ပဲခူးရိုးမက သစ်မှောင်ခိုလုပ်ငန်း နဲ့ သတင်းထောက်တွေရဲ့ အန္တရာယ်
ပဲခူးရိုးမက မထိန်းချုပ်နိုင်သေးတဲ့ သစ်မှောင်ခို လုပ်ငန်းနဲ့ သတင်းထောက်တွေရဲ့ အန္တရာယ် အကြောင်း တစေ့တစောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
-
2016-07-22 -
-
-
Your browser doesn’t support HTML5 audio
ပဲခူးရိုးမက မထိန်းချုပ်နိုင်သေးတဲ့ သစ်မှောင်ခိုလုပ်ငန်းနဲ့ သတင်းထောက်တွေရဲ့ အန္တရာယ်အကြောင်း တစေ့တစောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်အတွင်း အထိန်းအကွပ်မဲ့သစ်ထုတ်လုပ်မှု ကြောင့်၊ သစ်တောပြုန်းတီးနေပြီဖြစ်သလို၊ သစ်မှောင်ခိုလုပ်ငန်း ကြီးထွားနေတဲ့အကြောင်း ပြည်တွင်း ပြည်ပ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။ များသောအားဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကို သစ်မှောင်ခိုတင်ပို့တာတွေ ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် ၂ဝ၁၄ ခုနှစ်မှာ နိုင်ငံခြားကိုကျွန်းသစ်တင်ပို့ ရောင်းချတာပိတ်ပင်ခဲ့ပေမယ့် မှောင်ခိုထုတ်လုပ်တာကို ထိရောက်အောင်အရေး မယူနိုင်ခဲ့သလို၊ ၂ဝ၁၅ ခုနှစ် မှာဆိုရင် တရုတ်သစ်ခိုး ထုတ်သူ ၁၅၃ ယောက်ကိုဖမ်းပြီး ထောင်ဒဏ်တသက် တကျွန်းချခဲ့ပေမယ့်၊ ရက်ပိုင်းအတွင်းမှာပဲ သူတို့ကိုပြန်လွှတ်ပေးလိုက်တာ တွေ့ခဲ့ရပါတယ်။
အခု NLD ဦးဆောင်တဲ့ အစိုးရတက်လာတဲ့အခါမှာတော့ မြန်မာတစ်နိုင်ငံလုံး သစ်ထုတ်လုပ်တာ တစ်နှစ်ရပ် ဆိုင်းပြီး၊ ပဲခူးရိုးမက သစ်ထုတ်လုပ်တာတွေကို ဆယ်နှစ်ရပ်ဆိုင်းဖို့ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌါနက အခုဇူလိုင်လဆန်းမှာ ကြေညာလိုက်ပါတယ်။ ဒီ့အတွက်လည်း ပြည်သူတွေက လက်ခုပ်သြဘာပေးခဲ့ကြပါတယ်။
ဒါပေမဲ့ ပဲခူးရိုးမမှာတော့ သစ်မှောင်ခိုထုတ်လုပ်တာတွေဆက်ပြီးရှိနေသေးတယ်လို့ စုံစမ်းသိရှိရ ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ဝ ရက်နေ့ကဆိုရင် ကျောက်တံခါးမြို့က ကြေးမုံသတင်းထောက် တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဦးဆိုသူက သူတို့မြို့နားက အိုင်တုံချောင်းကနေတဆင့် မျှောလိုက်တဲ့ သစ်တွေကို ဓါတ်ပုံရိုက်ပြီး တစ်မြို့တည်းနေ ပရိဘောဂလုပ်ငန်းရှင်တစ်ဦးကို အဲ့ဒီသစ်တွေတရားဝင်၊ မဝင်မေးမြန်း စုံစမ်းတဲ့အခါ ထိုးကြိတ်ခံရပြီး မျက်လုံးနားတဝိုက်ဒဏ်ရာရခဲ့တဲ့ သတင်းတပုဒ် ပေါ်ထွက်ခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒီသတင်းထောက် ကိုမျိုးဦးကို ဆက်သွယ်မေးမြန်းကြည့်တော့သူက
"ချောင်းထဲကမျှောလိုက်တဲ့သစ်တွေကို ကျနော်ကဓါတ်ပုံရိုက်ပြီး သက်ဆိုင်ရာကိုတိုင်လိုက်တယ်၊ တိုင်လိုက်တော့ သွားဖမ်းကြတယ်ပြောတာပဲ၊ အဲ့တော့ ကျန်တဲ့သစ်သမားတွေကမနာလို ဘူး ဖြစ်တာပေါ့၊ ဖြစ်တော့ နဲနဲရန်ရှာချင်တာပေါ့၊ ကျနော့်မျက်လုံးကိုထိုးဖေါက်ဖို့ ကြိုးစားတယ်၊ ကျနော်ကရှောင်လိုက်တော့ မျက်လုံးတွေထိပြီးရဲသွားတယ်၊ လက်မှာဒဏ်ရာရသွားတယ်ပေါ့ဗျာ" လို့ပြောပြပါတယ်။
ဒီအမှုကို ကျူးလွန်သူကတောင်းပန်တဲ့အတွက် ကြေအေးလိုက်ပြီဖြစ်သလို၊ ကိုမျိုးဦး ကိုယ်တိုင်ကလည်း တရားတဘောင် ဆက်မဖြစ်ချင်တော့တာလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့တော့ ကျောက်တံခါးမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက
"သူတို့က နဂိုတည်းကလည်း သူငယ်ချင်းတွေပါ၊ ဒီလိုပဲ စရင်းနောက်ရင်းနဲ့ စိတ်တိုပြီးဖြစ်သွားတာပါ၊ ပြီးတော့ ဟိုဘက်ကလူကြီးမိဘတွေနဲ့ တောင်းပန်းလိုက်တော့ ကိုမျိုးဦးဘက်ကလည်း ကြေအေးပေး လိုက်ပါတယ်" လို့ ပြောပြပါတယ်။
ကျောက်တံခါးမြို့နယ်ထဲမှာ သစ်ခိုးထုတ်တာတွေရှိနေသေးလားလို့ အဲ့ဒီမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဦးကို မေးကြည့်တော့
"တောင်ပေါ်ကခုတ်တာပါ၊ ချောင်းကသယ်တာ အသေးလေးပါ၊ ကျနော်တို့ မြို့ကလည်း နိုင်ငံတော် တရားဝင် သစ်ဆိုင်မရှိတဲ့အခါကျတာ့ အဲ့ဒီချောင်းလေးတွေက မျှောတယ်ဆိုတာ ကျနော်တို့မြို့ မှာသုံးတဲ့ သေးအဖွဲလောက်ပဲ၊ တောသစ်တွေပေါ့၊ သစ်မာထဲမပါတဲ့ဟာတွေပေါ့နော်၊ တကယ်တမ်း စီးပွါးဖြစ် သစ်ထုတ်တာက အဲ့ဒီတောင်ပေါ်ကနေ ကားတွေနဲ့ခိုးထုတ်တာ၊ ကျနော်တို့ ကြားသလောက် သတင်းတွေအရပေါ့နော်၊ ပြည်သူ့ရဲတပ်ဖွဲ့ကရော၊ မှုခင်းရဲနဲ့ သစ်တောရဲတို့ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့တွေရဲ့ ကျနော့်ကိုပြောပြချက်အရ ညဘက်မှာ ကားဆယ်စင်း ၊ဆယ့်ငါးစင်း၊ အစင်းနှစ်ဆယ်တွေနဲ့ ခိုးထုတ်တယ်"လို့ ပြောပြပါတယ်။
တရားမဝင် သစ်ထုတ်လုပ်မှုတွေနဲ့ပတ်သက်လို့ ပဲခူးတိုင်းအရှေ့ခြမ်း ဒေသခံတစ်ယောက်ကလည်း အခုလို ပြောပြပါတယ်။
"သစ်မှောင်ခိုကတော့ ကျောက်တံခါး၊ ပဲနွယ်ကုန်းနှစ်မြို့မှာ တော်တော်ပေါတယ်ဗျ၊ ပေါတယ်ဆိုတာ အရင်အစိုးရလက်ထက် ငြိမ်းချမ်းရေးခေတ်ထဲက အဲ့လိုထုတ်လာခဲ့တာပဲလေ၊ ထုတ်တာကတော့ အဲ့ဒီအချိန်တုန်းက ဗိုလ်ခင်ညွန့်အဖွဲ့ပေါ့ဗျာ၊ အဲ့ဒီထောက်လှမ်းရေးအဖွဲ့တွေကို ပေးကမ်းပြီးတော့ သူတို့ထုတ်လာတာ၊ သစ်တောအဖွဲ့တွေနဲ့လည်းဒီလိုပဲ၊ တချိန်တုန်းကဆိုရင်တော့ သစ်မှောင်ခို အကြီးအကျယ်ပေါ့ဗျာ၊ နောက်က ကားကြီးနဲ့သယ်တယ်၊ ရှေ့က ကားလေးက ဂိတ်တွေကို ငွေပေးပြီး ရန်ကုန်-ပုလဲ စက်မှုဇုံကို သယ်ကြတယ်၊ အဲ့လိုလုပ်နေကြဆိုတော့ အစိုးရအဆက်ဆက် ခေတ်အဆက်ဆက် မှာ အဲ့လိုလုပ်ပြီးသွားနေကြတာပဲ၊ အခုဆိုရင် ပဲခူးရိုးမမှာ သစ်ထုတ်ခွင့်မရှိတော့ဘူးဆိုတဲ့ အနေအထားတွေဘယ်လိုပဲရှိရှိ လုပ်စားနေတုန်းပဲ၊ ဒါကလည်းပဲ တချို့ဌါနဆိုင်ရာတွေက လာဘ်ငွေယူပြီး အဲ့ဒီလိုပဲလုပ်နေကြတယ်၊ တကယ်လို့ သစ်မှောင်ခိုကို သာမန်ပြည်သူတစ်ယောက်က တွေ့လို့တိုင်ကြးရင် အရေးယူရမယ်ဆိုတဲ့ဥပဒေက နဂိုတည်းကရှိပြီးသား၊ အခုဟာက သတင်းထောက်ကို အဲ့လိုထိလုပ်တယ် ဆိုတဲ့ အဆင့်ထိဖြစ် လာတယ်ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေက အဲ့ဒီဟာကိုထိထိရောက်ရောက် အရေးယူပေးဖို့ လိုနေပြီ၊ ထိထိရောက်ရောက် အရေးမယူရင် ဒီလိုပဲ သစ်တောပြုန်းတီးအောင်လုပ်နေတဲ့ သစ်မှောင်ခိုတွေကို အားပေးအားမြှောက် လုပ်သလိုဖြစ်နေမှာပဲ " လို့ ထောက်ပြပါတယ်။
ကျောက်တံခါးမြို့နယ်ထဲမှာ ပဲခူးရိုးမအရှေ့နဲ့ အနောက်ကို ဖြတ်ဖေါက်ထားတဲ့ ကားလမ်းရှိပြီး၊ အဲ့ဒီလမ်းကို ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ အရေးပေါ်လူနာတင်ယာဉ်ကလွဲလို့ တခြားယာဉ်တွေ မသွားရအမိန့် ထုတ်ပြန်ထား ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လကုန်လောက်က ကျောက်တံခါးမြို့နယ်အပိုင် ဖဒိုဒေသမှာ ညသန်းခေါင်ကျော် ၂ နာရီလောက်မှာ သစ်မှောင်ခိုကားတစ်စီးက စစ်ဆေးရေး ဂိတ်ကတားထားတဲ့ သံပိုက်လုံးကို ဝင်တိုက်မောင်းပြေး တဲ့အတွက် သေနတ်တွေနဲ့ ပစ်ဖေါက်ဖမ်းဆီးတဲ့အခါ ကားမောင်းသမား ထွက်ပြေးသွားပြီး ကားကိုဖမ်းမိလိုက် ပါတယ်၊ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဖဒိုရဲစခန်းက ရဲအရာရှိတစ်ယောက်က
"သစ်တောက သေနတ်ဖေါက်ပြီးတာမြစ်တဲ့အချိန်မှာ ကြောက်အားလန့်အားနဲ့ ထွက်ပြေးသွားတယ်ပေါ့ ၊ ဖြစ်တာလည်း ညအချိန် နှစ်နာရီခွဲလောက်ဆိုတော့လေ၊ အဲ့လိုထွက်ပြေးတော့ ဘေးကနေတစ်ယောက်က တက်ပြီးတော့မောင်းတယ်ပေါ့၊ အခုကျနော်တို့ အမှုဖွင့်ထားတဲ့ တရားခံက၊ ဂိတ်ရဲ့ မောင်းတံက လည်း နှစ်ကျပ်လုံးလောက်ရှိတဲ့ သံပိုက်လုံးကို တဖြေးဖြေးတိုက်ပြီး မောင်းပြေးတာ၊ ကားကလည်းငှါးလာ တဲ့ကားတဲ့၊ ကျနော်တို့ ကားကိုဖမ်းမိတဲ့အချိန်မှာတော့ ကားမှာသစ်တွေမတွေ့ရဘူး" လို့ ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်လောက်ကလည်း အဲ့ဒီနယ်ထဲမှာပဲ ပိုင်ရှင်မဲ့ကား ၁ဝ စီး ဖမ်းမိပြီး အဲ့ဒီကားတွေကို တရားဝင်လိုင်စင် ရှိ မရှိ စစ်ဆေးဖို့ ကညနရုံးကိုပို့မယ်လို့ အဲဒီရဲအရာရှိက ဆိုပါတယ်။
EIA အဖွဲ့ရဲ့ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ကျွန်းသစ်မှောင်ခိုလုပ်ငန်းဟာ ကမ္ဘာ့ သစ်မှောင်ခို ကြီးတွေထဲက အကြီးဆုံးနိုင်ငံတစ်ခုဖြစ်နေသလို များသောအားဖြင့် တရုတ်နိုင်ငံကို တင်ပို့နေပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာရနေတယ်လို့ ဖေါ်ပြထားပါတယ်။
အခုလို သစ်မှောင်ခိုတွေအရေးယူဖို့ သစ်တောဦးစီးဌါနဲ့ သစ်တောရဲတို့က အဓိကကျပေမယ့် သူတို့အင်အားနဲ့ မနိုင်တဲ့အခါ သက်ဆိုင်ရာနယ်မြေခံရဲတွေကို အကူအညီတောင်းလို့ သွားရပေမယ့် ရဲတပ်ဖွဲ့မှာ ဝန်ထမ်းအင်အား မလုံလောက်တာ၊ အင်ဂျင်ပါဝါကြီးတဲ့ ရဲတပ်ဖွဲ့သုံး မော်တော်ကားတွေ မရှိတာ၊ ရုပ်ဝတ္ထုပစ္စည်း မပြည့်စုံတာ၊ နည်းပညာအားနည်းတာ၊ လာဘ်ပေးလာဘ်ယူ ရှိနေတာတွေက သစ်မှောင်ခိုသမားတွေကို နှိမ်နင်းတဲ့အခါ ထိရောက်မှုအားနည်းရတယ်လို့ ပြောကြပါတယ်။
ဒါပေမယ့် NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာတော့ ရဲဝန်ထမ်းတွေ၊ ဌါနဆိုင်ရာဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရင်ထက်စာရင် ပိုရှိလာနေသလို၊ အင်အားတိုးပေးဖို့ စီစဉ်နေပေမယ့် နှစ်ပေါင်း များစွာခေါက်ရိုးကျိုးနေတဲ့ စနစ်ဟောင်း လူဟောင်းတွေကြားမှာ အလျင်အမြန်ပြောင်းလဲ တိုးတက်ဖို့ဆိုတာကတော့ မဖြစ်နိုင်သေးဘူးလို့ ပြောဆိုကြပါတယ်ခင်ဗျာ။