မဲဆောက်မှာ မြန်မာတွေ လုပ်အားခအနှိမ်ခံနေရ

RFA Burmese
2023.10.05
မဲဆောက်မှာ မြန်မာတွေ လုပ်အားခအနှိမ်ခံနေရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စျေးတစ်ခုတွင် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားတချို့ ကို ၂ဝ၂၁ ခုနစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။
AFP

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ Ban wang takhian ဘန့်ဝမ်တခင်း(ဝါးစကင်း) ကျေးရွာက သောင်ရင်းမြစ်ဘေးမှာ ကာစီနိုအိမ်ယာ စီမံကိန်းတွေလုပ်နေပါတယ်။

စီမံကိန်းထဲမှာ ရေကူးကန်တွေ၊ ဖူဆယ်ကွင်းတွေ၊ တင်းနစ်ကွင်းတွေ၊ ဘောလီဘောကွင်းတွေ၊ ဘတ်စကတ်ဘောကွင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ ဇိမ်ခံခန်းတွေကို တည်ဆောက်နေတာပါ။

အဲဒီအိမ်ယာဆောက်လုပ်ရေးလုပ်ငန်းခွင် သုံးခုမှာ သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေ ရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့မှ ဦးမိုးကြိုးက ပြောပါတယ်။

"ထိုင်းနိုင်ငံသားတွေ မဲဆောက်ကနေ မြဝတီဘက်သွားပြီးတော့ မြဝတီနဲ့ မဲဆောက် မေးတင်ထားတဲ့ ကာစီနိုရုံတွေမှာ ပုံစံမျိုးစုံနဲ့ အွန်လိုင်းဂိမ်းတွေ ‌လောင်းကစားတွေ ကစားတဲ့ အခါမှာ အနိုင်ကျင့်မခံရအောင်လို့ ထိုင်းကနေပြီးတော့ သူတို့ မဲဆောက်ဘက်ခြမ်းမှာပဲ ကာစီနိုရုံတွေ စပြီးတော့ အဆောက်အဦးတွေ ကြီးကြီးမားမား ဆောက်လာတယ် အဲ့တာတွေဆောက်ပေးရတဲ့ မြန်မာလုပ်သားတွေရဲ့ဘဝက လုပ်အားခ အပြည့်အဝမရတာက စပြီး အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံရတယ် အမျိုးသမီးတွေက နေ့စားခ ၂၅၀၊ အမျိုးသားတွေကတော့ နေ့စားခ ၃၀၀ ဘတ်ရတယ်၊ ကျွန်တော်တို့ မြန်မာ လုပ်သားတွေဘဝကတော့ စီမံကိန်း အကြီးကြီးတွေမှာတောင် လုပ်အားခက စပြီးတော့ ချိုးဖောက်ခံရတယ် ဘယ်သူ့ဘယ်သူမှ ၃၃၂ ဘတ် အပြည့်အဝမရကြဘူး။"

ထိုင်းအလုပ်သမားဌာနက မဲဆောက်မြို့အပါအဝင် တာခ့်ခရိုင်အတွင်း ‌အခြေခံလုပ်ခလစာကို တစ်ရက်လုပ်အားခ ၃၃၂ ဘတ်၊ တစ်နာရီအချိန်ပိုကြေး ၆၅ ဘတ်ပေးဖို့ သတ်မှတ်ထားတာပါ။

ဆောက်လုပ်ရေးလုပ်သားတွေနည်းတူ အထည်ချုပ်၊ သိုးမွှေးထိုး၊ ခြံတောင်ယာ လုပ်ငန်းနဲ့ ဈေးရောင်းဈေးဝယ် ဆိုင်အကူလုပ်ငန်းတွေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း လုပ်အားခ အပြည့်မရကြဘူးလို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

တချို့ အလုပ်တွေက အလုပ်ခေါ်တဲ့အခါ ထိုင်းအစိုးရသတ်မှတ်တဲ့ လစာပေးမယ်လို့ ပြောပေမဲ့ လစာထုတ်တဲ့အခါ အပြည့်မပေးတာမျိုးလည်းရှိကြောင်း အထည်ချုပ်လုပ်ငန်းမှာလုပ်ကိုင်နေတဲ့ အမည်မဖော်လိုတဲ့ မြန်မာအလုပ်သမားတစ်ဦးက ကြုံတွေ့ရတာကို ပြောပါတယ်။

"မဲဆောက်ကို စရောက်တော့ အထောက်အထားကလည်းမရှိဘူး မရှိတဲ့အခါကျတော့ ရရာအလုပ် လုပ်မယ်ဆိုပြီးတော့ အလုပ်တွေလျှောက်တယ် အလုပ်တွေလျှောက်တဲ့အခါကျတော့ အမွှေးညှပ်တာလေးတွေရှိမယ်ပေါ့ သူတို့ကအမွှေးညှပ်ခ ခုနစ်ထောင် ရှစ်ထောင် လောက်ပေးမယ်လို့ပြောပြီးတော့မှ လုပ်ခိုင်းတာတွေ ရှိတယ်ပေါ့နော် ကိုယ်ကတော့ အလုပ်တော့လုပ်လိုက်တာပဲ လုပ်တဲ့အခါကျတော့ သူတို့က ပိုက်ဆံရှင်းမဲ့အချိန်ရောက်ရင် ဘန်ကောက်ကလူကြီးတွေက မပေးသေးလို့ ဒီစက်ရုံက မပေးသေးလို့ အဲ့လိုမျိုးတွေ လုပ်ပြီးတော့မှ မပေးတဲ့လတွေရှိတယ်။ ပြောထားတဲ့စကားတွေနဲ့လည်းမညီဘဲနဲ့ ပြောမယ်ဆို ဒီမဲဆောက်မှာ သတ်မှတ်ထားတာ အလုပ်သမားတစ်ယောက်ကို တစ်ရက်ဆိုရင် ၃၃၂ ဘတ် ရှိမယ်ပေါ့နော် အဲ့လိုမျိုးရဖို့ နေနေသာသာ တကယ်တမ်း လစဥ်လစဥ်ပေးမယ်လို့ပြောခဲ့တဲ့ ခုနစ်ထောင်၊ ရှစ်ထောင်တောင်မရခဲ့ဘူး။"

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း အကြမ်းဖက် ဖမ်းဆီးတာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူ တစ်ဦးက မဲဆောက်ဒေသက ဆောက်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ကွိုင်ထုတ်ပတ် လုပ်ငန်းခွင်တွေမှာ ထိုင်းလုပ်ငန်းရှင်နဲ့ မြန်မာအလုပ်သမားခေါင်းဆောင်တွေက လုပ်ခလစာ ခေါင်းပုံ ဖြတ်တာတွေကြုံခဲ့ရတယ်လို့ ပြောပါတယ်။

"ပထမ အလုပ်လာခေါ်တော့ သူတို့ပြောတာတော့ တစ်ရက်ကို ၂၂၀ ပေးမယ်ပေါ့နော် အခုတကယ့်တကယ်သွားလုပ်တော့ ၂၀၀ ပဲ ပေးတယ်၊ ပေးတော့ သူတို့က တစ်ပတ်တစ်ခါရှင်းလို့ ပြောတယ်၊ ခုနစ်ရက်ပေါ့နော်၊ ဒါပေမဲ့ တကယ့်တကယ်သွားလုပ်တော့ တစ်ပတ်ပြည့်တော့ မရှင်းပေးဘူး၊ သူတို့က ၁၅ ရက်ပြည့်မှ တစ်ခါရှင်းပေးမယ်ပြောတယ်၊ အဲ့လိုမျိုးလုပ်ခဲ့ရတယ်၊ အလုပ်ကြမ်း၊ အစိုးရသတ်မှတ်ထားတာ ကြားတာကတော့ ၃၃၂ ဘတ်လို့ သူတို့ သတ်မှတ်ထားတာပေါ့နော်၊ သတ်မှတ်ထားတောင်မှ အလုပ်ထဲမှာ အလုပ်သမားခေါင်းဆောင်တောင်မှ ၃၀၀ လောက်ပဲရတယ်၊ ထိုင်းကသတ်မှတ်ထားတဲ့ လစာမရကြဘူးပေါ့နော်၊ အဲ့လိုပေါ့၊ လုပ်တတ်တဲ့ လူတွေတောင်မှ ၃၀၀ လောက်ပဲ ရတယ်ပေါ့။"

ဒါ့အပြင် မဲဆောက်၊ ဖုဖရ၊ မယ်ရမတ်၊ ထခ်ဆောင်ယမ်းဒေသတွေဘက်က ကြံ၊ ပြောင်း၊ ပဲ၊ စပါးနဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ တောင်ယာ၊ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာဆိုရင်လည်း မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ တစ်နေ့လုပ်အားခဟာ ဘတ် ၁၂၀ ခန့်သာ ရရှိလုပ်ကိုင်နေကြတဲ့ အခြေအနေအထိရှိကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ တာဝန်ရှိသူ ဦးမိုးကျော်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အခုလို တာခ့်ခရိုင် မဲဆောက်မြို့ ကာစီနို အိမ်ယာဆောက်လုပ်ရေး လုပ်ငန်းခွင်နဲ့ အခြားစက်ရုံ၊ အလုပ်ရုံတွေမှာ ဒေသသတ်မှတ်နှုန်းထား လုပ်ခလစာ မရကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အရေးနဲ့ပတ်သက်ပြီး မဲဆောက်အုပ်ချုပ်ရေးဌာနကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။

ထိုင်းနိုင်ငံရှိ အထည်အလိပ်စက်ရုံတစ်ခုတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo : AFP
ထိုင်းနိုင်ငံရှိ အထည်အလိပ်စက်ရုံတစ်ခုတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo : AFP

အလုပ်သမားတွေ လုပ်ခလစာအပြည့်မရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မဲဆောက်အလုပ်သမား သံအရာရှိရုံး တာဝန်ရှိသူကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ မြန်မာအလုပ်သမားတွေ လုပ်ခလစာအပြည့်မရဘူးဆိုတာကို သံရုံးကို လာပြောတာ မရှိသေးကြောင်း ပြောပါတယ်။

"ကျွန်တော်တို့ မဲဆောက်သံရုံးကို လာပြီးတိုင်ကြားတယ်ဆိုရင် လုပ်ခလစာအပြည့်အဝရဖို့ ဖြေရှင်းပေးနေပါတယ်၊ ကျွန်တော်တို့ကို လာတိုင်ကြားရင် ဖြေရှင်းပေးနေတာပါပဲ"

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်အဆင်မပြေကြတာတွေ အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် အသက် ၁၈ နှစ်ကနေ အသက် ၃၀ အကြား လူငယ်တွေဟာ ထိုင်းနိုင်ငံဘက်ကို တရားဝင်နည်းလမ်းနဲ့ရော တရားမဝင် နည်းလမ်းနဲ့ပါ သွားရောက် အလုပ်လုပ်နေကြပါတယ်။

အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရပေမဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ပြောင်းရွှေ့အလုပ်လုပ်သူ များလာတာဟာ မြန်မာနိုင်ငံအတွင်း လုံခြုံစိတ်ချမှုမရှိတာကြောင့်ဖြစ်တယ်လို့ ဦးမိုးကြိုးက ဝေဖန်ပါတယ်။

"မြန်မာနိုင်ငံမှာဆို ဖုန်းကစစစ်ပြီးတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ချို့ယွင်း သွားနိုင်တယ်၊ ထောင်ကျ တန်းကျဖြစ်ပြီးတော့ နောက်ဆုံးသေသွားနိုင်တယ် ဒီအနေအထားတွေမှာ ထိုင်းနိုင်ငံမှာ လုပ်အားခအပါအဝင် အခြားအခြားသော စာရွက်စာတန်းတွေကို သိမ်းထားတာ ရှိသေးတယ်၊ အလုပ်ရှင်တွေက စာရွက်စာတန်းလုပ်ပေးပေမဲ့လည်း လုပ်ကို သုံ့ပန်းမလုပ်ရတော့ စာရွက်စာတမ်းတွေကို သုံ့ပန်းအဖြစ်နဲ့သိမ်းထားတယ်၊ အဲ့လိုအလုပ်သမား အခွင့်အရေးတွေကို ဘက်ပေါင်းစုံက ချိုးဖောက်ခံရနေပါစေ ထိုင်းနိုင်ငံမှာ အသက် ဆက်လက်ရှင်သန်တယ် ဒီအတွက်ကြောင့် ဘယ်လောက်ပဲ အလုပ်သမား အခွင့်အရေး ပေါင်းစုံချိုးဖောက်နေပါစေ ထိုင်းနိုင်ငံမှာ ဆက်လက်ရှင်သန်နေထိုင်ကြတာပဲဗျ။"

လက်ရှိ တာခ့်ခရိုင်ထဲက မဲဆောက်၊ ဖုဖရ၊ မယ်ရမတ်၊ ထခ်ဆောင်ယမ်း ဒေသတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သိန်းဝန်းကျင်ရှိနေပြီး အဲဒီထဲက တရားဝင် နေထိုင်အလုပ်လုပ်ခွင့် လက်မှတ် (ပန်းရောင်ကဒ်) နဲ့ အလုပ်လုပ်နေသူ ခုနစ်သောင်းဝန်းကျင်ရှိပါတယ်။

ဒါကြောင့် အထောက်အထားမဲ့ နေထိုင်သူနဲ့ ပန်းရောင်ကဒ် သက်တမ်းမတိုးတော့ဘဲ နေထိုင်သူ တစ်သိန်းသုံးသောင်း ဝန်းကျင်ရှိနေကြောင်း မဲဆောက်အခြေစိုက် ရွှေ့ပြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ထိုင်းအစိုးရက တရားမဝင်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို ပန်းရောင်ကတ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားချိန်ကို လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ခွင့်ပြုပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။