ကလေးမှာ လက်နက်ကြီးကြောင့် ခြောက်ဦးသေဆုံးပြီး ဆယ်ယောက်ကျော်ဒဏ်ရာရ
ကလေးမြို့နယ် မော်စီရွာနဲ့ ဆည်ကြီးရွာမှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ခြောက်ဦးသေဆုံးပြီး ဆယ်ယောက်ကျော်ဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2024-04-07 -
-
-
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မော်စီရွာနဲ့ ဆည်ကြီးရွာမှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ခြောက်ဦးသေဆုံးပြီး ဆယ်ယောက်ကျော်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဧပြီလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဆည်ကြီးရွာဘက်ကို စစ်ကြောင်းထိုးချိန် ဆည်ကြီး၊ မော်စီ၊ ဟံသာရွာနဲ့ ပြည်တော်ရွာတွေဘက်ကို လက်နက်ကြီးအပြင် ဒရုန်းနဲ့ပါပစ်ခဲ့တာလို့ ဆိုပါတယ်။
“ဘာတိုက်ပွဲမှမဖြစ်ဘူး ဒီအတိုင်း အလွတ်ပစ်တာ။ အခု ဆုံးရှုံးတဲ့သူတွေကလည်း အရပ်သားစစ်စစ်တွေ"
ဒဏ်ရသူတွေကိုတော့ အနီးနားကရွာတွေမှာပဲ လူထုအခြေပြု ကျန်းမာရေးအဖွဲ့စည်းတွေက ဆေးကုသမှု ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ရော ဒရုန်းနဲ့ပါပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘာတိုက်ပွဲမှမဖြစ်ဘူး ဒီအတိုင်း အလွတ်ပစ်တာ။ အခု ဆုံးရှုံးတဲ့သူတွေကလည်း အရပ်သားစစ်စစ်တွေ။ အဲဒီအထဲက ကွယ်လွန်တဲ့သူတစ်ယောက်ကို ဒီဘက်ကို သယ်ထုတ်လာလို့ သိလိုက်ရတယ်။ ကျွန်မတို့ အဲအနားကိုကပ်လို့ သိပ်အဆင်မပြေဘူး။ မသင်္ဂြိုဟ်ရဘဲ ကျန်နေတဲ့သူတွေ ရှိနိုင်တယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိနိုင်တယ်”
သေဆုံးခဲ့တဲ့အထဲက အသက် ၄၁ နှစ်အရွယ် ဦးဗျက်ရွန်ဆမ်းဆိုသူရဲ့အလောင်းကိုတော့ ဧပြီလ ၆ ရက်မနေ့က သယ်ထုတ်လာနိုင်ခဲ့ပေမယ့် ဒီနေ့ မော်စီရွာနားမှာ တိုက်ပွဲဖြစ်နေတာကြောင့် ကျန်တဲ့အလောင်းတွေကို သယ်လို့မရသေးဘူးလို့ ဆိုပါတယ်။
ဧပြီလ ၄ ရက်နေ့ကစပြီး အဲဒီတစ်ဝိုက်မှာ ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသလို ဒီနေ့မနက်အထိ တိုက်ပွဲလည်းဖြစ်နေတာကြောင့် သေဆုံးထိခိုက်သူတွေရဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
လက်ရှိချိန်အထိ ကလေးမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တိုက်ပွဲတွေ နေ့တိုင်းလိုလိုဖြစ်နေတယ်လို့ ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲတွေက ရှိနေပါတယ်။ နေ့တိုင်းလိုလို မနေ့ကလည်းရှိတယ်။ အခုက ကလေးမြို့တောင်ပိုင်းက မကွေး ဂန့်ဂေါနယ်နဲ့ မကွေးတိုင်း အစပ်ပေါ့။ အဲဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ မြောက်ပိုင်းဘက်မှာလည်း ဖြစ်နေတယ်"
တိုက်ပွဲပြင်းထန်လာပြီး နောက်ပိုင်းကတည်းက ရွာတွေဘက်ကို စစ်ကောင်စီတပ်က လေကြောင်းရော၊ လက်နက်ကြီးနဲ့ပါ မကြာခဏ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဆည်ကြီး၊ မော်စီ၊ ဟံသာ၊ ပြည်တော် စတဲ့ရွာတွေက ဒေသခံတွေ အားလုံးနီးပါး ဘေးလွတ်ရာထွက်ပြေးနေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) စစ်ဌာနချုပ်နှစ်ခု အထိုင်ချထားတဲ့ ကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့စပြီး ကာကွယ်ရေးတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာပါ။
RFA က ပြုစုထားတဲ့ စာရင်းအရ ကလေးမြို့မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ဧပြီလ ၇ ရက်ဒီနေ့အထိ တိုက်ပွဲအတွင်းနဲ့ လက်နက်ကြီးနဲ့ လက်နက်ငယ်ကြောင့် ဒေသခံ ခြောက်ဆယ်ဝန်းကျင် သေဆုံးခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဧပြီလ ၄ ရက်နေ့အထိ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။