ပြည်တွင်းစစ်ကြောင့် လူငယ်တွေ မပါဝင်နိုင်တဲ့ ကရင်နီရိုးရာ တံခွန်တိုင်ပွဲတော်

ကရင်နီမျိုးနွယ်စုတွေ အထွတ်အမြတ်ထားတဲ့ ရိုးရာ ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင်ပွဲတော်ကို နှစ်စဥ် အခုလို မတ်လနဲ့ ဧပြီလတွေမှာ ကျင်းပလေ့ရှိပါတယ်။

ကရင်နီရိုးရာ တံခွန်တိုင်ပွဲတော်ကို ၂၀၁၈ ခုနှစ်မှာ ကျင်းပခဲ့စဥ်

ကရင်နီမျိုးနွယ်စုတွေ အထွတ်အမြတ်ထားတဲ့ ရိုးရာ ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင်ပွဲတော်ကို နှစ်စဥ် အခုလို မတ်လနဲ့ ဧပြီလတွေမှာ ကျင်းပလေ့ရှိပါတယ်။

ဘိုးဘွားအဆက်ဆက် အစဥ်အလာကြီးလှတဲ့ ဒီရိုးရာပွဲကို တိုင်းပြည်ငြိမ်းချမ်းနေစဥ်က ကရင်နီမျိုးနွယ်စုတွေရဲ့ ကျေးရွာတိုင်းမှာ တစ်ရွာချင်းစီအလိုက် ကျင်းပကြသလို ပြည်နယ် တစ်ခုလုံး စုပေါင်းပြီးတော့လည်း ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကယားပြည်နယ်တစ်ခုလုံး အတိုင်းအတာနဲ့ စုပေါင်းပွဲတော် မလုပ်နိုင်တာ နှစ်နှစ်ရှိပါပြီ။

တချို့ကျေးရွာတွေမှာတော့ ရိုးရာအစဥ်အလာကို သက်ဝင်ယုံကြည်တဲ့ ရပ်မိရပ်ဖတွေ၊ သက်ကြီးရွယ်အိုတွေက စစ်ဘေးရှောင်နေတဲ့နေရာကနေ ဇာတိကျေးရွာတွေကို တိတ် တဆိတ်ပြန်လာပြီး တံခွန်တိုင်ပွဲတော်ကို အကျဥ်းရုံး ပြုလုပ်ကြပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေါတငူး ကျေးရွာမှာ ပြီးခဲ့တဲ့ သင်္ကြန်ရက်တွေ တုန်းက ကေ့ထျိုးဘိုး ပွဲတော်ကို အကျဥ်းရုံး ပြုလုပ်ခဲ့ပြီး ကရင်နီလူငယ်တွေ မပါဝင် နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဦးဗျားလော်က ပြောပါတယ်။

"ပစ်ကြခတ်ကြတဲ့အချိန်ဖြစ်နေတာကြောင့် ကျနော်တို့ အနည်းအကျဉ်းပဲ လုပ်နိုင် တော့တယ်။ ဗုံမောင်းတွေနဲ့ တီးမှုတ်၊ ကခုန်တာတွေ မလုပ်ကြတော့ဘူး။ လူငယ်တွေ လည်း မရှိကြတော့ ဒီလိုပဲ ရွာမိရွာဖတွေ၊ ကျန်ခဲ့တဲ့ လူအိုတွေနဲ့ပဲ ရိုးရာအစဉ်အလာ မပျက်ရအောင်လို့ပဲ ပူဇော်ပသကြရတယ်။ အရင့် အရင်နှစ်တွေတုန်းကဆိုရင် လူငယ်တွေနဲ့ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် တစ်ရွာနဲ့ တစ်ရွာ ကူးပြီး လုပ်ခဲ့ကြတယ်။ အဖွဲ့လိုက်ရိုးရာ ဝတ်စုံတွေနဲ့ ဗုံမောင်းလွယ်ပြီး တစ်ရွာနဲ့ တစ်ရွာ သွားပြီးတော့ ကပြပူဇော်ပသတာတို့ လုပ်ခဲ့ကြတယ်။ အခုတော့ လူအိုတွေ တစ်ယောက်စ၊ နှစ်ယောက်စနဲ့ပဲ အဖြစ်လုပ်လိုက်ရတော့ စိတ်မသက်မသာ ဖြစ်ကြရတာပေါ့။"

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေရဲ့ သင်္ကြန်ကာလနဲ့ အချိန်ကိုက်ကျင်းပတဲ့ ကရင်နီရိုးရာ ကေ့ထျိုးဘိုးပွဲတော်မှာ တံခွန်တိုင်နဲ့ ဆင်တူတဲ့ ကေ့ထျိုးဘိုးတိုင်အသစ်ကို ကရင်နီ အမျိုးသားတွေက သယ်ယူလာပြီး အမျိုးသမီးတွေက ငြိမ်းချမ်းပါစေကြောင်း ဆုမွန်ကောင်း တောင်းပြီး ရေပက်ဖျန်းလေ့ရှိပါတယ်။

ကေ့ထျိုးဘိုးတိုင်တော် စိုက်ထူချိန်ဆိုရင်တော့ ကရင်နီအမျိုးသားတွေက ဗုံမောင်းတွေနဲ့ ကခုန်တင်ဆက်ကြပြီး အမျိုးသမီးနဲ့ ကလေး လူကြီးပါမကျန် ရေပက်ဖျန်းကြပါတယ်။

ကယားဘာသာစကားနဲ့ ကေ့ထျိုးဘိုး လို့ခေါ်တဲ့ တံခွန်တိုင်သစ် စိုက်ထူခြင်း ဒါမှမဟုတ် ကေ့ထျိုးဘိုးအဟောင်းကို ပြန်လည်မွမ်းမံပြီး ထီးသစ်တင်ခြင်းကို ကယားဘာသာစကား အရ "တျားအီလူးဒူ" ပွဲတော်လို့ ကရင်နီ စာရေးဆရာ ထဲဘူးဖဲ ရဲ့ “ကရင်နီလူမှုအဆောက် အအုံ၏ မိရိုးဖလာအယူအဆနှင့် ရိုးရာယဉ်ကျေးမှု” စာအုပ်မှာ ဖော်ပြထားပါတယ်။ "တျား" ရဲ့ အဓိပ္ပာယ်က အသိအမှတ်ပြုခြင်း၊ "လူး" ရဲ့ အဓိပ္ပာယ်က လှူဒါန်းခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကေ့ထျိုးဘိုး ပွဲတော် ခေါ် "တျားအီလူးဒူ" ပွဲတော်ဟာ အသိအမှတ်ပြု လှူဒါန်းတဲ့ ပွဲတော် ဖြစ်ပါတယ်။

ကေ့ထျိုးဘိုး တိုင်တော် ခုတ်ယူရာမှာလည်း ဖြောင့်တန်းပြီး အနာအဆာမရှိတဲ့ ကျွန်းပင် သို့မဟုတ် သပြေပင်ကို ရှာပြီး ဖြူစင်အောင် ထုံးသုတ်ရပါတယ်။

ဒါဟာ ကရင်နီလူမျိုးတွေရဲ့ ရိုးသားဖြောင့်မတ်မှုနဲ့ ဖြူစင်ခြင်း အဓိပ္ပာယ်လို့ ဦးဒဲရယ်က ရှင်းပြပါတယ်။

"ကျနော်တို့ အခုလုပ်နေတဲ့ ရိုးရာဓလေ့က ဖြူစင်သန့်ရှင်းစင်ကြယ်အောင်နဲ့ ရိုးသား ဖြောင့်မတ်အောင် ပြုလုပ်နေရခြင်းပဲ ဖြစ်ပါတယ်။ ကေ့ထျိုးဘိုး တိုင်တွေကို ထုံးနဲ့ သုတ်ထားတာဟာ ဖြူစင်သန့်ရှင်းစင်ကြယ်အောင်လို့ နောက်ပြီး ကေ့ထျိုးဘိုးတိုင် ဖြောင့်တန်းနေတဲ့တိုင်တွေကို ရွေးချယ်ရတာက ရိုးသားဖြောင့်မတ်အောင်လို့ ဖြစ်တယ်။ တန်းခိုးရှင်က ကျနော်တို့ကို ချမှတ်ပေးခဲ့တဲ့အတွက် ကျနော်တို့ လက်ဆင့်ကမ်း လုပ်ရခြင်းဖြစ်ပါတယ်။"

"အခုလုပ်နေတဲ့ ရိုးရာဓလေ့က ဖြူစင်သန့်ရှင်းစင်ကြယ်အောင်နဲ့ ရိုးသားဖြောင့်မတ်အောင် ပြုလုပ်နေရခြင်းပဲ"

ကမ္ဘာမြေရဲ့ ပိုင်ရှင်ဖြစ်တဲ့ နတ်ဘုရားရဲ့ ကျေးဇူးတော်ကို ရိုသေလေးစားသောအားဖြင့် အလှူအတန်းတွေနဲ့ ပူဇော်ပသ ကောင်းမှုကုသိုလ်ယူတဲ့အတွက် ရာသီဥတုမှန်မယ်၊ ရောဂါဘယ ကင်းရှင်းစေမယ်၊ ဆန်ရေစပါး ပေါကြွယ်ဝမယ်၊ သဘာဝဘေးတွေ ကင်းဝေးမယ်လို့ ကရင်နီမျိုးနွယ်စုတွေက ယုံကြည်ထားပါတယ်။

အစဥ်အလာကြီးတဲ့ ဒီရိုးရာပွဲတော်ကို ဘယ်လောက်အခက်အခဲရှိရှိ ဆက်လုပ်သွားမယ်လို့ ဦးရှေးဖဲက ပြောပါတယ်။

"ကျနော်တို့ဆက်လုပ်ရမှာပဲ၊ ပြီးတဲ့နေ့အထိ အပြီး ဆက်ပူဇော်ရပါမယ်။ နှစ်စဥ် နှစ်တိုင်း ကျနော်တို့ လုပ်လာ ခဲ့ကြတယ်။ အခုလည်း လုပ်တယ်။ တစ်ခါမှ မချန်ထားဖူးဘူး။ အရင်ဘိုးဘွားတွေ လက်ထက်ကတည်းက လုပ်လာခဲ့တာ၊ ခုထိလည်း ဆက်ထိန်းသိမ်းနေရမှာပဲ။"

၂၀၁၈ ခုနှစ်တွင် ကရင်နီပြည်နယ်မှာ ကျင်းပခဲ့သည့် တံခွန်တိုင်ပွဲတော်ကို တွေ့ရစဥ် (Photo: RFA)

ကယားပြည်နယ်တစ်ခုလုံး ငြိမ်းချမ်းခဲ့တဲ့ အရင်နှစ်တွေကဆိုရင် ပြည်နယ်အဆင့် စုပေါင်းရိုးရာ ကေ့ထျိုးဘိုး ပွဲတော်ကျင်းပတဲ့အခါ ရပ်ဝေးရပ်နီးက ကျေးရွာအသီးသီးကို ဖိတ်ခေါ်ပြီး တွေ့ဆုံပွဲ၊ အခမ်းအနား၊ ကရင်နီ ရိုးရာယဉ်ကျေးမှု အတီးအမှုတ်၊ အကအခုန် တွေအပြင် ဈေးပွဲတော်နဲ့ အားကစားပြိုင်ပွဲတွေပါ ထည့်သွင်းကျင်းပခဲ့တာပါ။

မကြာသေးခင်ကမှ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက နန်းမယ်ခုံ တိုက်နယ် မှာဆိုရင် နှစ်တိုင်း ကေ့ထျိုးဘိုးရိုးရာ ကျင်းပလေ့ရှိတဲ့ ကျေးရွာ ၁၂ ရွာရှိတဲ့အနက် ဒီနှစ်မှာ နှစ်ရွာပဲ ကျင်းပနိုင်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစဥ်အလာကြီးတဲ့ ဒီပွဲတော်ကို စည်စည်ကားကား ပြန်ကျင်းပချင်တယ်လို့ နန်းမယ်ခုံ မြို့သား ကေးရယ်က ပြောပါတယ်။

"စိတ်မကောင်းဘူးပေါ့နော်။ ရိုးရာ တစ်နှစ်မှ တစ်ခါ ကျနော်တို့ရဲ့ ရိုးရာပွဲမှာ လူစုံတက်စုံ မလုပ်နိုင်တဲ့အတွက်ကြောင့် တကယ်ကို စိတ်မကောင်းဘူးပေါ့နော်။ ကျနော်တို့ ဒီရိုးရာပွဲတွေကို ခါတိုင်း ခါတိုင်းနှစ်တွေလို၊ အရင်နှစ်တွေလို စည်ကား သိုက်မြိုက်စွာ ပြန်ပြီးကျင်းပချင်တယ်။ အဲဒါကြောင့် ဒီတော်လှန်ရေးကို အမြန်ဆုံး ပြီးမြောက်အောင် ကျနော်တို့ လုပ်ချင်ပါတယ်။"

ဒီနှစ်ပွဲတော်တွေကို ပြည်တွင်းမှာ စည်စည်ကားကား မကျင်းပနိုင်ခဲ့ပေမယ့် ထိုင်း-မြန်မာနယ်စပ်က ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) မှာတော့ သူ့ရပ်ကွက်နဲ့သူ ကျင်းပခဲ့ပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ် ကျော်အတွင်း စစ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ကရင်နီစစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါး ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org