မလေးရှားရောက်မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

အဖမ်းခံရသူတွေထဲမှာ ခွင့်ပြုချက်မရှိဘဲ စတိတ်ရှိုးပွဲ လုပ်ခဲ့တဲ့ မြန်မာအဆိုတော် အေမီဈာန်နဲ့ မော်ဒယ်လ် ဖူးပွင့်ခိုင်တို့လည်း ပါပါတယ်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံ ဆီရန်ဘန်ပြည်နယ်က စားသောက်ဆိုင်တစ်ဆိုင်တွင် စစ်ဆေးဖမ်းဆီးခံထားရသူများအား တွေ့ရစဉ်။ Photo: Jabatan Imigresen Malaysia

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့သူတွေကို ရဲတပ်ဖွဲ့က အခုရက်ပိုင်း ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာတင် တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားရာနဲ့ချီ အဖမ်းခံရပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား အနည်းဆုံး အယောက် ၁၅ဝ ပါပါတယ်။

တရားဝင်မထုတ်ပြန်တဲ့ စာရင်းတွေလည်းရှိသလို တခြားနိုင်ငံသားတွေနဲ့ ရောပြီးထုတ်ပြန်တဲ့စာရင်းတွေလည်း ရှိသေးတာကြောင့် အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ဒီထက်မက များနိုင်တယ်လို့ မလေးရှားရောက် မြန်မာတွေကပြောပါတယ်။

အဖမ်းခံရတဲ့သူတွေထဲ မြန်မာအဆိုတော် အေမီဈာန်နဲ့ မော်ဒယ်လ် ဖူးပွင့်ခိုင်တို့လည်း ပါပါတယ်။ သူတို့ နှစ်ယောက်ကတော့ အလည်အပတ်ဗီဇာနဲ့ မလေးရှားကို ရောက်လာပြီး ခွင့်ပြုချက်မရှိဘဲ စတိတ်ရှိုးပွဲလုပ်နေချိန် ရဲတပ်ဖွဲ့ရဲ့ ဝင်ရောက်ဖမ်းဆီးတာ ခံခဲ့ရတာပါ။

"အဲဒီစတိတ်ရှိုးပွဲကို လာတဲ့ မြန်မာအယောက် ၁၄ဝ ကျော် အဖမ်းခံခဲ့ရပါတယ်။ စတိတ်ရှိုးပွဲ စီစဉ်သူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုရွှေသိန်းက "အေမီဈာန်နဲ့ ဖူးပွင့်ခိုင်တို့က အလည်အပတ်ဗီဇာနဲ့ လာတာ။ ပွဲလုပ်မယ့်ဗီဇာ မဟုတ်ဘူး။ ပွဲအတွက်က စာရွက်စာတမ်းတွေ လုပ်တယ်။ အဲဒါကြောင့် ဖမ်းထားတာ”

မြန်မာနိုင်ငံသားတွေဟာ အခုလို ညဘက်အပျော်အပါး ကလပ်တွေမှာတင် အဖမ်းခံရရုံသာမက အလုပ်လုပ်တဲ့နေရာတွေ၊ လမ်းမှာ သွားရင်းလာရင်း စစ်ဆေးခံရရင်လည်း နေထိုင်ခွင့်အထောက်အထားမရှိလို့ ဖမ်းဆီးခံရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ကွာလာလမ်ပူမြို့တော်က ဗလီတစ်ခုရှေ့မှာ တောင်းရမ်းစားသောက်နေတဲ့သူ ၁ဝ ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးလိုက်ပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးလေးဦးအပါအဝင် ခုနစ်ဦးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က မလေးရှားနိုင်ငံ ဆီလမ်ဂေါပြည်နယ်အတွင်း တရားမဝင် နေထိုင်နေသူများအား မလေးရှားရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးစဉ်။ (Photo: Jabatan Imigresen Malaysia)

အလားတူ နိုင်ငံခြားသား ၁၃ ယောက် အပျော်တမ်းဘောလုံးစုကန်နေချိန် ရဲတပ်ဖွဲ့ရဲ့ဝင်ဖမ်းတာခံရပြီး အဲဒီထဲမှာလည်း မြန်မာနိုင်ငံသားတွေ ပါပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Rasah ရပ်ကွက်က စားသောက်ဆိုင်တန်းတွေကို ဝင်ဖမ်းတဲ့အခါ မြန်မာနိုင်ငံသား ၃၁ ယောက် အဖမ်းခံရပါတယ်။

Johor Bahru မြို့က အနှိပ်ခန်းတစ်ခုမှာလည်း မြန်မာနိုင်ငံသား အမျိုးသားရော၊ အမျိုးသမီးရော ၃၄ ယောက် အဖမ်းခံရပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံ၊ ဆီလမ်ကောပြည်နယ်မှာ မြန်မာအများစုနေတဲ့ ဆန်တိုဇာအရပ်က တိုက်ခန်းတွဲတွေကို မလေးရှားရဲတွေ ဝင်စစ်ပြီး လူအယောက် ၁ဝဝ ကျော်ကို ဖမ်းဆီးသွားပါတယ်။

အဲဒီမှာနေတဲ့ မြန်မာတစ်ဦးပြောပြတာက ... "ကျွန်တော်တို့အိမ်ကိုလည်း ဝင်စစ်ပေမဲ့ UN ကတ်ရှိတော့ အဖမ်းမခံရဘူး။ ကျွန်တော့်အသိ ချင်းတွေ အယောက် ၃ဝ လောက်ပါသွားတယ်။ မြန်မာတွေလည်း တော်တော်ပါတယ်။ တခြား တရားမဝင်နေနေတဲ့ နိုင်ငံခြားသားတွေလည်း ပါတယ်"

မလေးရှားမှာ လူမှုကူညီရေးအလုပ်တွေ လုပ်နေတဲ့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်ကတော့ မလေးရှားအစိုးရဘက်က တရားဝင်နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်လျှောက်ဖို့ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလကုန်ထိ ခွင့်ပြုထားပေမဲ့ အဲဒီကာလအတွင်းမှာ တရားဝင်နေထိုင်ခွင့် မလျှောက်ခဲ့သူတွေကို အခုလိုက်လံဖမ်းဆီးနေတာလို့ ရှင်းပြပါတယ်။

"အော်ပရာစီ ဖမ်းပြီးတာနဲ့ ထောင်သုံးလ၊ ဒါမှမဟုတ် ခြောက်လကျခံရတယ်။ သုံးလ ကျခံရတာ များပါတယ်။ ကျခံပြီးရင် Camp ကို ပို့တယ်။ Camp ကနေ မြန်မာပြည်ပြန်ပို့တာများတယ်"

မလေးရှားနိုင်ငံသားတွေ ကိုယ်တိုင်က မလုံခြုံဘူး၊ စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး တိုင်ကြားတာတွေရှိတာကြောင့် မလေးရှားရဲတွေက ပိုက်စိပ်တိုက်ရှာနေတာလို့ ဆိုပါတယ်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ဗလီတစ်ခုရှေ့တွင် တောင်းရမ်းနေသူတစ်ဦးအား တာဝန်ရှိသူများက စစ်ဆေးနေစဉ်။ (Photo: Jabatan Imigresen Malaysia)

ကိုသက်ကတော့ အခုကာလအတွင်းမှာ ကိုယ့်မြန်မာနိုင်ငံသားတွေ အသွားအလာ ဆင်ခြင်ကြဖို့ သတိပေးပါတယ်။

"နေထိုင်သွားလာတာကအစ ဆင်ခြင်ရမယ်။ ပုဆိုးတွေ ဝတ်ကြ၊ သနပ်ခါးတွေလိမ်း ကွမ်းတွေစား သွားလာနေရင် အခုလို ကာလမှာ အော်ပရာဇီဝင်တဲ့အခါ ပါသွားနိုင်တယ်။ အဲဒီတော့ အခုလိုကာလမှာ အထောက်အထားမရှိသူတွေက ပွဲလမ်းတွေ ရှောင်ရှားနေသင့်တယ်။ ဒီနေရာမှာဖမ်းရင် ညကျ တောထဲတွေ သွားအိပ်တာ၊ တခြားနေရာမှာ သွားအိပ်တာ လုပ်သင့်တယ်"

မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားဘယ်လောက်ရှိလဲဆိုတာ စာရင်းအတိအကျမသိနိုင်ပေမဲ့ သိန်းနဲ့ချီ တယ်လို့လည်း သူကပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် မလေးရှားလာတဲ့သူတွေ ပိုများလာပါတယ်။

၂ဝ၂၃ ခုနှစ်ကုန် ဒီဇင်ဘာလအစောပိုင်းကစပြီး "အော်ပရာဇီစစ်ဆင်ရေး" အဖြစ် တရားမဝင်နေထိုင်တဲ့သူတွေကို ရှောင်တခင် ဝင်စစ်ပြီး ဖမ်းဆီးမယ်လို့ မလေးရှားရဲတပ်ဖွဲ့က ကြေညာထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲ မြန်မာနိုင်ငံသားတွေတင်မက ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်နိုင်ငံက နိုင်ငံသားတွေ ပါပါတယ်။ ဖမ်းဆီးခံရသူတွေကို လတ်တလော ဒေသတွင်းထောင်မှာဖမ်းဆီးထားပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ အရေးယူသွားဖို့ရှိတယ်လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org