ဖားကန့်မှာ KIA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ စစ်ရေးတင်းမာနေဆဲ
လက်ရှိ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသူတွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-09-24 -
-
-
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းအဖွဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ရွာမှာ ဒီနေ့အထိလည်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ နေ့စဥ်နီးပါး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ KIA နဲ့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၇ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲစဖြစ်ခဲ့ပြီး ဒေသခံသုံးဆယ်ကျော် သေဆုံးခဲ့သလို နေအိမ်လေးရာခန့်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဆိုင်းတောင်ရွာခံတွေနဲ့ မြို့ပေါ်ဒေသခံတွေအပါအဝင် စုစုပေါင်းငါးသောင်းခန့်ဟာ ဘေးလွတ်ရာနဲ့ အခြားမြို့နယ်တွေကို ထွက်ပြေးခဲ့ကြရပါတယ်။ လက်ရှိ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသူတွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
“မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရင် စစ်ကောင်စီရဲ့ ဘဏ္ဍာငွေကို တစ်စိတ်တစ်ပိုင်း ဖြတ်တောက်နိုင်ပါလိမ့်မယ်”
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဟိုတယ်ထဲက စစ်ကောင်စီတပ်ကို လက်ရှိအချိန်ထိ ပိတ်ဆို့ထားသလို စစ်ကူလာတဲ့ စစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်နေဆဲပဲလို့ RFA ကို ပြောပါတယ်။
“Lucky Man ဟိုတယ်က စစ်ကြောင်းတွေ မထွက်သေးဘူး။ အဲဒါကြောင့် KIA က ဝိုင်းထားတယ်။ နောက်ဗျူဟာကုန်းကလည်း ထွက်လာတဲ့စစ်ကြောင်းတွေကိုလည်း တိုက်တယ်။ ဒါကြောင့် ဖားကန့်ဘက်မှာ တိုက်ပွဲက ဆက်ပြင်းထန်နေသလို ဖြစ်နေတယ်။ KIA က ဗျူဟာကုန်းကို လက်နက်ကြီးနဲ့ ဟိုတစ်နေ့က တစ်ခါပစ်တယ်တဲ့။ အဲဒါကြောင့် ဗျူဟာကုန်းကနေ ဖားကန့်မြို့ဘက်ကို လက်နက်ကြီးနဲ့ ပြန်ပစ်တာ။ လေကြောင်းကနေလည်း ပြန်ပစ်တာ။ ဒါကြောင့် ပြည်သူလူထုက တိုက်ပွဲပြန်ဖြစ်မလားဆိုပြီးမှ ထွက်ပြေးကုန်တယ်လို့ ကြားရတယ်”
ဖားကန့်ဟာ စစ်ကောင်စီအတွက် စီးပွားရေးအရ အရေးပါတာကြောင့် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရင် စစ်ကောင်စီရဲ့ ဘဏ္ဍာငွေကို တစ်စိတ်တစ်ပိုင်း ဖြတ်တောက်နိုင်လိမ့်မယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
ရဲအင်အား ခြောက်ဆယ်ခန့်ရှိတဲ့ ဆိုင်းတောင်ရွာက ရဲစခန်းတစ်ခုကိုလည်း စက်တင်ဘာ ၁၂ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက် ရဲစခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ နောက်ပိုင်းမှာတော့ တိုက်ပွဲကြီးကြီးမားမား မရှိတော့ပေမဲ့ လက်နက်ကြီး ပစ်သံတွေတော့ ကြားနေရဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ မြို့ပေါ်အထိ တိုက်ပွဲမဖြစ်သေးပေမဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကို စိုးရိမ်တာကြောင့် မြို့ခံတွေပါ ထွက်ပြေးသွားကြတာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖားကန့်မြို့ပေါ်မှာတော့ ကြောက်လို့ ရှောင်ပြေးကြတာပဲရှိတာပါ။ ဖားကန့်မြို့ထဲမှာ တိုက်ပွဲဖြစ်တာမျိုး မရှိဘူးဗျ။ ပြီးတော့ ဆိုင်းတောင်ဘက်တော့ ဖြစ်နေကြတယ်လို့ ပြောတယ်ဗျ။ စိုးရိမ်မှုလည်း ရှိကြတာပေါ့။ လေကြောင်းကလည်း ပရမ်းပတာ ပစ်တယ်။ ဗျူဟာကုန်းကလည်း ပရမ်းပတာ ပစ်တယ်ဆိုတော့ စိုးရိမ်စိတ်တော့ ရှိကြတယ်”
ဖားကန့်မြို့ပေါ်မှာ မှော်ဝမ်း၊ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာ၊ မရှိကထောင် စတဲ့ရပ်ကွက်ငါးခုရှိပြီး ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ခြောက်သောင်းကျော် နေထိုင်ကြပါတယ်။
လက်ရှိမှာတော့ ဖားကန့်မြို့တစ်ခုလုံး တိတ်ဆိတ်နေပြီး ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖားကန့်ဆိုတာနဂိုကတည်းက ကုန်းတွင်းပိတ်ဒေသ၊ သွားလာရ ခက်ခဲတဲ့နေရာဆိုတော့ တိုက်ပွဲဖြစ်ကြတော့ အဓိက သွားလာစရိတ်ပေါ့။ ကားခတွေ ဈေးကြီးလာတယ်။ ခါတိုင်း တစ်သောင်းတို့ တစ်သောင်းခွဲတို့ကနေ အခုဆို ငါးသောင်းနီးပါး ဖြစ်သွားတာပေါ့။ တခြား အထွေထွေ စားသောက်ကုန် ဆိုတာကလည်း လိုက်တက်နေတာပါ။ တစ်ခါတစ်ရံ လေယာဥ်နဲ့လာတယ်၊ ပစ်တယ်လို့ အသံကြားရပါတယ်။ ဖားကန့်မြို့ပေါ် တိတ်ဆိတ်နေပါတယ်။ ဆိုင်းတောင်မှာလည်း တစ်ခါတစ်ရံ ပစ်သံခတ်သံပဲ ကြားရပါတယ်”
တိုက်ပွဲငြိမ်နေပေမဲ့ စက်တင်ဘာ ၂၂ ရက်နေ့မှာ ဆိုင်းတောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ဖားကန့်ကျောက်စိမ်းမှော် နေရာအများအပြား KIA ထိန်းချုပ်
ဖားကန့်တိုက်ပွဲမှာ ဒေသခံဆယ်ဦးထက်မနည်း သေဆုံး
ဖားကန့်က စစ်ကောင်စီတပ် ဗျူဟာကုန်းကို KIA သိမ်းပိုက်
ဖားကန့် စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
ဖားကန့်ဒေသမှာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ကချင်ပြည်နယ် တိုင်းမှူးဟောင်း ဦးအုန်းမောင်တို့ ပိုင်ဆိုင်တဲ့ ကျောက်စိမ်းကုမ္ပဏီတွေကနေ ၂ဝ၁၃ ခုနှစ်နဲ့ ၂ဝ၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၈၇ သန်း ရရှိခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က ၂ဝ၁၅ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီကနေလည်း ၂ဝ၁၃ ခုနှစ်နဲ့ ၂ဝ၁၄ ခုနှစ်အတွင်း ကျောက်စိမ်း ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၈ဝ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့ရဲ့ ဝင်ပေါက်လမ်းတွေကို ထိန်းချုပ်ထားတဲ့ ဝှေခါဗျူဟာကုန်း၊ နန့်တိန်နဲ့ နန့်ယားဗျူဟာကုန်းနဲ့ တာမခံ စခန်ကုန်းတို့ကို KIA နဲ့ပူးပေါင်းအဖွဲ့က ဒီနှစ်အစောပိုင်းမှာ သိမ်းပိုက်ထားပါတယ်။
ဖားကန့်မှာ စစ်ကောင်စီ တပ်စခန်းပေါင်း ၂၆ ခုခန့်ရှိတဲ့အထဲက တပ်စခန်းအများစုကို KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းယူထားပြီး လက်ရှိ မြို့ပေါ် ဗျူဟာကုန်း၊ ကံဆီး ဗျူဟာ၊ တန်းကောင်တောင် တပ်စခန်း၊ ဖားကန့် ရဲစခန်း၊ လယ်ပြင်ယမ်းချက် စက်ရုံနဲ့ လုံးခင်းမျောက်ကုန်း စတဲ့တပ်စခန်းတွေသာ ကျန်ရှိတော့ပါတယ်။