ကချင်ဒေသ စခန်း နှစ်ခုအတွက် တပ်နဲ့ KIA အငြင်းပွားနေ

ကချင်ပြည်နယ် မေခမြစ် အရှေ့ဘက်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA စခန်းနှစ်ခုကို ဖယ်ရှားပေးဖို့ တပ်မတော်က တောင်းဆိုထားပါတယ်။

KIA တပ်ဖွဲ့ဝင်တချို့ စစ်ရေးလေ့ကျင့်နေစဉ် Photo: RFA

ကချင်ပြည်နယ် မေခမြစ် အရှေ့ဘက်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA စခန်းနှစ်ခုကို ဖယ်ရှားပေးဖို့ တပ်မတော်က တောင်းဆိုထားပါတယ်။

နိုင်ငံရေးလေ့လာသူတွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင်တွေကတော့ ဒီတပ်စခန်းနှစ်ခုနဲ့ ပတ်သက်ပြီး ဆက်လက် အငြင်းပွားနေရင် တုံ့ဆိုင်းနေတဲ့ နှစ်ဘက်ဆွေးနွေးပွဲကို ထိခိုက်နိုင်တဲ့အပြင် တိုက်ပွဲပြန်ဖြစ်နိုင်ချေရှိတာကြောင့် နှစ်ဖက် ညှိနှိုင်းတာ အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ၊  နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

ချီဖွေ၊ ဆော့လော်လမ်းဟောင်း ပြန်ဖောက်လုပ်ဖို့ အစိုးရကစီစဉ်နေတာကြောင့် လမ်းပေါ်မှာရှိတဲ့ မေခမြစ် အရှေ့ဘက်က KIA တပ်စခန်းနှစ်ခုကို ဖယ်ရှားပေးဖို့ ဒီလ ၈ ရက်နေ့ရက်စွဲနဲ့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက KIA ကို အကြောင်းကြားထားပါတယ်။

နယ်မြေအငြင်းပွားနေပြီး တပ်မတော်က ဖယ်ရှားခိုင်းနေတဲ့ KIA စခန်းနှစ်ခုက ချီဖွေနဲ့ အောက်ဘန်းကြားရှိ KIA တပ်ရင်း ၄၆ နယ်မြေထဲမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

KIA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အငြင်းပွားမှုကို ညှိနှိုင်း ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။

"ခုပြောနေတဲ့ တပ်နေရာတွေက ကျနော်တို့က အသစ်တိုးချဲ့တဲ့တပ်တွေ မဟုတ်ဘူး၊ အရင် ကတည်းက ရှိတဲ့တပ်တွေဖြစ်ပါတယ်။ ဒါကတစ်ချက်။  ဒုတိယတစ်ချက်ကတော့ တကယ်လို့များ ဖယ်ရှားဖို့ လိုအပ်ရင်တော့ အင်အားနဲ့ဖြေရှင်းတဲ့နည်း မဟုတ်ဘဲနဲ့ ဆွေးနွေးတဲ့နည်းနဲ့ သုံးလို့ရမယ်၊ ငြိမ်းချမ်းရေး ကာလမှာ၊ အချင်းချင်း ညှိနှိုင်းဆွေးနွေး ဖြေရှင်းမှသာ ကျနော်တို့အတွက် ပိုကောင်းတယ်၊ သဘောထားရှိတယ်လို့ အကြောင်းပြန်ထားပါတယ်"

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရာမှာတော့ KIA အဖွဲ့ ဟာ Bilateral Agreement လို့ ခေါ်တဲ့ ပဏာမ အပစ်ရပ် သဘောတူညီချက်အတိုင်း လိုက်နာမှု မရှိဘူးလို့ ပြောပါတယ်။

"KIAနဲ့ အစိုးရကြား၊ KIA နဲ့ တပ်မတော်ကြားထဲမှာ ယခင်ကတည်းက Bi-lateral သဘောတူညီချက်တွေ ရှိတယ်၊ အဲမှာနေရာတွေ၊ ဒေသတွေ၊ တပ်တွေ အတိအကျ ပါပြီးသားဖြစ်တယ်၊ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ Bi-lateral သဘောတူညီချက်အတိုင်း မဟုတ်ဘဲ နယ်မြေတိုးချဲ့တာ၊ စခန်းတည်ဆောက်တာဖြစ်လို့မလို့ တပ်မတော်အနေနဲ့ သတိပေးခြင်း ဖြစ်တယ်။ ဒါပါပဲ"

၂၀၁၁ နောက်ပိုင်းတပ်မတော်နဲ့ KIA တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ၃၄ မိုင်ရှည်တဲ့ ချီဖွေ ဆော့လော် လမ်းဟောင်းကို မသုံးရဲကြဘဲ ၅၈ မိုင်ရှိတဲ့ ပတ်လမ်းကနေ သွားလာနေရပါတယ်။

တိုက်ပွဲတွေလည်းမရှိတော့တဲ့ ဒီကာလမှာ ခရီးတိုတဲ့ လမ်းဟောင်း ပြန်ဖောက်လုပ်ဖို့ လွှတ်တော်မှာ တင်ပြထားတာရှိပါတယ်။

အစိုးရက ပြန်လည်ဖောက်လုပ်ဖို့ အစီအစဉ် ရှိတာကြောင့် တပ်မတော်ရဲ့  မိုင်းရှင်းလင်းရေး အစီအစဉ်အတွက်  စခန်းတွေ ဖယ်ရှားပေးဖို့  PCG လို့ခေါ်တဲ့ မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က တဆင့် အကြောင်းကြားခဲ့တာလို့ ဒီအဖွဲ့ရဲ့ အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ဒီအငြင်းပွားမှုကြောင့် ပြဿနာ ပိုကြီးထွားလာမှာ စိုးရိမ်ရလို့ နှစ်ဘက်လုံး သဘောထားကြီးသင့်တယ်လို့ ဦးလမိုင်ဂွန်ဂျာက  ပြောပါတယ်။

"ငြိမ်းချမ်းရေး Bi-lateral ရေးထိုးနိုင်ဖို့ နှစ်ဖက်ညှိနှိုင်းနေတဲ့ အချိန်မှာ မမျှော်လင့်ဘဲ Covid-19 ရောဂါကြောင့် အခုလို တွေ့ဆုံမယ့်အချိန် မရတာကြောင့် နည်းနည်း ကြန့်ကြာနေတာပေါ့လေ၊ စခန်းနှစ်ခု ကိစ္စနဲ့ တဖက်နဲ့ တဖက် တင်းမာမှုဖြစ်လာပြီး ပြန်လည် တိုက်ပွဲဖြစ်လာမှာကိုတော့ ပြန်မဖြစ်စေချင်ဘူး၊ မလိုလားဘူးပေါ့ဗျာ၊ ဒါကြောင့် နှစ်ဖက်စလုံးက အတတ်နိုင်ဆုံး သဘောထားကြီးကြီးနဲ့ လျှော့ပြီးတော့မှ ညှိနှိုင်းဆောင်ရွက် သွားရင်တော့ အဆင်ပြေမယ်လို့ ထင်တယ်၊ အခုလည်း ညှိနှိုင်းနေတော့ အဆင်ပြေသွားမယ်လို့ပဲ မျှော်လင့်ပါတယ်"

ရန်ကုန်မြို့က နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း KIA နဲ့ တပ်ရဲ့ လတ်တလော အငြင်းပွားမှုအတွက် အကောင်းဆုံး ဖြေရှင်းနည်းကတော့ ညှိနှိုင်းဆွေးနွေးတဲ့နည်းလမ်းဖြစ်တယ်လို့ ပြောပါတယ်။

"တပ်မတော်ဘက်က ပြောသလို့ ၂၀၁၀ မတိုင်ခင်က KIA စခန်းတွေ မရှိဘူးလို့ ပြောတာလည်း ဟုတ်တယ်လို့ ပြောလို့ရပါတယ်၊ တဖက်က ပြောရင်လည်း တပ်မတော်ရဲ့ စခန်းတွေဟာလည်း ၂၀၁၁ နောက်ပိုင်း KIA ရဲ့ နေရာတချို့ကို ဝင်ယူထားတာ ရှိပါတယ်၊ အဲဒါက ၂၀၁၂၊ ၂၀၁၃ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ပေါ်လာတဲ့အခြေအနေ အပြောင်းအလဲ ဖြစ်ပါတယ်၊ ဒီအခြေအနေကို ချီဖွေ ဆော့လော် ကားလမ်း ဖောက်လုပ်ဖို့ ဖြေရှင်းချင်ရင်တော့ ကျနော် မြင်တာကတော့ ဆွေနွေးဖြေရှင်းတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်၊ ဆွေးနွေး မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ တကျော့ပြန်တိုက်ပွဲတွေ ကချင်ပြည်နယ်မှာ ပြန်ပေါ်လာမှာ စိုးရိမ်ရပါတယ်"


KIA အဖွဲ့ဟာ ကချင်ပြည်နယ်က မြို့အများအပြားနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတချို့မှာ လှုပ်ရှားနေပါတယ်။

KIA မှာ လက်နက်ကိုင်အင်အား ၁၀၀၀၀ နဲ့ ၁၂၀၀၀ ကြား ရှိမယ်လို့  BNI လို့ ခေါ်တဲ့ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့က ပြုစုတဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန် အကိုးအကား ၂၀၁၈ - ၂၀၁၉ စာအုပ်မှာ ခန့်မှန်းထားပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ  တပ်မတော်နဲ့ KIA တို့ ရှမ်းပြည်နယ် မူဆယ်ခရိုင်အတွင်း တိုက်ပွဲတချို့ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org