ကော့ကရိတ် ရဲလှည့်ကင်းကား တိုက်ခိုက်ခံရ၊ လေးဦး သေဆုံး
2019.11.12

ကျုံဒိုးမြို့ပေါ်မှာ မနေ့ညက လုံခြုံရေးကင်းလှည့်နေတဲ့ကားပေါ်ကို ဆိုင်ကယ်စီးလာသူတစ်ဦးက လက်ပစ်ဗုံးနဲ့ပစ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းကိုခိုင် က ပြောပါတယ်။
“လက်ရှိကတော့ ရဲက သုံးယောက်ဆုံးတယ်၊ အရပ်သား တစ်ယောက်ဆုံးတယ်၊ လုပ်ကြံတာတော့ ဘာမှအတိအကျ မသိရသေးဘူး၊ လှည်ကင်းလှည့်နေတဲ့ကားထဲ လက်ပစ်ဗုံးပစ်ထည့်သွားတာ၊ တခါမှဒီလိုမျိုးမကြုံဖူးဘူး ကျနော်တို့ လည်း အံသြသွားတာပေါ့ ဒါကြီးဟာ ဘယ်လို့ကနေဘယ်လိုဖြစ်သွားတယ်ဆိုတာ ကျနော်တို့လည်း သိချင်နေတာ”
ရဲတပ်ဖွဲ့ကို ဗုံးခွဲတိုက်ခိုက်တာ ဘယ်သူဘယ်ဝါ ဆိုတာ မသိရသေးကြောင်း၊ တိုက်ခိုက်သူကို ဖမ်းဆီးရမိရေး တာဝန်ရှိသူတွေ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ဦးမင်းကိုခိုင်က ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ကျုံဒိုးရဲစခန်းက ရဲအုပ်၊ ဒုရဲအုပ်နဲ့ ဒုတပ်ကြပ်တို့ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ရှစ်ဦးထဲမှာ စခန်းမှူးနဲ့ ရဲတစ်ဦး ပါဝင်ပြီး သူတို့ကို ဘားအံပြည်သူဆေးရုံမှာ ကုသမှု ပေးနေတယ်လို့ သိရပါတယ်။
မနေ့က ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့တဲ့သူတွေ၊ ထိခိုက်ဒဏ်ရာသူတွေကို ကူညီခဲ့ရကြောင်း ကျုံဒိုးမြို့ လူမှုကူညီရေးနဲ့ နာရေးကူညီမှုအသင်းမှ ဦးအောင်ကျော်ဦးက ပြောပါတယ်။
“ထိခိုက်ဒဏ်ရာရ သေဆုံးရှိတယ်လေ၊ ကျနော်တို့က သူတို့ကိုလိုက်ပို့ပေးရတာ၊ ရဲဝန်ထမ်း သုံးဦး၊အရပ်သား တစ်ဦး Dead body ပေါ့၊ ဒဏ်ရာရတာတွေရှိတယ် ရှစ်ယောက်ပေါ့၊ အစလေးတွေ ပိတ်မှန်တာရှိတယ်၊ စိုးရိမ်ရတဲ့သူတွေ တော့မရှိဘူး”
လှည်ကင်းလှည့်နေတဲ့ကားထဲ လက်ပစ်ဗုံးပစ်ထည့်သွားတာ
သေဆုံးခဲ့တဲ့သူတွေရဲ့ မိသားစုဝင်တွေကို ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ သွားရောက်အားပေးစကားပြောခဲ့ပြီး တစ်ဦးကို ၆ သိန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ကျုံးဒိုးမှာ ဒီလိုလုပ်ကြံမှုမျိုး အရင်က မဖြစ်ဖူးဘူးလို့ ဒေသခံ ကိုမြင့်ဇော် က ပြောပါတယ်။
“ဘာမှအတိအကျမသိဘူး တန်ဆောင်တိုင်ညဆိုတော့ လူတွေစည်ကားနေတာ သွားလာနေကြတော့ ဘယ်သူ ဘယ်ဝါဆိုတာ အတိအကျမသိဘူး၊ ကျနော်တို့နေတာတသက်ရှိပြီ နှစ်ပေါင်းလေးဆယ်ကျော်ပြီ အဲလိုမျိုးတခါမှ မဖြစ်ဖူးဘူး”
အောက်တိုဘာလဆန်းတုန်းကလည်း ကော့ကရိတ်မြို့ပေါ်မှာ DKBA လက်နက်ကိုင်အဖွဲ့ရဲ့ ဒုတပ်ရင်းမှူးတစ်ဦး သူ့ နေအိမ်မှာ လုပ်ကြံခဲ့ရပါတယ်။ အဲဒီအမှုရဲ့ သေနတ်သမားကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ကော့ကရိတ်မြို့နယ်ဘက်မှာ အခုလိုဖြစ်စဉ်တွေကြောင့် တရားဥပဒေစိုးမိုးမှုကို ဝေဖန်ပြောဆိုပြီး အရပ်သားတွေ လုံခြုံရေးကို စိုးရိမ်လာကြပါတယ်။
ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးကတော့ အရပ်သားတွေအနေနဲ့ လုံခြုံမှုရှိကြောင်း၊ လက်နက်ကိုင်တွေ အချင်းအချင်း ပဋိပက္ခဖြစ်တာမျိုးသာ ရှိကြောင်း ပြောပါတယ်။
“သာမန်လူတွေအတွက်ကတော့ ပြဿနာမရှိဘူး၊ ကျနော်တို့လည်း ကိုယ်စားလှယ်တယောက်အနေနဲ့ တယောက်ထဲလျှောက်သွားနေတာပဲ၊ ကျနော်တို့မြို့တွေမှာ အားလုံးက NCA လည်း ထိုးထားတယ်ဆိုတော့ ကျနော့်အမြင်က တရားဥပဒေစိုးမိုးတယ်လို့ပြောလို့ရတယ်၊ ဒါပေမဲ့ ဥပဒေကို လက်တလုံးခြားလုပ်တဲ့သူတွေ အချင်းချင်း ပြဿနာဖြစ်တာတွေတော့ရှိတယ်”
ကျုံဒိုးမှာ ဗုံးပေါက်ကွဲတာကြောင့် ရဲတပ်ဖွဲ့တွေအပါအဝင် အရပ်သားသေဆုံးတာတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်ရဲတပ်ဖွဲ့ရဲမှူး ကြီးအောင်မြတ်မိုး အပါအဝင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတချို့ကို RFA မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရသေးပါဘူး။
ကရင်ပြည်နယ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ လှုပ်ရှားတဲ့ ဒေသဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီတိုက်ပွဲဖြစ်ခဲ့တဲ့ ဒီဒေသဟာ ထိုင်းနယ်စပ်နဲ့လည်း ထိစပ်နေပြီး လက်နက် တရားမဝင် ရောင်းဝယ်ကိုင်ဆောင်မှုများပြားတဲ့ဒေသလည်း ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်က ရန်ကုန်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်သူ အသုံးပြုခဲ့တဲ့ လက်နက်ငယ် နှစ်လက်နဲ့ ကျည်ဆံတွေဟာ ကရင်ပြည်နယ်မှာ ၅၅ သိန်းနဲ့ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ၂၀၁၇ ဖေဖော်ဝါရီလ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။