရပါဘူး။
သတင်းအချက်အလက်ဖြစ်ဖြစ်၊ အကြောင်းကိစ္စတစ်ခုခုကိုဖြစ်ဖြစ် ဝန်ခံလာအောင် ရုပ်ခန္ဒာကိုယ်ကို ပဲဖြစ်ဖြစ်၊ စိတ်ကိုပဲဖြစ်ဖြစ် နာကျင်အောင်၊ ဒုက္ခတွေခံစားရအောင် ပြုလုပ်တာကို ညှဉ်းပမ်းနှိပ်စက်မှုလို့ အဲဒီစာချုပ်မှာ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ အဲဒီလိုပြုမူတာကို စာချုပ်က တားမြစ်ထားပါတယ်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က မြန်မာနိုင်ငံအနေနဲ့ ဒီစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးသင့်တယ်ဆိုပြီး သမ္မတထံ တင်ပြထားတယ်လို့ ကော်မရှင် အဖွဲ့ဝင် ဥပဒေပညာရှင် ဒေါက်တာ တင်မေထွန်းက RFA ကို ပြောပါတယ်။
ဒီစာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ မြန်မာနိုင်ငံမှာ ဒီလို ညှဉ်းပမ်းနှိပ်စက်မှုတွေအတွက် ဘယ်လိုအရေးယူနိုင်ပါလဲ။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က -
"ညှဉ်းပန်းနှိပ်စက်မှုဆိုတာလည်း လူ့အခွင့်အရေးချိုးဖောက်တာပဲ။ ဒါပေမဲ့ ဒီဖြစ်စဉ်ဖြစ်ရပ်တွေက ဘာကြောင့် ဖြစ်တယ်ဆိုတာမသိတော့ အပြစ်ရှိတယ်လို့ ပြောဖို့ နည်းနည်းခက်တာပေါ့။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာကို က မည်သူ့ကိုမှ ညှဉ်းပန်းမနှိပ်စက်ရဆိုတာလည်း ရှိတယ်လေ။ နောက်ပြီးတော့ အသက်ရှင်သန်ပိုင်ခွင့်ဆိုတာကလည်း လူ့အခွင့်အရေးပဲလေ။ နောင်အလားတူ ဒါမျိုးမဖြစ်စေဖို့အတွက် ကြေညာချက်ထုတ်ရမလား ၊ နိုင်ငံတော် သမ္မတဆီကို စာရေးရမလား၊ ကာကွယ်ရေးဦးစီးချုပ်ဆီ စာရေးရမလား ဒါတွေက အန်ကယ်တို့က ဆုံးဖြတ်လို့မရသေးဘူး။ အန်ကယ်တို့ တော့ အဲ့ဒီလိုဖြစ်စဉ်ဖြစ်ရပ်တွေကို အခု စုစည်းနေတာပေါ့နော်။ ဒါကို ဘယ်လိုလုပ်သင့်လဲဆိုတာကိုတော့ ကော်မရှင်မှာ စုံညီ အစည်းအဝေးတင်ပြမယ်လို့ အန်ကယ်က စဉ်းစားထားတာပေါ့နော်"
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ မြန်မာ့တပ်မတော်ဘက်က လုပ်ထုံး လုပ်နည်းတွေကို ကျော်လွန်ပြီး အရပ်သားတွေကို သတ်ဖြတ်တာတွေ၊ ဥပဒေမဲ့ဖမ်းဆီးတာတွေ၊ လက်စ ဖျောက်တာတွေရှိခဲ့ပြီး စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေတယ်လို့ ပြောထားပါတယ်။
တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးသွားသူတွေနဲ့ပတ်သက်လို့ နိုင်ငံတကာက မြန်မာ့တပ်မတော်ပေါ် မြင်လာနိုင်တဲ့ အမြင်တွေအပေါ် ဘယ်လို့ထည့်သွင်းစဉ်းစားလဲလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးကြည့်တော့ --
"အကြောင်းအရာတွေ အကုန်လုံးကို ကျနော်တို့က ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတာ လုပ်လို့မရဘူး။ တစ်ခါတလေမှာလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ လေးစားစရာကောင်းတဲ့ အပြုအမှုတွေရှိတယ်။ တစ်ခါတလေမှာတော့ ပုံပြင်ထဲက မြေခွေးစွပ်စွဲသလိုပဲ နင်မဟုတ်ရင် နင်အဖေ နင်အဖေမဟုတ်ရင် နင့်အဘိုးဆိုတဲ့ အာသီသမျိုးရှိရင်တော့ ကျနော်တို့ ဘာမှ မတတ်နိုင်ဘူး။ ကျနော်တို့ အနေနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်။ အတတ်နိုင်ဆုံးဆောင်ရွက်နေတဲ့အတွက် ဥပဒေအတိုင်း ဆောင်ရွက်နိုင်တယ်ဆိုတဲ့ စကားမျိုးပြောတာဖြစ်တယ်"
ဒါကတော့ ရခိုင်ပဋိပက္ခအတွင်း တပ်မတော် ဖမ်းဆီးထားစဉ်နဲ့ ဖမ်းဆီးခံရပြီး သေဆုံးခဲ့သူတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ဝေဖန်ပြောဆိုချက်တွေ ရှိနေတဲ့အကြောင်း စုစည်းတင်ပြလိုက်တာဖြစ်ပါတယ်ရှင်။
(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်)