ဖားကန့်မြေပြိုမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးမှု ဒေသခံတွေ အားမရ
ဖားကန်မြို့နယ်၊ လုံးခင်းက ဝှေခါ ကျောက်စိမ်းတွင်းပြိုကျလို့ လူ နှစ်ရာကျော် သေဆုံးဒဏ်ရာရခဲ့တဲ့ အခြေအနေမှန်ကိုဖေါ်ထုတ်ဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ တကယ့်အခြေအနေမှန်တွေကို သိအောင်မကြိုးစားဘူးလို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။
-
အဲလိဇဘက်ဂျန်မာ
2020-07-13 -
-
-
ဖားကန်မြို့နယ်၊ လုံးခင်းက ဝှေခါကျောက်စိမ်းတွင်းပြိုကျလို့ လူ နှစ်ရာကျော် သေဆုံးဒဏ်ရာရခဲ့တဲ့ အခြေအနေ အမှန်ကိုဖေါ်ထုတ်ဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ တကယ့်အခြေအနေမှန်တွေကို သိအောင်မကြိုးစားဘူးလို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။
နိုင်ငံတော် သမ္မတက ဖွဲ့စည်းထားတဲ့ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ မြေပြိုကျမှုဖြစ်စဉ် စုံစမ်းစစ်ဆေးရေး အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ဖားကန့်ကျောက်စိမ်းတွင်းကို သွားရောက်စစ်ဆေး ခဲ့ပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ မြေပြိုတဲ့အခြေအနေတွေကို တကယ်ရင်ဆိုင်ခဲ့ကြတဲ့သူတွေနဲ့ သေချာတွေ့ဆုံမေးမြန်း တာတွေ မရှိတာကြောင့် အခြေအနေမှန်တွေကို မသိနိုင်ဘဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရက မြေပြိုမှုကြောင့် သေဆုံးသူ တစ်ဦးကို ငါးသိန်းနဲ့ ဒဏ်ရာရသူတွေကို နှစ်သိန်းစီ ထောက်ပံ့ပေးအပ် ခဲ့တာရှိပါတယ်။
ဒါပေမဲ့ အစိုးရအဖွဲ့အနေနဲ့ မြေပြိုကျမှုဖြစ်ခဲ့တဲ့နေရာနဲ့ တကယ်ဆင်းရဲဒုက္ခရောက်သူတွေကို တွေ့ဆုံဆွေးနွေး တာတွေ မရှိခဲ့ဘူးလို့ ဝှေခါဆရာတော် ဦးပဏ္ဏိတ က မိန့်ပါတယ်။
“ဘုန်းကြီးကြားတာက မနက်ဖြန်ခါတော့ လူကြီးတွေလာမယ်၊ လူကြီးတော်တော်များများလာပြီး ရွာကို လေ့လာမယ် သုံးသပ်မယ် အကဲဖြတ်မယ်၊ အဲဒီလိုထင်ထားတာ ဒီလူကြီးတွေနဲ့ တွေ့ရမယ်ဆိုတော့ ဘုန်းကြီးညတောင်အိပ်မပျော်ဘူး၊ ဒီလူကြီးတွေနဲ့တွေ့ရင် ဘုန်းကြီးဘာပြောရမလဲ ဘာတွေအကြံပေးရမလဲ ဒါတွေပဲဘုန်းကြီးစဉ်းစားခဲ့တာပါ ညမအိပ်ခဲ့ရပါဘူး၊ မနက်လင်းလို့ လူကြီးတွေလာမယ် နားစွင့်လိုက် တဲ့အခါမှာ နားစွင့်လို့မရဘူးဖြစ်နေတယ်၊ အဲတော့ရောက်ခဲ့ပြန်တော့လည်း ပျော်ပွဲစားထွက်တဲ့ပုံစံလိုလို လက်ဖက်ရည်သောက်လာတဲ့ပုံစံလိုလို ခဏတဖြုတ်လာပြီး ခဏတဖြုတ်ပြန်သွားတာဖြစ်ပါတယ်၊ တကယ် ဖြစ်ပျက်ခဲ့တဲ့နေရာတွေ ဒီလူကြီးတွေမကြည့်ခဲ့ပါဘူး၊ တကယ်ဆင်းရဲဒုက္ခရောက်တဲ့သူတွေကိုလည်း မကြည့်ခဲ့ပါဘူး”
စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးတွေအပြင် ကချင် ပြည်နယ်ဝန်ကြီးချုပ်တို့ ပါဝင်ပြီး မြေပြိုတာနဲ့ပတ်သက်ပြီး ဖားကန့်ကို သွားရောက်လေ့လာခဲ့ကြတာပါ။
သေဆုံးဒဏ်ရာရသူတွေကိုလည်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေက ထောက်ပံ့ငွေပေးခဲ့တာပါ။
အစိုးရအဖွဲ့အနေနဲ့ အန္တရာယ်ရှိတဲ့နေရာတွေမှာ လူတွေမနေခိုင်းဖို့ ပြောင်းရွှေ့ရန်ညွှန်ကြားသွားခဲ့တယ်လို့ ရပ်ကွက် (၆) ယာအိမ်မှူး ဦးဒေါင်ဇေးက ပြောပါတယ်။
“စုံစမ်းရေးနဲ့ဖော်ထုတ်တဲ့ကော်မတီရှင်တွေလည်း သူတို့ကရှင်းရှင်းပြောမယ်ဆိုရင် ကျွန်တော့်အနေနဲ့ နားမလည်ဘူး၊ ဥပမာ ကျွန်တော်တို့ဖြစ်စေချင်တာ ၁၅ အိမ် ၁၆ အိမ်က ပြုတ်ကျသွားတဲ့အချိန်မှာ အန္တရာယ် ရှိတယ် ဒီနားမှာမနေခိုင်းနဲ့ တခြားမှာပြောင်းခိုင်းလိုက် တခြားမှာနေခိုင်းလိုက် ဒါပဲပြောသွားတယ်၊ ပြောမယ် ဆိုရင် လူထုဆိုတာ အိမ်တစ်လုံးကိုရွှေ့ဖို့ပြောင်းဖို့ဆိုတာ ဒီနေ့ရှာဒီနေ့စားပဲဖြစ်နေတဲ့ ရေမဆေးတွေအတွက် အားလုံးကခက်ခဲတယ်၊ ဒါကြောင့်မို့ ဒီအိမ်တွေပြုတ်ကျတဲ့အချိန်မှာရော မပြုတ်ကျခင်မှာရော သူတို့ရောက် တယ်၊ တကယ်ဆိုရင် ဒီနေရာဒီလိုဖြစ်နေပြီ ဒီဘက်ဝိုင်းရွှေ့ရအောင် ဝိုင်းလုပ်ရအောင် စားဖို့သောက်ဖို့ ဘယ်လိုစဉ်းစားမယ်၊ ဒါမျိုးကမရှိဘူးလေ"
ပြည်ထောင်စုအဆင့်ရှိတဲ့ အစိုးရအဖွဲ့အနေနဲ့ ဖားကန့်ဒေသကို လာရောက်ကြတဲ့အချိန်မှာတော့ ဒေသခံ လူထုတွေနဲ့ သေသေချာချာစိစစ်ပြီး စုံစမ်းစစ်ဆေးရေးကို လုပ်စေချင်တယ်လို့ သုခလင်းပြည့် ကျန်းမာရေး အထောက်အကူပြု အခမဲ့ဆေးခန်း ဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောပါတယ်။
“ကျွန်တော်တို့ကတော့ ပြည်နယ် ပြည်ထောင်စုတွေကနေ ကျွန်တော်တို့ရဲ့ ကျေးလက်အုပ်စု တိုက်နယ်တွေ မှာဖြစ်နေတဲ့ကိစ္စတွေကို သူတို့ ပြည်နယ်တို့ ပြည်ထောင်စုတို့ခရိုင်တို့ကနေ စုစည်းပြီးတော့ ဆင်းလာကြ တယ်၊ အဲဒီဆင်းလာတဲ့အချိန်မှာ ကျွန်တော်တို့ဒေသခံ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရော ဒီနယ်မြေကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ သေသေချာချာစီစစ်ပြီးမှ သူတို့လုပ်ရမယ့်အကြောင်းအရာတွေကို လုပ်စေချင်တယ်၊ ကျွန်တော် တို့ အခုကြားရတာက ဘယ်နားမှာဘယ်နှစ်မိနစ် ဘယ်နားမှာဘယ်နှစ်နာရီ ဘယ်နားကိုသွားပြီး ဘာလုပ်မယ် ဆိုတော့ ကျွန်တော်တို့ဒေသခံတွေလည်း မြေပြင်မှာလက်တွေ့ဖြစ်နေတဲ့နေရာတွေကို ပြဖို့အခွင့်အရေး မရှိခဲ့ဘူး၊ အချိန်မလောက်တာတို့ နောက်ပြီး အကြောင်းအမျိုးမျိုးနဲ့ သူတို့သွားလာလှုပ်ရှားမှု အားနည်းတာ တို့ရှိတယ်၊ ရှိတဲ့အခါကျတော့ ခရီးသွားတယ်ဆိုတော့ လူတိုင်းလူတိုင်း လွယ်ကူတဲ့နေရာသွားချင်ကြတယ်၊ အဆင်ပြေတဲ့နေရာသွားချင်ကြတယ်၊ အဲဒီပုံစံနဲ့ဆိုတော့ ကျွန်တော်တို့မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခက်အခဲ တွေနဲ့တော့ ထိတွေ့ဖို့ခက်မယ်လို့တော့ထင်တယ်”
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ မြေပြိုကျမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့၊ သက်ဆိုင်ရာတာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်ဖို့၊ သေဆုံးဒဏ်ရာရသူတွေ မိသားစုတွေအတွက် ထောက်ပံ့ကူညီပေးဖို့နဲ့ မြေပြိုမှုကြောင့် လူသေ ဆုံးမှုတွေ ထပ်မံမဖြစ်ရအောင် လုံခြုံရေးအပါအဝင် ဆောင်ရွက်ရမှာတွေကို အကြံပြုတင်ပြဖို့ဆိုပြီး နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြန်လည်တင်ပြချက်တွေဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုတွေရှိနေမှာကို ဒေသခံတွေကြား စိုးရိမ်မှုတွေရှိနေတဲ့အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့မှာပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ နိုင်ငံတော်သမ္မတရုံးကို RFA က မေးမြန်းထားရာမှာလည်း ဒီနေ့ညနေအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။
ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းကတော့ ကပ်ရောဂါကာလဖြစ်နေတာကြောင့် လူစုလူဝေး အများကြီးနဲ့ မတွေ့ဆုံနိုင်ပေမယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့က မြေပြိုမှုကြောင့် ဒဏ်ရာရသူတွေအပြင် ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံပြီး သေချာစစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။
အခြေအနေမှန်တွေကို မသိနိုင်ရင် စစ်ဆေးမှုရလဒ်က အမှန်မထွက်နိုင်ဘဲ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်လို့ ဒေသခံတွေက စိုးရိမ်နေကြတာပါ။
ဇူလိုင် ၂ ရက်နေ့မနက်ကဖြစ်ခဲ့တဲ့ မြေပြိုကျတာကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ကျော်ရှိပြီး ၁၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အဲဒီအပေါ် ကချင်ပြည်နယ် လုံခြုံးရေး နဲ့ နယ်စပ်ရေးရာဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေတစ်ဦးကို အရေးယူထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အလားတူ မြေပြိုမှုဖြစ်ပွားရာနေရာက ရေမဆေးကျောက်လုပ်ငန်း ရှင် သုံးဦးကို ဖမ်းဆီးထားပြီး နောက်ထပ်လည်း အရေးယူဖို့ရှိကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ပြောထားပါတယ်။ ဘယ်လိုဥပဒေနဲ့ အရေးယူနေတယ်ဆိုတာကိုတော့ တိတိကျကျ ပြောဆိုခြင်း မရှိပါဘူး။
ဖားကန့်ဒေသမှာ ကျောက်စိမ်းတွင်မြေပြိုကျတာ မြေစာပုံပြိုကျတာနဲ့ မြေစာပုံနွံကန်ပြိုကျတာတွေကြောင့် နှစ်စဉ်နှစ်တိုင်း ကျောက်ရှာဖွေရေးသမားတွေ ရာနဲ့ချီသေဆုံးနေတာဖြစ်ပါတယ်။
ဒီလိုသေဆုံးနေတာဟာ ကျောက်ရှာဖွေနေသူ ရေမဆေးသမားတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေသလို ဒီလို ဆုံးရှုံးမှု တွေ ထပ်မဖြစ်လာအောင် အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းပေးဖို့ကိုလည်း ရေမဆေးသမားတွေက မျှော်လင့်နေကြပါတယ်။