မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ ဂျပန်ကုမ္ပဏီ ၇၀ ရာခိုင်နှုန်း ဆက်လက်လုပ်ကိုင်မည်

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေတဲ့ကြား စစ်အာဏာပါ ထပ်သိမ်း လိုက်တဲ့အတွက် နိုင်ငံပါ မတည်မငြိမ်ဖြစ်လို့ မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ပေမဲ့ ဂျပန်ကုမ္ပဏီတွေက ဆက်လက်လည်ပတ်နေမယ်လို့ ကျိုဒို သတင်းက ဒီလ ၁၀ ရက်မှာ ဖော်ပြ လိုက်ပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း လုပ်ငန်းခွင် တစ်နေရာကို ၂ဝ၁၅ ခုနှစ်က တွေ့ရစဉ်။ Photo: Reuters

ဂျပန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထား အရေးမယူတဲ့အပြင် စစ်ကောင်စီနဲ့ မိတ်မပျက်ဘဲ စီးပွားရေးလမ်းဖွင့်နေပါတယ်။

ကိုဗစ် ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေတဲ့ကြား စစ်အာဏာပါ ထပ်သိမ်းလိုက်တဲ့အတွက် နိုင်ငံပါ မတည် မငြိမ်ဖြစ်လို့ မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ပေမဲ့ ဂျပန်ကုမ္ပဏီတွေက ဆက်လက် လည်ပတ် နေမယ်လို့ ကျိုဒို သတင်းက ဒီလ ၁၀ ရက်မှာ ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဂျပန်က ငါးနိုင်ငံမြောက် ပြည်ပက အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒီလို လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ဂျပန်ကုမ္ပဏီ ၇၀ ရာခိုင်နှုန်း လောက်က နောက်တစ်နှစ်-နှစ်နှစ်ထိလုပ်ငန်း တိုးချဲ့ ဒါမှမဟုတ် လုပ်ငန်း မပျက်ထားရှိမယ်လို့ JETRO ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့က ပြောတယ်လို့ ဆိုပါတယ်။

ဒါနဲ့ဆက်စပ်လို့ ဂျပန်နိုင်ငံဟာ စီးပွားရေးကိုပဲ ဦးစားပေးတယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဦးငြိမ်းသစ်က ပြောပါတယ်။

JETRO က စစ်တမ်းကောက်တဲ့အခါ ၅၂.၃ ရာခိုင်နှုန်းက လက်ရှိလုပ်ငန်းဆက်လက်လည်ပတ်မယ် ပြောပြီး ၁၃. ၅ ရာခိုင်နှုန်းက လုပ်ငန်းတိုးချဲ့မယ်လို့ ပြောပါတယ်။ ၂၇. ၅ ရာခိုင်နှုန်းက လုပ်ငန်းလျှော့မယ်ပြောပြီး ၆.၇ ရာခိုင်နှုန်းပဲ မြန်မာနိုင်ငံကလုပ်ငန်းတွေ ရုပ်သိမ်းရင် ရုပ်သိမ်း၊ ဒါမှမဟုတ် တတိယတစ်နိုင်ငံမှာ သွားလည် ပတ်မယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ မြန်မာ့စီးပွားရေးအခြေအနေ ဆက်လက်ဆိုးဝါးနေရင်တော့ ဂျပန်ပြည်ပ ရင်းနှီးမြှုပ်နှံ သူတွေ အနေနဲ့ တခြားရွေးချယ်စရာ မရှိတော့ဘဲ လုပ်ငန်း လည်ပတ်နေတာ လျှော့ရင်လျှော့ ဒါမှမဟုတ် ရုပ်သိမ်းရင် ရုပ်သိမ်းဖို့ပဲ ရှိတော့တယ်လို့ ဂျပန်အစိုးရ ကျောထောက်နောက်ခံ JETRO က မနှစ်က ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မနှစ်က သြဂုတ်နဲ့ စက်တင်ဘာမှာ စစ်တမ်းကောက်တဲ့အခါ ကုမ္ပဏီ ၁၈၀ လောက်က တုံ့ပြန်တာကို အခြေခံပြီး အစီရင်ခံစာ ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။ ဂျပန်ကုမ္ပဏီ ၁၀ ခုထက် မနည်း စစ်ကောင်စီနဲ့ စီးပွားရေး တိုက်ရိုက်ဆက်ဆံရင်ဆက်ဆံ၊ ဒါမှမဟုတ် စစ်တပ်အတွက်ဝင်ငွေရမယ့် စီမံချက်တွေမှာ ပါဝင် ပတ်သက်နေတယ်လို့ ကျိုဒိုသတင်းကပဲ မနှစ်က မေမှာ ပြောထားပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ဂျပန်ကုမ္ပဏီတွေကြားဝင်ပေးသူက အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ အစိုးရအဖွဲ့ ဝန်ကြီး ဟောင်းလည်းဖြစ် ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌလည်း ဖြစ်တဲ့ Watanabe ဖြစ်ပါတယ်။ စစ်ကောင်စီအတွက် ဂျပန်အစိုးရကို ကြားပွဲစားလုပ်ပေးတဲ့လူက သြဇာအလွန်ကြီးတယ်လို့ တိုကျိုအခြေစိုက် Myanamar Global Support Foundation က ကိုဘန်နီက ပြောပါတယ်။

ဥရောပနဲ့ အမေရိကန်လို စစ်ကောင်စီကိုဂျပန်က အရေးယူမပိတ်ဆို့ပေမဲ့ အကူအညီသစ်ထပ်မပေးဘဲ အကြမ်းဖက်မှုရပ်ဆိုင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါကို ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ ပြန်စေ့စပ်ဆွေးနွေးဖို့ Watanabe က တိုက်တွန်းနေတာပါ။

စစ်ကောင်စီနဲ့ ဆက်ဆံရေး ကောင်းသူတွေထဲ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ် မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ ကိုယ်စားလှယ်လည်း ဖြစ်တဲ့ မစ္စတာ ဆာဆာကာဝါလည်း ရှိပါသေးတယ်။ သူဟာ မြန်မာနိုင်ငံကို မနှစ်က နိုဝင်ဘာက ရောက်လာပြီး စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် AA- ရက္ခိုင့်တပ်တော် ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပါတယ်။ မစ္စတာ Watanabe က တော့ အမေရိကန်ဒေါ်လာ ၄၂ သန်းတန် ကုန်တိုက်ကြီးမှာ ရင်းနှီးမြှုပ်နှံဖို့လည်း ကြိုးစား နေသူပါ။

မစ္စတာ ဆာဆာကာဝါနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နိုဝင်ဘာ ၁၃ ရက်နေ့က တွေ့ဆုံစဉ်။ (Photo: Myanmar Military)

ဂျပန်နိုင်ငံသားတွေ ထည့်ဝင်ထားတဲ့ ရင်းနှီးငွေတွေနဲ့ Mr. Watanabe တို့က အကောင်အထည်ဖော်ဖို့ ကြိုးစား နေတဲ့ Y Complex ကုန်တိုက်နဲ့ အိမ်ယာစီမံကိန်း အပါအဝင် တခြားရင်းနှီးမြှုပ်နှံမှုတွေ၊ မြေယာငှားရမ်းမှု တွေကနေ စစ်ကောင်စီက ဒေါ်လာသန်းချီပြီး ရနေတယ်လို့ Justice for Myanmar ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီလို မြန်မာစစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ဆန္ဒပြသူတွေထဲ Myanamar Global Support Foundation က ကိုဘန်နီလည်း ပါဝင်ပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံတဲ့ အရှိန်မြင့်တက်လာပြီး သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် စီးပွားရေးလုပ်ငန်း အမျိုးမျိုး ကနေ ချေးငွေ ယန်း ဘီလီယံ ၁၀၀၀ နီးပါး ရပါတယ်။

မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူရေးထောက်ပံ့တဲ့ စစ်ထောက်ချုပ်ရုံး (ကကထောက်) ကို အိုဆာကာအခြေစိုက် Daiwa House Industry ရဲ့ ကုမ္ပဏီခွဲ Fujita Corporation၊ Tokyo Tatemono အပါအဝင် ဂျပန်ကုမ္ပဏီတွေနဲ့ Japan Overseas Infrastructure Investment Corporation for Transport & Urban Development (JOIN) တို့ဟာ စစ်ထောက်ချုပ်ရုံးကို နှစ်စဉ်ငှားရမ်းခ အမေရိကန်ဒေါ်လာ (၁.၈) သန်းကျော် ပေးချေနေတယ်လို့ Justice for Myanmar က ပြောပါတယ်။

ဂျပန်-မြန်မာ ဆက်ဆံရေး သမိုင်းပြန်ကြည့်ရင် ဂျပန်စစ်ပြန်အဖွဲ့ငယ်လေးက မြန်မာနိုင်ငံရဲ့ ပုံရိပ်ကောင်းကို ဂျပန်နိုင်ငံမှာ လူသိများအောင်လုပ်ခဲ့တာပါ။ ဂျပန်တွေ စစ်ရှုံးတဲ့အခါ ကင်ပေတိုင်မှာ မြန်မာတွေ နှိပ်စက်ခံရတာကို အမှတ်မထားဘဲ ကူညီသူတွေရှိခဲ့ပြီး စစ်ပြန်တွေကလည်း ဂျပန်ပြန်ရောက်တဲ့အခါ မြန်မာကျောင်းသားတွေကို ပညာတော်သင်ဆုချီးမြှင့်ပါတယ်။

ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးတဲ့ ဂျပန်တွေရော လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံပါ စစ်လျော်ကြေးကိစ္စအတွက် ၁၉၅၀ ပြည့်လွန်အစောပိုင်းနှစ်မှာ သဘောတူညီချက် အမြန်ရယူဖို့လိုပါတယ်။ ဂျပန်စီးပွားရေး ပြန်ထူထောင် ဖို့ အရှေ့တောင်အာရှက ပို့ကုန်ဈေးကွက်နဲ့ သဘာဝသယံဇာတက အခွင့်အလမ်းတစ်ရပ် ဖြစ်ပြန်ပါတယ်။ မြန်မာနိုင်ငံကလည်း စစ်ဘေးသင့်ခဲ့ပြီး ဘဏ္ဍာရေး အကူအညီလိုပါတယ်။

ဒီလိုနဲ့ မြန်မာ-ဂျပန်စစ်လျော်ကြေး သဘောတူညီချက်ဟာ တခြားအရှေ့တောင်အာရှနိုင်ငံတွေအတွက်ပါ ၁၉၅၄ မှာ စတင်တဲ့ ODA ဖွံ့ဖြိုးရေး အစီအစဉ်ဆိုင်ရာ စံနမူနာ ဖြစ်လာပါတယ်။

ဒီလို သမိုင်းရှိခဲ့ပေမဲ့ စီးပွားရေးတစ်မျက်နှာနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ စစ်ကောင်စီနဲ့ မိတ်ဖက်လုပ်ရုံမက ကန့်ကွက်သံတွေကြားက မြန်မာနိုင်ငံကို အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်းဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီး ဟွန်ဆန် မကြာခင်ကလာရောက်ခဲ့တာကို အပြုသဘောဆောင်တဲ့ ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ကောင်းချီးပေးလိုက်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org