ကွတ်ခိုင် နမ့်ဖတ်ကာရွာ တပ်စခန်းကို KIA တိုက်ခိုက်သိမ်းယူ

နမ့်ဖတ်ကာ ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ (၁၂၃) တပ်ရင်းကို KIA က ဇန်နဝါရီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီ ခလရ (၁၂၃) တပ်ရင်းမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် KIA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကွတ်ခိုင်-မူဆယ် လမ်းမကြီးပေါ်က နမ့်ဖတ်ကာ ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၁၂၃) တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က RFA ကို အတည်ပြုပြောဆိုပါတယ်။

“ကျွန်တော်တို့ ကြားသိထားတာက မနေ့ကပေါ့နော် ဇန်နဝါရီလ ၂၄ ရက်နေ့က နမ့်ဖတ်ကာတပ်စခန်းကို ညနေ ပိုင်း ၃ နာရီ၊ ၄ နာရီ အချိန်လောက်မှာပေါ့၊ အားလုံး သိမ်းလို့ရပြီဆိုတဲ့သတင်းတော့ ကျွန်တော်တို့ကြားပါတယ်။ မြေပြင်က အချက်အလက်တွေ ပြည့်ပြည့်စုံစုံတော့ ဘာမှ မကြားဘူး။ ကျွန်တော်တို့ ဖုန်းအဆက်အသွယ်လည်း မရဘူး။ အဲဒီဘက်ကတော့။ ကျွန်တော်တို့ ထိုင်နိုင်တဲ့၊ အုပ်စိုးနိုင်တဲ့ အခြေအနေကိုတော့ ဘာမှ မကြားသိရသေးပါဘူး”

ခလရ (၁၂၃) စစ်တပ်ဝင်းထဲမှာ KIA စစ်သားတွေ ဝင်ရောက်နေရာယူထားပြီး စစ်ကောင်စီတပ်သားတွေကတော့ တာမိုးညဲဘက်ကို ထွက်ပြေးသွားတယ်လို့ နမ့်ဖတ်ကာရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဝင်တာကတော့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက အဲဒီ ၁၂၃ စခန်းထဲကို KIA အဖွဲ့တွေ၊ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်နေတာ။ ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တာမိုးညဲဘက်ကို ထွက်ပြေးသွားတယ်ဗျ။ KIA အဖွဲ့တွေ ၁၂၃ ထဲမှာ ဝင်ထိုင်နေတာတော့ သေချာတယ်ဗျ။ ဟိုအဖွဲ့တွေ နောက်ဆုတ်သွားတော့ တာမိုးညဲဘက်ကို လိုက်ပြီးဆုတ်သွားတော့ လိုက်ပြီးဖြေရှင်းနေတယ်။ ပြီးတော့ အဲဒီရှေ့က ပျက်စီးဆုံးရှုံးမှုကတော့ တော်တော်လေးကို များတယ် ရပ်ထဲရွာထဲမှာက”

ဇန်နဝါရီလ ၂၉ ရက်နေ့ကစပြီး နမ့်ဖတ်ကာအခြေစိုက် ခလရ (၁၂၃) တပ်ရင်းကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ အပြင်းအထန် ခုခံခဲ့သလို လေကြောင်းကနေလည်း အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။

နမ့်ဖတ်ကာတိုက်ပွဲအတွင်း လေကြောင်းကနေ ဗုံးလာကြဲသည့် စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့သည့် အပျက်အစီးများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (Photo: Citizen Journalist)

နမ့်ဖတ်ကာတိုက်ပွဲအတွင်း လေကြောင်းကနေ ဗုံးလာကြဲတဲ့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စင်းကိုလည်း အခုလ ၁၆ ရက်နေ့မှာ ပစ်ချနိုင်ခဲ့တယ်လို့ KIA ဘက်က ထုတ်ပြောထားပါတယ်။

လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေအိမ်တွေ ပျက်စီးခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ နမ့်ဖတ်ကာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြင်းထန်တာက လေယာဉ်လာမှာကို ကြောက်နေတာ။ အဓိက လေယာဉ်လာပြီး ဗုံးကြဲတာတွေက ထိခိုက်ကုန်တာပဲ။ အိမ်တွေပျက်စီးတာက လေယာဉ်နဲ့ ပစ်တာတွေကြောင့်ပဲ။ တစ်ဖက်အဖွဲ့အစည်းတွေကလည်း နေအိမ် တွေထဲကနေ ဝင်ပစ်၊ ဟိုဘက်ကလည်း သတင်းရတဲ့အိမ်တွေကိုပစ်။ အခုလောလောဆယ် ကျွန်တော့်အသိအိမ် ရှစ်အိမ်မှာ လုံးဝ ပြာကျသလို ပုံကျသွားတာက လေးအိမ်၊ ကျန်တာတွေကတော့ ခေါင်မိုးပွင့်တာတို့၊ နံရံတွေ ပွင့်တာတို့ အဲဒါမျိုးတွေတော့ ရှိတယ်။ ဆုံးသွားတာက နှစ်ယောက်ပေါ့။ အဲဒီနောက်ပိုင်းတော့ ကျွန်တော်လည်း သတင်းမရတော့ဘူး”

နမ့်ဖတ်ကာ တိုက်နယ်ကျေးရွာမှာ ရပ်ကွက် လေးခုရှိပြီး ကျေးရွာအုပ်စု ကိုးခုကျော် ရှိတာပါ။

"နမ့်ဖတ်ကာတပ်စခန်းကို ညနေ ပိုင်း ၃ နာရီ၊ ၄ နာရီ အချိန်လောက်မှာပေါ့၊ အားလုံး သိမ်းလို့ရပြီဆိုတဲ့သတင်းတော့ ကျွန်တော်တို့ကြားပါတယ်"

လူဦရေ နှစ်သောင်းကျော်နေထိုင်ပြီး တိုက်ပွဲကြောင့် စစ်တပ်နဲ့နီးတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေက လူဦးရေ တစ်သောင်းနီးပါးဟာ နမ့်ခမ်း၊ မူဆယ်၊ လားရှိုးနဲ့ နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းတွေကို ထွက်ပြေး ခိုလှုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အခုလ ၁၇ ရက်နေ့အထိ အနည်းဆုံး အရပ်သား ၂၄ ဦး သေဆုံးခဲ့တယ်လို့ စာရင်းကောက်ယူထားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ နေအိမ် အနည်းဆုံး တစ်ရာကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံး၊ ဒဏ်ရာရသူနဲ့ နေအိမ်ပျက်စီးမှု နောက်ဆက်တွဲ အခြေအနေကိုတော့ ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် စာရင်းထပ်မကောက်နိုင်သေးဘူးလို့ တိုက်ပွဲကြောင့် နမ့်ဖတ်ကာကျေးရွာကနေ ထွက်ပြေးလာတဲ့ လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

နမ့်ဖတ်ကာ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။

မြောက်ပိုင်းသုံးဖွဲ့ အပစ်ရပ်ထားချိန် KIA က နမ့်ဖတ်ကာစခန်းကို သိမ်းယူလိုက်တာဟာ သူတို့အဖွဲ့ရဲ့ အရေးပါမှုကို ပြသတာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ညံ့ဖျင်းမှုကို ပြသတာလို့ စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

“တိုက်တာကလည်း ရက်နှစ်ဆယ်လောက် ခုခံနေတယ်ဆိုရင်တော့လည်း ဒါက ဇွဲသတ္တိကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ ပထမစခန်းတွေတုန်းကတော့ အငိုက်မိတာပေါ့နော်။ အချိန် အငိုက်ရှိတယ်၊ လူအငိုက် ရှိတယ်၊ နောက်ပြီး ကျွန်တော်တို့ နည်းပညာ အငိုက်ရှိတယ်။ အများဆုံးကတော့ နည်းပညာ အငိုက်မိတာပေါ့။ တပ်ဘက် ကတော့ ဒါနဲ့ပတ်သက်လို့ တစ်ခုခု ထိထိရောက်ရောက် လုပ်မပေးနိုင်တာကတော့ တော်တော့်ကို ညံ့ဖျင်းတယ်လို့ ဒီလိုပဲ ကျွန်တော်တို့ ဝေဖန်ရမှာပဲလေ။ နောက်ဆက်တွဲကတော့ ကျွန်တော်တို့ ဘာမှမသိဘူး။ သို့သော် သေချာတာကတော့ ကွတ်ခိုင်ကို TNLA က သိမ်းထားတယ်၊ နမ့်ခမ်းကိုလည်း TNLA က သိမ်းထားတယ်၊ အဲဒီအခါမှာ နမ့်ခမ်းကိုသွားတဲ့ လမ်းထိပ်မှာ နမ့်ဖတ်ကာကို ယူထားလိုက်ပြီဆိုတော့ ပြီးပြီလေ။ အဓိက သူ့နေရာ ယူလိုက်တာပေါ့ဗျာ။ ငါ့ရဲ့ အရေးပါမှုက ဒါရှိတယ်ကွဆိုတာကို ပြလိုက်တာပေါ့နော်”

၁၀၂၇ စစ်ဆင်ရေးအတွင်း ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့တွေကို TNLA က သိမ်းပိုက်ထားပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုတော့ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။

ကွတ်ခိုင်နဲ့ မိုင်နှစ်ဆယ်နီးပါးဝေးတဲ့ သိန္နီမြို့ကိုတော့ ကိုးကန့် MNDAA က သိမ်းယူထားတာကြောင့် သိန္နီကနေ မူဆယ်အထိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို MNDAA၊ TNLA၊ AAနဲ့ KIA တို့က အပြည့်အ၀ ထိန်းချုပ်ထားတာပါ။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေးမစခင် ၂၀၂၃ ခုနှစ် သြဂုတ်လကတည်းက နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃) နဲ့ ပြည်သူ့စစ်စခန်းတွေကို TNLA နဲ့ KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အခု ငါးလအကြာမှာ အပြီးသိမ်းယူလိုက်တာပါ။

နမ့်ဖတ်ကာမှာ တိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ အထိ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် စုစုပေါင်း အရပ်သား ငါးဆယ်ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org