ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲက ရေးတဲ့စာ

စစ်တပ်အာဏာသိမ်းသုံးနှစ်ကြာ ထောင်ထဲမှာနေနေရပေမဲ့ အခုအချိန်ထိ စိတ်ဓာတ်ကြံ့ခိုင်လျက်ရှိတယ်လို့လည်း စာထဲမှာရေးထားပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ရန်ကုန်တိုင်း ကော့မှူးမြို့တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ Reuters

နေပြည်တော်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ပထမဆုံးအကြိမ် မိသားစုဆီရေးတဲ့ စာတစ်စောင် လက်ခံရရှိတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ရေးနဲ့ရေးထားတဲ့ မိသားစု သာကြောင်း၊ မာကြောင်းစာ ဖြစ်တယ်လို့ ဒီနေ့ RFA နဲ့ သီးသန့်မေးမြန်းရာမှာ ကင်မ်အဲရစ်က ထုတ်ဖော်ပြောဆိုပါတယ်။

စစ်တပ်အာဏာသိမ်းသုံးနှစ်ကြာ ထောင်ထဲမှာနေနေရပေမဲ့ အခုအချိန်ထိ စိတ်ဓာတ်ကြံ့ခိုင်လျက်ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က စာထဲမှာရေးထားပါတယ်။

"ဒါအာဏာသိမ်းပြီးနောက် ကျွန်တော် မေမေ့ဆီကနေ ပထမဆုံးအသံကြားရတာပါပဲဗျာ၊ စာကတော့ ကျွန်တော်တို့ မိသားစုအတွင်း ရေးတဲ့စာပါပဲ။ မိသားစုဝင်တွေ အားလုံးကို ချစ်တဲ့အကြောင်းနဲ့ သူကိုယ်တိုင်လည်း ကြံ့ကြံ့ခံလျက်ရှိကြောင်း ရေးထားပါတယ်။ အသက်အရွယ်ကြောင့် အရင်တုန်းကလောက် ကျန်းမာရေး မကြံ့ခိုင်တော့ပေမဲ့ စိတ်ဓာတ်ကတော့ မာကျောနေတုန်းပဲလို့ ရေးထားပါတယ်"

ဇန်နဝါရီလ လလယ်ပိုင်းမှာ အဲဒီစာကို ဗြိတိန်နိုင်ငံခြားရေးဌာနကနေတစ်ဆင့် ရရှိခဲ့တာလို့ ဆိုပါတယ်။ စာထဲမှာပါတဲ့ အသေးစိတ်ကိုတော့ မိသားစုအရေးဖြစ်လို့ ကင်မ်အဲရစ်က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

မိခင်ဖြစ်သူနဲ့တွေ့ခွင့်ရဖို့ သားဖြစ်သူဘက်က အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက ဘာမှ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်ထဲမှာ သားဖြစ်သူဟာ မိခင်ဖြစ်သူအတွက် ဆေးဝါးအသုံးအဆောင်ပစ္စည်းတွေ ပို့ပေးခဲ့ပြီး အဲဒီအသုံးအဆောင်တွေကို လက်ခံရရှိတယ်ဆိုတဲ့အကြောင်းလည်း စာထဲမှာ ရေးထားတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့်ရဖို့ ဆက်လက်ကြိုးစားနေတယ်လို့လည်း သားဖြစ်သူ ကင်မ်အဲရစ်က ပြောပါတယ်။

"ကျွန်တော်ကြိုးစားပေမဲ့ သူတို့ကျွန်တော့်ဆီကို ဘာမှ ဆက်သွယ်လာတာ မရှိသေးပါဘူး။ ကျွန်တော်ကတော့ မေမေနဲ့ ပုံမှန်အဆက်အသွယ်ရဖို့ ကြိုးစားနေတုန်းပါ။ မေမေ့ရဲ့ ကျန်းမာရေးက ကောင်းပါတယ်။ ဒါပေမဲ့ မကြာမကြာ သွားကိုက်ဝေဒနာခံစားရတာ၊ လည်ပင်းကြီးပေါင်းတက်တာကတော့ အခုထိဆက်ဖြစ်နေတုန်းပါပဲ"

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းတို့အား ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်လေဆိပ်တွင် မြင်တွေ့ရစဉ်။ (Photo: Reuters)

စစ်တပ်အာဏာသိမ်းတဲ့၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရပြီး လူမြင်ကွင်းကနေ ပျောက်ကွယ်သွားတာ ဒီနေ့ဆိုရင် သုံးနှစ်တိတိ ရှိပါပြီ။

ဒီကနေ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေကြည့်ပြီး သူ့ရဲ့မိခင်ဖြစ်သူဟာ စိတ်မကောင်းဖြစ်နေမှာ အမှန်ပဲလို့ ကင်မ်အဲရစ်က ပြောပါတယ်။

နိုင်ငံတစ်ဝန်းတိုက်ပွဲတွေ မကြာခင်မှာ ရပ်သွားတော့မယ်လို့ ကျွန်တော်မျှော်လင့်နေပါတယ်။

"တိုင်းပြည်ရဲ့ အခြေအနေဟာ မကြာခင်ကောင်းလာတော့မယ်လို့ ကျွန်တော်မျှော်လင့်နေပါတယ်။ ဒီကာလအတွင်း ကြံ့ကြံ့ခိုင်ခိုင်နေကြဖို့၊ ဆက်ပြီးတိုက်ပွဲဝင်နေကြဖို့၊ အရှုံးမပေးလိုက်ကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်"

အသက် ၇၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီရဲ့ စွပ်စွဲချက်အမှုပေါင်း ၁၉ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရပါတယ်။

အဲဒီအမှုတွေအတွက် စစ်ကောင်စီဗဟိုတရားရုံးက အယူခံဆက်တက်ထားပေမဲ့ တရားရုံးက ပယ်ချထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org