အာဏာသိမ်းပြီးတစ်နှစ်အတွင်း လူတစ်သန်းခွဲကျော် အလုပ်လက်မဲ့ဖြစ်
ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုဒဏ်ကြောင့် တစ်နှစ်အတွင်း လူတစ်သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ ILO က ထုတ်ပြန်ထားပါတယ်။
- 2022-02-08
-
-
-
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုဂယက်တွေကြောင့် လူ ၁.၆ သန်း အလုပ်အကိုင် ဆုံးရှုံးခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) ရဲ့ ဇန်နဝါရီ ၂၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလုပ်လက်မဲ့ဒဏ်ကို ဆောက်လုပ်ရေး၊ အထည်ချုပ်နဲ့ ခရီးသွားကဏ္ဍတွေမှာ အများဆုံး ကြုံခဲ့ရတာပါ။ အဲဒီအထဲမှာ အမျိုးသမီး အလုပ်သမားတွေက အပြင်းထန်ဆုံး ရိုက်ခတ်ခံရ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးအလုပ်သမား အများအပြားရှိနေတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာလည်း စက်ရုံပိတ်ထားရတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေနဲ့ အလုပ်ရှင်တွေက အလုပ် ဖြုတ်တာတွေ ကြုံနေရတယ်လို့ ရွှေပြည်သာမြို့နယ်က Honor Apparel အထည်ချုပ် စက်ရုံမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အလုပ်ဖြုတ်ပစ်လိုက်တယ်ဆိုတာ ပြစ်ချက် ဘာမှကြီးကြီးမားမားမရှိဘဲနဲ့ ဖြုတ်ပစ် လိုက်တာ။ အရမ်းကြီးတဲ့ကိစ္စမဟုတ်ဘဲ Warning သုံးခါပြည့်ရင် ထုတ်ပစ်မယ်ဆိုတာမျိုး၊ ဥပမာ ကတ်မချိတ်ထားတာလောက်၊ Mask မတပ်တာလောက်နဲ့ Warning ထိုးခိုင်းတာမျိုး၊ ဒဏ်ကြေးကောက်တာတို့ အဲဒီလိုမျိုးတွေက လက်ရှိလည်း စက်ရုံမှာ ရှိနေတာပဲ”
သူလုပ်ကိုင်နေတဲ့စက်ရုံမှာ အလုပ်သမား ၄၀၀ ခန့်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မတ်လကုန်က စက်ရုံမီးလောင်မှုဖြစ်ပွားပြီးနောက်မှာတော့ အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ် ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။
အခုနောက်ပိုင်း အထည်ချုပ်စက်ရုံတွေဟာ နေ့စားဝန်ထမ်းတွေကိုသာခေါ်ယူလေ့ပြီး အလုပ်အကိုင်ရှာဖွေနေကြတဲ့ အထည်ချုပ်အလုပ်သမားတွေဟာလည်း ရန်ကုန်မြို့က စက်မှုဇုန်တွေအနီးမှာ မနက်တိုင်း တွေ့ရတယ်လို့ သူက ပြောပါတယ်။
အလားတူ ခရီးသွားကဏ္ဍဟာလည်း အာဏာသိမ်းပြီးနောက် လုပ်ငန်းမလည်ပတ်နိုင် ကြတော့လို့ အလုပ်အကိုင်ဆုံးရှုံးမှုတွေဖြစ်နေပါတယ်။
မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အလုပ်လက်မဲ့ဦးရေဟာ ILO ရဲ့ ထုတ်ပြန်ချက် ထက် ပိုများနိုင်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“စားသောက်ဆိုင်နဲ့ တချို့ဟိုတယ်တွေက ပြန်ဖွင့်နိုင်တယ်။ ဒါကလည်း အရင်ခေတ် ကလို ၁၀၀ ရာခိုင်နှုန်းတော့ မရှိနိုင်ဘူး။ ရာသီအလိုက်တော့ ရှိနိုင်တယ်။ အလုပ်အကိုင် က အာမမခံနိုင်ဘူးဆိုရင် အချိန်ပိုင်းပုံစံနဲ့ သွားမယ်။ မသေချာတဲ့ အလုပ်အကိုင်အနေ အထားအရ သွားမယ်ဆို ရေရှည်မှာ မလွယ်ဘူးပေါ့။ အလုပ်လက်မဲ့ ၁.၆ သန်းဆိုတာ က စစ်တမ်းအရပဲ ဖြစ်နိုင်တယ်။ မမြင်နိုင်တဲ့အရာတွေ တစ်ပုံကြီးပေါ့”
ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုကဏ္ဍနဲ့ ဟိုတယ်၊ စားသာက်ဆိုင် စတဲ့ ဆက်စပ် လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူ နှစ်သန်းဝန်းကျင်လောက်ဟာ အလုပ်အကိုင် မသေချာ တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သူက ဆိုပါတယ်။
"ပြည်တွင်းမှာလည်းပဲ စီးပွားရေးလုပ်ငန်းတွေက ပုံမှန်လည်ပတ်တာ မရှိနိုင်ဘူး"
လက်ရှိမှာ ပြည်တွင်းခရီးသွားတချို့ရှိနေပေမဲ့ ပြည်ပကနေ ဝင်ရောက်လာသူတွေဟာလည်း နေရပ်ပြန်သူ၊ အစိုးရကိစ္စ၊ စီးပွားရေးကိစ္စတွေအတွက် ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ သာ ဝင်ရောက်ကြတယ်လို့ ပြောပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံအတွင်း တချို့ကဏ္ဍတွေမှာ တည်ငြိမ်လာသလို နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အသင့်အတင့်ရှိနေတာကြောင့် ၂၀၂၂ စက်တင်ဘာလအထိ စီးပွားရေး တစ်ရာခိုင်နှုန်း တိုးတက်နိုင်တယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုကနေ အမေရိကန်ဒေါ်လာ သန်း ၃၅၀၀ ကျော်ရခဲ့တယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့လည်း လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်တဲ့အနေအထား မဖြစ်လာနိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်တွင်းစီးပွားရေးပညာရှင် တစ်ယောက်က သုံးသပ်ပါတယ်။
“ရင်းနှီးမြှုပ်နှံမှုတွေက သူတို့ကြေညာတဲ့ဟာတွေ စိတ်ချလို့မရဘူး။ ကမ္ဘာ့ဘဏ်က လည်း သူတို့ကြေညာတာတွေကို မူတည်ပြီး သုံးသပ်ထားတယ် ထင်တာပဲ။ အခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း လက်ရှိအစိုးရနဲ့ ပြေလည်တဲ့သူတွေ ရင်းနှီးမြှုပ်နှံတာကလွဲလို့ အထူးသဖြင့် အနောက်ကမ္ဘာက ရင်းနှီးမြှုပ်နှံတာက မရှိဘူး။ ပြည်တွင်း မှာလည်းပဲ စီးပွားရေးလုပ်ငန်းတွေက ပုံမှန်လည်ပတ်တာ မရှိနိုင်ဘူး။ ဆရာတို့ ကတော့ တိုးတက်နိုင်တယ်လို့ မသုံးသပ်ဘူး။ ဆရာတို့ အမြင်အားဖြင့် ဆုတ်ယုတ် နိုင်တဲ့ အနေအထားပဲရှိသေးတယ်”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ စီးပွားရေး ပြန်ဦးမော့စေ ဖို့ သွင်းကုန်တွေလျှော့ချပြီး ပြည်တွင်းအလုပ်အကိုင်တွေ ဖန်တီးသွားမယ်လို့ သူ့ရဲ့ တစ်နှစ်ပြည့်မိန့်ခွန်းမှာ ပြောပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူတွေ လျှပ်စစ်ဓာတ်အား ချွေတာသုံးဖို့၊ စက်သုံးဆီ၊ စားသုံးဆီတွေချွေတာဖို့ကိုလည်း ပြောခဲ့ပါတယ်။
ဒါပေမဲ့လည်း စီးပွားရေးပညာရှင်တွေကတော့ မြန်မာ့စီးပွားရေး အခြေအနေ ပုံမှန်ပြန်ရောက်နိုင်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ လိုအပ်နေပြီး အများလက်ခံနိုင်တဲ့ အဖြေတစ်ခုရလာမှသာ တိုင်းပြည်ထိခိုက်မှု အနည်းဆုံးဖြစ်လာနိုင်တယ်လို့ သုံသပ်ပြောဆိုကြပါတယ်။