သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် ထိုင်းဘုရင်ထံ အတိုင်ပင်ခံပုဂ္ဂိုလ် မေတ္တာရပ်ခံစာတင်ပေးဖို့ တောင်းဆို

ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ကျခံထားရတဲ့ ရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် နောက်ဆုံးအဆင့်အနေနဲ့ ထိုင်းဘုရင်ထံ အသနားခံစာ တင်ရမယ့် အစီအစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မေတ္တာရပ်ခံစာ ပေးပို့ပေးဖို့ လိုလားကြောင်း ကူညီဆောင်ရွက်ပေးသူတွေက ပြောကြပါတယ်။

ထိုင်းနိုင်ငံ ခိုတောင်ကျွန်း လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို တွေ့ရစဉ် Photo: REUTERS

ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ကျခံထားရတဲ့ ရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် မြန်မာအစိုးရက ကူညီဆောင်ရွက်ပေးမှု အားနည်းခဲ့တယ်၊ နောက်ဆုံးအဆင့်အနေနဲ့ ထိုင်းဘုရင်ထံ အသနားခံစာတင်ရမယ့် အစီအစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မေတ္တာရပ်ခံစာ ပေးပို့ပေးဖို့ လိုလားကြောင်း ကူညီဆောင်ရွက်ပေးသူတွေက ပြောကြပါတယ်။

အယူခံတွေ အဆင့်ဆင့်တင်ခဲ့ပေမယ့် သြဂုတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင် တရားရုံးမှာ နောက်ဆုံး အယူခံ ပယ်ချခံရပြီးနောက် ထိုင်းနိုင်ငံဥပဒေအရ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလုပ်သား နှစ်ဦးအတွက် နောက်ဆုံးအခွင့်အရေးအနေနဲ့ ထိုင်းဘုရင်ထံ အသနားခံစာတင်ဖို့ ထိုင်းရှေ့နေများ ကောင်စီက လတ်တလော လုပ်ဆောင်နေပါတယ်။

အသနားခံစာကို အမိန့်ချတဲ့ သြဂုတ်လ ၂၉ ရက်နေ့ကနေစပြီး နှစ်လအတွင်း ထိုင်းဘုရင်ထံ အရောက်ပို့ရမှာပါ။ အသနားခံစာရောက်သွားပြီဆိုရင် ဘုရင်က အမိန့်တစ်စုံတရာ မချမှတ်မခြင်း သူတို့နှစ်ဦးကို ပြစ်ဒဏ်စီရင်ပိုင်ခွင့် မရှိပါဘူး။

ဒါကြောင့် ဒီအသနားခံစာ ဘုရင်မင်းမြတ်ထံရောက်ဖို့ အရေးကြီးပြီး ဒီထဲမှာ ထည့်သွင်းရေးသားမယ့် အချက်တွေဟာ လည်း ထိုင်းဘုရင် လက်ခံနိုင်လောက်တဲ့ အချက်တွေဖြစ်ဖို့ လိုအပ်နေတာပါ။

ဒီအတွက်ကြိုးပမ်းဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က

"အသနားခံစာ တင်မယ်ဆိုတာဟာ ကလေးတွေရဲ့ အသက်နဲ့ ရင်းပြီး ဆုံးဖြတ်ချက် ရယူရမယ့် ကိစ္စဖြစ်လို့ ကျနော်တို့ဟာ အကောင်းဆုံး အချက်အလက်တွေရှာပြီး ရေးသားနေပါတယ်ခင်ဗျ။ မြန်မာနိုင်ငံ သမ္မတရဲ့ ကိုယ်စား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ကိုယ်တိုင် ဦးဆောင်တင်သွင်းမှာပါခင်ဗျ"

ဦးအောင်မျိုးသန့်ဟာ မြန်မာရွှေ့ပြောင်းလုပ်သား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးအမှုကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မေလကစပြီး လိုက်ပါဆောင်ရွက်ပေးခဲ့သူပါ။ ရုံးချိန်းပေါင်း ၅၆ ချိန်းကို ပါဝင်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်ပြီး တင်သွင်းမယ့် ဒီအသနားခံစာထဲမှာ သူတို့နှစ်ဦးရဲ့ ဘဝ အခြေအနေတွေ၊ လူငယ်တွေဖြစ်တာမို့ ရှေ့ဆက်ရမယ့် ဘဝအတွက် သနားညှာတာပေးစေလိုကြောင်း ထည့်သွင်းရေးသားမယ်လို့ ပြောပါတယ်။

သူတို့နှစ်ဦးဟာ ထိုင်းဘုရင်ကပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့် တစ်ခုတည်းကိုသာ မျှော်လင့်စရာ ရှိတော့တာပါ။ ဒီအတွက် မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ အဖွဲ့အစည်းအသီးသီးကပါ ထိုင်း ဘုရင်ထံ တောင်းဆိုပေးဖို့ကို သူတို့နှစ်ဦး အမှုကို ထဲထဲဝင်ဝင် ဆောင်ရွက်ပေးနေသူတွေက တောင်းဆိုကြပါတယ်။

ဒါ့အပြင် နိုင်ငံတကာမှာ သြဇာကြီးတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မေတ္တာ ရပ်ခံစာ တင်ပေးမယ်ဆိုရင် သူတို့နှစ်ဦးအတွက် အခွင့်အရေးကောင်း ရလာနိုင်တယ်လို့ ဦးသိန်းစိန် အစိုးရ လက်ထက်က ခန့်အပ်ထားတဲ့ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးကော်မတီရဲ့ တာဝန်ခံ ဦးထူးချစ်က ပြောပါတယ်။

"သံအမတ်ကြီးထက်စာလို့ ရှိရင်တော့ နိုင်ငံတော် သမ္မတ သြဇာအရှိန်အဝါရှိတယ်လို့ နိုင်ငံတကာကလည်း ယူဆထားတဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်လိုမျိုး ကနေ ဘုရင်မင်းမြတ်ထံကို ဒီကလေးတွေအတွက် မေတ္တာရပ်ခံတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေါ့ပေါ့လျော့လျော့ စဉ်းစားပေးပါ။ သေဒဏ်က လွှတ်ပေးပါလို့ မေတ္တာရပ်ခံရင်တော့ ဒါကတော့ အကောင်းဆုံး အခြေအနေပဲ။ အစိုးရအနေနဲ့က လိပ်ကျွန်းနဲ့ပက်သတ်ပြီး သူတို့စိတ်ဝင်စားမှုက အင်မတန်မှ နည်းခဲ့တယ်လို့ ပြောလို့ရတယ်။ ဒီလက်ရှိအစိုးရအနေနဲ့ ဘာဖြစ်လို့လည်းဆိုတော့ ဒီ ၂၉ ရက်နေ့တုန်းက ကလေးတွေကို နောက်ဆုံးအယူခံ ချမယ့်နေတောင်မှ အစိုးရက ကြိုမသိဘူး။ သံရုံးက ကြိုမသိဘူး"

ဦးထူးချစ်ဟာလည်း ဒီအမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ကတည်းက ထဲထဲဝင်ဝင် ကူညီဆောင်ရွက်ခဲ့သူပါ။

လက်ရှိ NLD အစိုးရက ဒီ လေးနှစ်တာကာလအတွင်း လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေးကော်မတီကို အစည်းအဝေးခေါ်တာ၊  ဒီအမှုကို မေးမြန်းတာ မရှိဘူးလို့ ဦးထူးချစ်က ပြောပါတယ်။

မြန်မာလုပ်သားနှစ်ဦး အမှု သက်သာရာ ရဖို့အတွက် သံတမန်ရေးအရ ဘယ်လိုဆောင်ရွက်မှုတွေ လုပ်ဆောင်မလဲ ဆိုတာ သိနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်ကို RFA က ဒီကနေ့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဦးသိန်းဆွေက မြန်မာအစိုးရအနေနဲ့ သူတို့နှစ်ဦး အမှုအတွက် အရင်ကလည်း လုပ်ဆောင်ပေးနေသလို အခုလည်း လုပ်ဆောင်ပေးနေကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကိုယ်စားလှယ်တွေ ကိုယ်တိုင် ထိုင်းနိုင်ငံ အကြီးအကဲတွေကို မေတ္တာရပ်ခံစာ ပေးပို့ဆောင်ရွက်သွားဖို့ရှိကြောင်း ဒီနေ့ နေပြည်တော်က အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီအမှုအတွက် မြန်မာနိုင်ငံဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေထဲကဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းနိုင်ငံ စစ်ဦးစီးချုပ်နဲ့ တွေ့ဆုံရာမှာ မြန်မာလုပ်သား နှစ်ဦးအမှုကို ထိုင်းဥပဒေအရ မျှမျှတတ ဆောင်ရွက်ပေးဖို့ ပြောကြားတာ၊ သူတို့နှစ်ဦးအတွက် ဒေါ်လာ ၅,၀၀၀ လှူဖူးတာ ရှိတယ်လို့ လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေး ကော်မတီရဲ့ တာဝန်ခံ ဦးထူးချစ်က ပြောပါတယ်။

အရင်အစိုးရလက်ထက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးခင်အောင်မြင့်ကလည်း သူတို့နှစ်ဦး ထိုင်းနိုင်ငံတရားရုံးမှာ အမှုစစ်ဆေးစဉ်ကာလက အာမခံပေးဖို့ ဆောင်ရွက်ခဲ့ဖူးပေမယ့် တရားစွဲခံရသူတွေ ဟာ နိုင်ငံခြားသားတွေဖြစ်လို့ အာမခံမရခဲ့ဘူးလို့လည်း သူက ပြောပြပါတယ်။

မနေ့က စက်တင်ဘာ (၁) ရက်နေ့ ရက်စွဲနဲ့ ကြံ့ခိုင်ရေးပါတီက မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးကို သေဒဏ် ကင်းလွတ်ခွင့်ပေးဖို့အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကနေ တဆင့် ထိုင်းဘုရင် မင်းမြတ်ထံ တင်ပြပေးဖို့ စာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုဆောင်ရွက်ခဲ့မှုနဲ့ ပတ်သက်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက

"ကျနော်တို့ ထိုင်းဝန်ကြီးချုပ်ထံကို မနေ့တုန်းက ပို့လိုက်တယ်ပေါ့။ ဒီအပေါ်မှာ ဘယ်လောက်ထိ အကျိုး သက်ရောက်မှု ဖြစ်လာနိုင်မလဲ။ ထိုင်းဘုရင်မင်းမြတ်ထံကို သက်ဆိုင်ရာ နိုင်ငံတော် အစိုးရကနေပြီးတော့လည်း ဒီလိုမေတ္တာရပ်ခံချက်မျိုးကိုလည်း ပေးပို့သင့်တယ်လို့ ကျနော် အကြံပြုလိုပါတယ်ခင်ဗျ။ နိုင်ငံက ပြည်သူကလည်း ဝင်းနဲ့ ဇော်ကို လွတ်မြောက်စေချင်တယ်။ ဒါက ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒပါ"

ကြံ့ခိုင်ရေးပါတီ အပြင် ပြည်သူ့ပါတီကလည်း ထိုင်းဘုရင်ထံ မြန်မာလုပ်သား နှစ်ဦးအတွက် မေတ္တာရပ်ခံစာပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပြည်သူ့ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာက

"ထိုင်းဘုရင်မင်းမြတ်ရဲ့ လုပ်ပိုင်ခွင့်ကလည်း သူမှာရှိတဲ့အခါကျတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို သူ့ဘာသူကြိုက်သလို ဆုံးဖြတ်ပေါ့လေ။ ပြောချင်တာက ထိုင်းဘုရင်လုပ်ရမယ့် အလုပ်ကို သူ့ဘာသူလုပ်လိမ့်မယ်။ ကျနော်တို့ နိုင်ငံသားတွေအနေနဲ့ ပြည်သူ့ပါတီအနေနဲ့လည်း ကျနော်တို့ လုပ်ရမယ့် အလုပ်ကို ဥပဒေဘောင်ထဲကနေ လုပ်တယ်လို့ ခံယူထားပါတယ်"

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ပြီး အကျဉ်းသားတွေကို ကွပ်မျက်တာမျိုးတွေ မလုပ်ဆောင်တော့တာဟာ ရှစ်နှစ်ခန့် ကြာမြင့်ပြီလို့ ထိုင်းနိုင်ငံရောက် မြန်မာရှေ့နေတွေနဲ့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ပြောကြပေမယ့် ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အတွက် စိုးရိမ်မှု မကင်းတာကြောင့် ထိုင်းဘုရင်မင်းမြတ်ရဲ့ လွတ်ငြိမ်းသက်သာခွင့် ကို ရရှိဖို့ ကြိုးပမ်းသူတွေ ရှိနေကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org