ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံ တွေ့ခွင့်မရရင် NUG ကို အစားထိုး စဉ်းစားဖွယ်ရှိ
ဒီလကုန်ပိုင်း မြန်မာနိုင်ငံကိုလာရောက်မယ့် အာဆီယံအထူးသံ ပရက်ဆော့ခွန်းကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့ ပေးမတွေ့ဘူးဆိုရင် အမေရိကန်၊ အီးယူနဲ့ အာဆီယံနိုင်ငံတွေဟာ မြန်မာ့အရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုက်ရိုက်ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ အာဆီယံဆိုင်ရာ NUG သံအမတ် ဦးဘိုလှတင့်က ပြောပါတယ်။
- 2022-05-03
-
-
-
မြန်မာနိုင်ငံက အကျပ်အတည်းတွေကို အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်နဲ့ ဖြေရှင်းဖို့ ကြိုးစားတာဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့မှာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ဘုံသဘော တူညီချက် ငါးချက်ထဲက အာဆီယံအထူးသံ ခန့်အပ်ရေး၊ အထူးသံ မြန်မာနိုင်ငံကို လာရောက်ခွင့်ရရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ရေးဆိုတဲ့အချက်တွေကို စစ်ကောင်စီဘက်က လိုက်လျောထားပေမယ့် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးကို တွေ့ခွင့်ရရေးဆိုတဲ့ အဓိက အရေးအကြီးဆုံးအချက်တွေကို အခုအချိန်ထိ အကောင်အထည် မဖော်သေးပါဘူး။
လက်ရှိအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မနေ့ကပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အွန်လိုင်းကတစ်ဆင့်တွေ့ဆုံပြီး အာဆီယံအထူး ကိုယ်စားလှယ် အခုလကုန်ပိုင်း မြန်မာနိုင်ငံကို လာရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌဘက်ကလည်း သက်ဆိုင်သူတွေနဲ့ တွေ့ခွင့်ပေးမယ်လို့ ကတိပေးခဲ့ ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မေလ ၂ ရက် မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ မေးမြန်းရာမှာ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေး၊ မပေး အတိအကျမပြောပါဘူး။
အာဆီယံအထူးသံရဲ့ ခရီးစဉ်မှာ ငြိမ်းချမ်းရေးကိစ္စကို အဓိကထားဆွေးနွေးပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပေးတွေ့မယ်လို့ပဲ ပြောပါတယ်။
"အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်တဲ့အခါမှာ အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့၊ ဒီတစ်ခေါက်မှာတော့ သက်ဆိုင်ရာ အဆင်သင့်ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ကိစ္စတွေ ဆွေးနွေးနိုင်ခဲ့ပါတယ်"
အရင်အကြိမ်တွေတုန်းကတော့ အာဆီယံအထူးသံပဲဖြစ်စေ၊ ဘယ်နိုင်ငံတကာခေါင်းဆောင် ကို ဖြစ်စေ အရေးယူခံထားရသူတွေ၊ အကျဥ်းချခံထားရသူတွေနဲ့ ပေးမတွေ့နိုင်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့ဖူးပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးကတော့ စစ်ကောင်စီဟာ ဒီတစ်ကြိမ်မှာလည်း အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ပေးမှာ မဟုတ်သေးဘူးလို့ သုံးသပ်ပါတယ်။
"လက်ရှိအခြေအနေမှာ အလွန်အကျွံ အင်အားသုံးပြီး စစ်ကောင်စီရဲ့ ဆောင်ရွက် ထားချက်တွေအရ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့ကို အာဆီယံအထူး ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးရဲမယ်လို့ မထင်ပါဘူး။ တကယ်တမ်းဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေး ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အတိုင်း ပြည်သူ့ဆန္ဒနဲ့အညီ အကောင်အထည်ဖော် လိုက်နာဖို့လိုပါတယ်"
အာဆီယံ ဘုံသဘောတူညီချက်တွေ လက်တွေ့ အလုပ်မဖြစ်တာဟာ အဓိက အကောင် အထည် ဖော်ရမယ့် စစ်တပ်က အကြောင်းအမျိုးမျိုးပြပြီး လိုရာဆွဲ လုပ်ဆောင်နေတာ ကြောင့်လို့ အာဆီယံအရေး ကျွမ်းကျင်သူ ဒေါ်မိုးသူဇာက ဝေဖန်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ လက်ရှိအခြေအနေအရ နိုင်ငံတကာဖိအားတွေ တိုးလာတာကြောင့် စစ်ကောင်စီဟာ ဒီတစ်ကြိမ်မှာ အထူး ကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ပေးကောင်းပေးနိုင်တယ်လို့ ခန့်မှန်းပါတယ်။
"စစ်ကောင်စီအနေနဲ့ ထွက်ပေါက်တစ်ခုအတွက် ကြံစည်မယ်ဆိုရင်တော့ သူ တွေ့ခွင့်ပေးလိမ့်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့အခုချိန်မှာ သူ့အနေနဲ့ ရှိနေတဲ့ ပြည်တွင်းအခက်အခဲ၊ နောက် သူ့ရဲ့ နိုင်ငံရေး အကျပ်အတည်း အထူးသဖြင့်တော့ လူတွေရော၊ တစ်ကမ္ဘာလုံးကရော သူ့ကို ဝိုင်းပြီး ဆန့်ကျင်နေတဲ့ အခြေအနေ ပြဿနာတက်နေတဲ့ကိစ္စအတွက်ဆိုရင် သူတွေ့ခွင့် ပေးကောင်း ပေးနိုင်တယ်လို့ ထင်တယ်"
စစ်ကောင်စီဘက်က အာဆီယံအထူးသံကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးဘူး ဆိုရင် အာဆီယံဘက်က NUG ကို တွေ့ဆုံဆွေးနွေးလာနိုင်ခြေ ပိုများတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ယူဆပါတယ်။
"အာဆီယံအနေနဲ့က NLD ခေါင်းဆောင်တွေနဲ့ နစကရဲ့ ကြားထဲမှာ တွေ့ဆုံဖို့အတွက် လမ်းစတစ်ခုခုဖော်ဖို့ အတွက် ဆွေးနွေးတာမျိုး လုပ်ချင်ပုံရတယ်။ နစက ဥက္ကဋ္ဌ ပြောထားတဲ့ဟာက တကယ်ဖြစ်မလာဘူးဆိုရင်တော့ သူက NUG တို့၊ ဘာတို့နဲ့ စကားပြောဖို့ကို ပိုပြီးစဉ်းစားလာနိုင်စရာရှိတယ်"
အာဆီယံအင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က အာဆီယံဘုံသဘောတူညီချက်တွေ တိုးတက်မလာတဲ့အတွက် အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလွတ်သဘော ထိတွေ့ ဆက်ဆံမှုတွေ လုပ်သွားဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို နှစ်ဆတိုးပေးဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းရဲ့ လုပ်ပိုင်ခွင့်တွေကို ပိုခိုင်မာအောင်နည်းလမ်းရှာဖို့ လိုအပ်တယ်လို့ အခုရက်ပိုင်းမှာပဲ နိုင်ငံတကာ သတင်း မီဒီယာတွေကို ထုတ်ပြောခဲ့ပါတယ်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက် တွေကို မေ ၂ ရက် မနေ့က ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။ နောင်မှာ လည်း မလေးရှားအစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေအနေနဲ့ NUG၊ CRPH တို့နဲ့ ထိတွေ့ဆက်ဆံတာမျိုး မလုပ်ဖို့ သတိပေးထားပါတယ်။
တကယ်တော့ အာဆီယံရဲ့ ဘုံသဘောတူချက်တွေကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် သဘောတူခဲ့သလို အမေရိကန်၊ တရုတ်၊ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့ကလည်း ထောက်ခံခဲ့တာပါ။
"ပြည်သူလူထု အသိအမှတ်ပြုထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တိုက်ရိုက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုတွေ၊ ထောက်ခံအားပေးမှု တွေ လုပ်ခြင်းအားဖြင့် ပိုပြီးတော့ လက်တွေ့ကျတဲ့ အဖြေတွေရရှိ နိုင်တယ်ဆိုတာမျိုးကို ကျနော်တို့က တိုက်တွန်းနေပါတယ်"
ဒီလမ်းကြောင်း အလုပ်မဖြစ်တဲ့အတွက် အမေရိကန်၊ အီးယူနဲ့ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပိုထိရောက်မယ့် နည်းလမ်းကို ပြန်စဉ်းစားရွေးချယ်သင့်တယ်လို့ NUG အစိုးရရဲ့ အာဆီယံဆိုင်ရာ သံအမတ် ဦးဘိုလှတင့်က ဆိုပါတယ်။
"အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့အနေနဲ့ရော ကမ္ဘာ့လူ့အဖွဲ့အစည်း တစ်ခုလုံးက အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်နဲ့ အာဆီယံကို ဗဟိုပြုပြီးတော့ အဖြေရှာဖို့ ကြိုးစားမှုဟာ ပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင် လုံးဝ တိုးတက်ဖြစ်ပေါ်မှု မရှိနိုင်ဘူးဆိုတာ ရှင်းလင်းနေတဲ့အတွက် ပြည်သူလူထု အသိအမှတ်ပြုထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုက်ရိုက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုတွေ၊ ထောက်ခံ အားပေးမှုတွေ လုပ်ခြင်းအားဖြင့် ပိုပြီးတော့ လက်တွေ့ကျတဲ့ အဖြေတွေရရှိနိုင်တယ် ဆိုတာမျိုးကို ကျနော်တို့က တိုက်တွန်းနေပါတယ်"
မေရိကန်အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရုရှားနဲ့ ယူကရိန်းစစ်ပွဲမှာ ယူကရိန်း ဘက်ကနေ ထောက်ပံ့ကူညီပေးသလိုမျိုး NUG ကို ပြောင်ပြောင်တင်းတင်း ထောက်ခံပြီး ကူညီလိုက်တာက မြန်မာနိုင်ငံက လက်ရှိအကျပ်အတည်းတွေကို ဖြေရှင်းရာမှာ ပိုပြီးလက်တွေ့ကျမယ်လို့လည်း ဦးဘိုလှတင့်က ပြောပါတယ်။
မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာတော့ အမေရိကန်အစိုးရနဲ့ အာဆီယံ ထိပ်တန်း ခေါင်းဆောင်တွေအကြား ထိပ်သီးဆွေးနွေးပွဲကို မြို့တော် ဝါရှင်တန်ဒီစီမှာ သမ္မတ ဂျိုးဘိုင်ဒင် ကိုယ်တိုင် လက်ခံကျင်းပဖို့ရှိပြီး မြန်မာ့အရေးကိုလည်း အဓိကအချက်အနေနဲ့ ထည့်သွင်းဆွေးနွေးဖို့ စီစဥ်ထားပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံက ဘယ်သူတက်မလဲ ဆိုတာ မသိရသေးပါဘူး။