ကလေးတွေအတွက်ပါ ထည့်စဉ်းစားသင့်တဲ့ နှာခေါင်းစည်းဖြန့်ဝေမှု

မကြာခင်မှာ ကျောင်းတက်ရမယ့်ကာလကို ရောက်တော့မှာ ဖြစ်တာကြောင့် ကလေးအများအပြား အပြင် ထွက်ကြရတော့မှာပါ။ အခုဆိုရင် ဈေးကွက်ထဲမှာ လူကြီးသုံးနှာခေါင်းစည်းတွေပဲ ဝယ်လို့ရနေပြီး ကလေးသုံး နှာခေါင်းစည်းတွေကတော့ ဝယ်ဖို့ခက်နေပါတယ်။

kids-mask-distribution-622 Facebook/ Aung Nay Myo

မကြာခင်မှာ ကျောင်းတက်ရမယ့်ကာလကို ရောက်တော့မှာ ဖြစ်တာကြောင့် ကလေးအများအပြား အပြင်ထွက်ကြရတော့မှာပါ။ အခုဆိုရင် ဈေးကွက်ထဲမှာ လူကြီးသုံးနှာခေါင်းစည်းတွေပဲ ဝယ်လို့ရနေပြီး ကလေးသုံး နှာခေါင်းစည်းတွေကတော့ ဝယ်ဖို့ခက်နေပါတယ်။

ကျမကိုယ်တိုင် မြောက်ဥက္ကလာဆေးရုံ ပတ်ဝန်းကျင်မှာရှိတဲ့ ဆေးဆိုင်တွေ၊ ရပ်ကွက်ထဲက စတိုးဆိုင်၊ ဆေးဆိုင်တွေမှာ ကလေးသုံးနှာခေါင်းစည်းတွေ လိုက်မေးခဲ့ပါတယ်။ မေးခဲ့သမျှဆိုင် ၁၀ ဆိုင်လောက်မှာ တစ်ဆိုင်မှမရှိပါဘူး။

အင်တာနက်အွန်လိုင်းကနေ ရောင်းတဲ့အထဲမှာလည်း လူကြီးသုံးတွေအတွက်ပဲ ကြော်ငြာထားကြပေမဲ့ ကလေးတွေအတွက် နည်းနေပါတယ်။ ရောင်းတဲ့သူရှိပြန်တော့လည်း လူကြီးသုံးနှာခေါင်းစည်းတွေထက်   ဈေးက နှစ်ဆကျော်လောက် မြင့်နေပါတယ်။

ရန်ကုန်မြို့က မအေးသန္တာထွန်းကတော့ မူလတန်းစတက်မယ့် သမီးအတွက် နှာခေါင်းစည်းအငယ်စားတွေ ဝယ်ဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိအခြေအနေမှာ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း တစ်ခုကို ကျပ် ၁၃၀ ကနေ ၂၅၀ ဝန်းကျင်ရှိပါတယ်။ အင်တာနက်ကနေ ရောင်းတဲ့ ကလေးသုံး နှာခေါင်းစည်းတွေကတော့ အနည်းဆုံး ကျပ် ၅၀၀ လောက်ကနေ စရှိပါတယ်။

တနေ့လုပ် တနေ့စားရတဲ့ မိဘတွေဆိုရင် ကလေးအတွက် နှာခေါင်းစည်း လုံလုံလောက်လောက် ဝယ်နိုင်တဲ့ အခြေအနေ မရှိကြပါဘူး။

ကလေးတွေအတွက် နှာခေါင်းစည်းရဖို့အရေး တွေးပူနေတဲ့သူတွေထဲမှာ သုံးတန်းနဲ့ ရှစ်တန်းကျောင်းသားတွေ ရဲ့မိခင် ဒေါ်စမ်းစမ်းမြင့် လည်းပါပါတယ်။

နှာခေါင်းစည်းဆိုတာဟာ ဒီနှစ် ကျောင်းဖွင့်ရာသီ စာသင်ခန်းထဲသွားရမယ့် ကလေးတွေအတွက် လိုအပ်လာတဲ့ ပစ္စည်းသစ်တခု ဖြစ်ပါတယ်။

ဇူလိုင်လအတွင်းမှာ  မူလတန်းကျောင်းတွေကို ပြန်ဖွင့်ဖို့ ပညာရေးဝန်ကြီးဌာနက ရည်ရွယ်ထားပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘယ်အတန်းတွေကို စဖွင့်မလဲဆိုတာ ပြန်စဉ်းစားမယ်လို့ မေ ၁၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။

မူလတန်းတွေ ပြန်ဖွင့်မယ့်ရက် မသေချာသေးပေမဲ့ ကိုယ့်ကလေးကို ပိုးမကူးစက်အောင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကလေးသုံးနှာခေါင်းစည်းနဲ့ Face Shield ပလတ်စတစ် မျက်နှာကာတွေကိုဝယ်တဲ့ မိဘတွေလည်း ရှိနေပါတယ်။

အရုပ်လေးတွေပါတဲ့ ပိတ်စ နှာခေါင်းစည်းတွေနဲ့ ပလတ်စတစ်မျက်နှာကာ နှစ်မျိုးပေါင်းကို ကျပ်နှစ်ထောင်ကနေ သံုးထောင်လောက်အထိ ဈေးရှိနေပါတယ်။ ပစ္စည်းက ရောင်းမယ့်သူဆီမှာ ရှိမနေသေးပေမဲ့ အင်တာနက်ကနေ ကြိုတင်မှာထားတဲ့ မိဘတွေက အများကြီးရှိနေပါပြီ။

ပရဟိတ အဖွဲ့အစည်းတချို့က တခါသုံးနှာခေါင်းစည်းတွေ၊ အဝတ်နှာခေါင်းစည်းတွေကို ဝေနေတယ်ဆိုပေမဲ့ အများစုကတော့ လူကြီးသုံးတွေပါ။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် Covid – 19  ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီကလည်း ရပ်ကွက်တချို့မှာ ပိတ်စနှာခေါင်းစည်းတွေ ဝေခဲ့ပါတယ်။  ကလေးအရွယ်ဝတ်တွေ မပါပါဘူး။ နောက်ပိုင်းမှာတော့ ကလေးတွေအတွက် ချုပ်ပြီးလှူတဲ့ အလှူရှင်တွေ ရှိလာတယ်လို့ဆိုပါတယ်။

နှာခေါင်းစည်းတွေကို အခမဲ့ဝေပေးနေတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် Save Monywa အဖွဲ့ ကလည်း ကလေးတွေအတွက် နှာခေါင်းစည်းတွေရနိုင်ဖို့ စဉ်းစားနေပါတယ်။

ခွဲစိတ်ခန်းသုံး တခါသုံး နှာခေါင်းစည်းတွေဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် အဓိက ရည်ရွယ်ပြီး ထုတ်ထားကြတာဖြစ်ပေမဲ့  နောက်ပိုင်းမှာတော့ ကလေးတွေအတွက်ပါ ထုတ်လုပ်လာကြလိမ့်မယ်လို့ မျှော်လင့်နေသူတွေရှိပါတယ်။

မြန်မာနိုင်ငံမှာ ပိုးကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာ မပြဘဲ လူကြားထဲ သွားလာနေတတ်တာကြောင့် ကလေးတွေကို ကူးစက်မခံရအောင် နှာခေါင်းစည်း မဖြစ်မနေ တပ်သင့်ပြီး အသက်အရွယ် ငယ်လွန်းတဲ့ လသား၊ နှစ်သားအရွယ် ကလေးတွေကတော့ နှာခေါင်းစည်းတပ်ဖို့ မလိုဘူးလို့တော့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

နိုင်ငံတကာ ကျန်းမာရေးဆောင်းပါးတချို့မှာတော့ တစ်နှစ်အောက် ကလေးတွေကို တင်းကျပ်တဲ့နှာခေါင်းစည်း မဝတ်ဆင်ပေးကြဖို့ သတိပေးထားပါတယ်။

ကလေးတွေကို ကပ်ဘေးကာလမှာ နှာခေါင်းစည်းတပ်တာအပြင် လက်ကို မကြာခဏဆေးဖို့ အလေ့အကျင့်ဖြစ်အောင် သင်ကြားပေးဖို့လည်း တိုက်တွန်းနေကြပါတယ်။

မြန်မာနိုင်ငံက အတည်ပြုလူနာ ၂၀၀ ကျော်မှာ အသက် ၁၈ နှစ်အောက်က ၆ ယောက် ပါပါတယ်။

အငယ်ဆုံးက တနှစ်ခွဲအရွယ် လူနာအမှတ် ၉၅ ဖြစ်ပြီး ကလေးအားလုံး ကောင်းမွန်သက်သာလာကြပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org