မြောက်ပိုင်းသုံးဖွဲ့ အောင်ပွဲတွေနဲ့ တရုတ်အကျိုးစီးပွားဆက်စပ်နေကြောင်း သုံးသပ်မှုတွေရှိနေ
လောက်ကိုင်မြို့ကို ပြန်ရလိုက်တဲ့အတွက် တရုတ်နိုင်ငံကို အထူးကျေးဇူးတင်ကြောင်း MNDAAပြောခွင့်ရ လီကျားဝင်း က ပြောပါတယ်။
-
RFA Mandarin
2024-01-23 -
-
-
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ ဖြစ်တဲ့ ကိုးကန့်ဒေသရဲ့မြို့တော် လောက်ကိုင် အပါအဝင် ကိုးကန့်ဒေသအားလုံးကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ စတင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာလည်း တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဇန်နဝါရီလ ၁၁ ရက်မှာ အပစ်ရပ်ထားခဲ့ပါတယ်။
RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ တရုတ်အရေး ကျွမ်းကျင်သူတွေကတော့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့ သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်မြင်မှုဟာ တရုတ်အစိုးရရဲ့ အားပေးထောက်ခံမှု ရှိနေတာကြောင့် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ပြည်ပအထောက်အပံ့တွေ ရနေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ဒရုန်းတွေနဲ့ အဆင့်မြင့်နည်းပညာတွေ အသုံးပြုနေပြီး၊ ပြည်ပနိုင်ငံတွေက ဒရုန်း ပညာရှင်တွေရဲ့ အကူအညီရနေတယ်လို့ စစ်ခေါင်းဆောင်က ပြောသွားပေမယ့်၊ ဘယ်နိုင်ငံလဲ ဆိုတာတော့ ပြောမသွားပါဘူး။
MNDAAပြောခွင့်ရ လီကျားဝင်းကတော့ ကိုးကန့်တပ်ဖွဲ့ကို တရုတ်နိုင်ငံက ထောက်ပံ့နေတယ်ဆိုတာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။
“လက်ရှိ ဖြစ်လာတဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဟာ မြန်မာစစ်တပ်ရဲ့ နှစ် ၇ဝ ကြာ မတရားဖိနှိပ်အုပ်ချုပ်မှုတွေကြောင့်သာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းညီနောင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံက တိတ်တဆိတ် ခွင့်ပြုနေတာဟာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် Stimson Center ရဲ့ တရုတ်နိုင်ငံလေ့လာရေး အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး ယွန်းဆန်က သုံးသပ်ပါတယ်။
“တရုတ်နိုင်ငံဘက်က ငွေနဲ့ကုန်ပစ္စည်းတွေ ရှမ်းပြည်နယ်မြောက်ပိုင်းကို အတားအဆီးမရှိ ဝင်ရောက်နေတဲ့အတွက် လက်နက်ကိုင် အဖွဲ့တွေဟာ ဆက်လက်လှုပ်ရှားနေနိုင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေဟာ မြန်မာစစ်တပ်ရဲ့လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရှောင်ဖို့ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံဘက်ကို ဆုတ်ခွာထွက်ပြေးလေ့ရှိပါတယ်။ တရုတ်အစိုးရဟာ ဒီလို လုပ်ရပ်တွေကို မတားဆီးတာဟာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအတွက် အကြီးမားဆုံး အကူအညီပေးမှု ဖြစ်ပါတယ်”
တရုတ်အစိုးရကတော့ တရားဝင်အားဖြင့် မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် ဦးစားပေးဆောင်ရွက်နေတဲ့အကြောင်း ပြောထားပါတယ်။
“တရုတ်အစိုးရရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ပြဿနာဖြစ်အောင် လုပ်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမှ တရုတ်နိုင်ငံက ထောက်ခံမှာမဟုတ်ပါဘူး။ အပစ်ရပ်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေကိုလည်း မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးရဲ့ အကျိုးအတွက် လုပ်နေတာဖြစ်ပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသမှာ တည်ငြိမ်အေးချမ်းမှု ရှိဖို့ အကူအညီပေးသွားမှာ ဖြစ်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက ပြီးခဲ့တဲ့ ဒီဇင်ဘာလက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါတယ်။
သတင်းထောက်နဲ့ တရုတ်နိုင်ငံရေးလေ့လာသုံးသပ်သူ ဒန်ယူဝမ် ကတော့… တရုတ်အစိုးရဟာ ဒေသတွင်းမှာ တရုတ်ရဲ့ သြဇာပိုအားကောင်းလာစေတဲ့အပြင် တရုတ်နိုင်ငံသားတွေကို ဒုက္ခပေးနေတဲ့ ငွေလိမ်ဂိုဏ်းတွေကို ထိန်းချုပ်လိုက်နိုင်တဲ့အတွက် ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပဲ လို့ ပြောပါတယ်။
“ကိုးကန့်တပ်ဖွဲ့က ငွေလိမ်ဂိုဏ်းတွေကို ထိန်းချုပ်လိုက်တာဟာ၊ တရုတ်အစိုးရက ဒေသတွင်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် ဝင်ငွေရင်းမြစ်ကို ထိန်းချုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အခု ကိုးကန့်ဒေသရဲ့ခေါင်းဆောင်သစ်တွေဟာ တရုတ်ရဲ့အကျိုးစီးပွားတွေကို ပိုပြီး ကိုယ်စားပြုလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် သူတို့ကိုပြန်ပြီး ထိန်းချုပ်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်”
တရုတ်နိုင်ငံရဲ့ သြဇာအောက်မှာ ရှိနေခဲ့ပြီး၊ ကိုးကန့် ခေါင်းဆောင်တွေ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲခဲ့သလို မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင်တွေနဲ့လည်း မတည်ငြိမ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရကာစက မြန်မာကွန်မြူနစ်တွေရဲ့ အခြေစိုက်စခန်းအဖြစ်ရှိခဲ့တဲ့ ကိုးကန့်ဒေသဟာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲတဲ့နောက် အဲဒီအချိန်က မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ အဲဒီဒေသက စစ်ဘုရင် ဦးဖုန်ကြားရှင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားခဲ့ပြီး ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကို လှုပ်ရှားခွင့်ပေးခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ MNDAA ဟာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့နောက် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ခံခဲ့ရပြီး လောက်ကိုင်မြို့ကို ဆုံးရှုံးခဲ့ပါတယ်။ မြန်မာစစ်တပ်ကို ထောက်ခံတဲ့ ဒုတိယစစ်ဦးစီးချုပ် ပယ်ဆောက်ချိန်က ဦးဖုန်ကြားရှင်ကို အစားထိုးပြီး ကိုးကန့်ဒေသကို ဆက်လက်အုပ်ချုပ်ခဲ့တဲ့နောက် မြန်မာစစ်တပ်ရဲ့တပ်ဖွဲ့တွေ ကိုးကန့်ဒေသတွင်းမှာ စခန်းချခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံဘက်က ရာဇဝတ်ဂိုဏ်းတွေကိုလည်း ဝင်ငွေရဖို့ လက်ခံထားခဲ့ပါတယ်။ ဒီလို လက်ခံထားတဲ့အတွက် မြန်မာစစ်တပ်နဲ့ ကိုးကန့်အဖွဲ့ နှစ်ခုလုံးကို အကျိုးရှိစေခဲ့ပြီး ကိုးကန့်ဒေသမှာ တရားမဝင် ဒုစရိုက်လုပ်ငန်းတွေ ကြီးထွားလာတာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
၂၀၂၂ ခုနှစ်မှာ ဦးဖုန်ကြားရှင် ကွယ်လွန်ခဲ့တဲ့နောက် သားဖြစ်သူ ဖုန်ဒန်ရန်က ခေါင်းဆောင်နေရာကို ဆက်ခံပြီး MNDAA တပ်ဖွဲ့ဟာ လောက်ကိုင်မြို့ကို ပြန်ရဖို့ အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာတော့ တရုတ်အစိုးရဟာ တရုတ်-မြန်မာနယ်စပ်ဒေသက ငွေလိမ်ဂိုဏ်းတွေကို စတင်နှိမ်နှင်းလာပါတယ်။ RFA က ပြုစုထားတဲ့ စာရင်းတွေအရ တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနဲ့ထိုင်းနိုင်ငံတွေမှာ ပူးတွဲ စစ်ဆင်ရေးတွေ စတင်ခဲ့တဲ့နောက် ရှမ်းပြည်နယ်က ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်တဲ့ တရုတ်နိုင်ငံသား လေးသောင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ကိုးကန့်ဒေသခေါင်းဆောင်တွေ အပါအဝင် ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေသူတွေကို ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။
အခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ခိုက်မှုတွေကိုလည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ အလိုအတိုင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့နဲ့ တရုတ်နိုင်ငံသားတွေကို ကယ်တင်ဖို့ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စတင်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် ဇန်နဝါရီလ ၄ ရက်မှာတော့ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ချအညံ့ခံမှုတွေနဲ့အတူ MNDAA တပ်ဖွဲ့ဟာ မြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။
အခုဆိုရင် MNDAA ဟာ လောက်ကိုင်ဒေသမှာ တရားဥပဒေစိုးမိုးမှု ပြန်ရှိလာအောင် လုပ်ဖို့ ကြိုးစားနေပြီး အရင် ကိုးကန့်ခေါင်းဆောင်နဲ့ မိသားစုဝင်တွေကတော့ နေပြည်တော်ကို ထွက်ပြေးသွားတယ်လို့ MNDAA ပြောခွင့်ရ လီကျားဝင်းက RFA ကို ပြောပါတယ်။
အခုလို လောက်ကိုင်မြို့ကို ပြန်ရလိုက်တဲ့အတွက် တရုတ်နိုင်ငံကို အထူးပဲကျေးဇူးတင်တဲ့အကြောင်းလည်း လီကျားဝင်း က ပြောပါတယ်။
တရုတ်အစိုးရဟာ MNDAA အနေနဲ့ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နေရာမှာ ဆက်လက်ပြီး ကြားဝင် ဆောင်ရွက်ပေးနေမှာ ဖြစ်တဲ့အကြောင်းနဲ့ တရုတ်အစိုးရရဲ့ညှိနှိုင်းမှုနဲ့ ကိုးကန့်ဒေသအတွက် အကျိုးရှိတဲ့ ရလဒ်ထွက်လာဖို့ မျှော်လင့်ပါတယ်လို့ လီကျားဝင်းက ပြောသွားပါတယ်။
(RFA မန်ဒရင်းဘာသာဌာန သတင်းထောက် Song Danyang ၏ ဆောင်းပါးကို ကိုရဲခေါင်မြင့်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)