သိမ်းပိုက်ခံနယ်တွေအတွက် စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ် မအောင်မြင်နိုင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စက်တင်ဘာ ၃ ရက်နေ့က ပြောဆိုလိုက်ပြီးတဲ့နောက် လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက်ရှိပြီး ဒီနေ့အထိ လူပေါင်း ခြောက်ဆယ်နီးပါး (၅၇) ဦး သေဆုံးခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး ဓာတ်ပုံ

လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ သိမ်းလိုက်တဲ့ နယ်မြေတွေကို ပြန်ရဖို့ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စက်တင်ဘာ ၃ ရက်နေ့က ပြောဆိုလိုက်ပြီးတဲ့နောက် လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက်ရှိပြီး ဒီနေ့အထိ လူပေါင်း ခြောက်ဆယ်နီးပါး (၅၇) ဦး သေဆုံးခဲ့ပါတယ်။

အဲဒီထဲမှာ အများစုဟာ ကလေးနဲ့ အမျိုးသမီးတွေဖြစ်သလို၊ အာရက္ခတပ်တော် (AA) ဖမ်းထားတဲ့ စစ်ကောင်စီတပ်က သုံ့ပန်းတွေလည်း ပါဝင်ပါတယ်။

"သူတို့ရဲ့ စစ်နည်းဗျူဟာတွေက တိုက်တိုင်းရှုံးနေတဲ့ အနေအထားတွေဖြစ်နေတာက တကယ့်လက်တွေ့ပဲ"

ဒီလိုတိုက်တာဟာ ကလဲ့စားချေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။

"စစ်ရေးအရတိုက်တာ မဟုတ်တော့ဘဲနဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ သူစစ်ရှုံးနေတဲ့ဟာတွေအတွက် လူထုရဲ့ တော်လှန်ရေး အောင်မြင်နေတဲ့ဟာကို လူထုအပေါ်မှာရှုံးမဲ မဲပြီးတော့ ကလဲ့စားချေဖို့ကြိုးစားနေတာ။ သူဘယ်လိုပဲလုပ်လုပ် သူ့မှာရှိနေတဲ့ အားသာနေတဲ့ လေကြောင်းကနေပြီးတော့ တိုက်ခိုက်နေတာ ဘယ်လောက်ပဲလုပ်လုပ် သူစစ်ရှုံးနေတာကို နောက်ကြောင်းပြန်နိုင်မှာ မဟုတ်ဘူး"

စစ်ကောင်စီကို စစ်ရာဇဝတ်မှုနဲ့ အရေးယူနိုင်ဖို့ရော၊ လေယာဉ်ဆီ တားဆီးပိတ်ပင်ဖို့ကိုပါ နိုင်ငံတကာအနေနဲ့ ပိုပြီးလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

လွတ်မြောက်နယ်မြေတွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုများလာ

လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် နှစ်လအတွင်း လူနှစ်ရာကျော် သေဆုံး

အညာဒေသကို စစ်ကောင်စီတပ် ထိုးစစ်ပြင်းထန်လာ


လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ နိုင်ငံတကာနဲ့ ပြည်တွင်းကရနေတဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်နိုင်ဖို့ လိုအပ်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ တာဝန်ခံ မူလန်က RFA ကို ပြောပါတယ်။

“ပြည်တွင်း ရေနံလုပ်ကွက်တွေကနေ ရေနံစိမ်းတွေကို လေယာဉ်ဆီ ချက်နေတာတွေ ရှတယ်။ ဒါကိုလည်း အာရုံစိုက်ပြီး ဖြတ်တောက်နိုင်ဖို့ လိုပါတယ်။ ပြည်တွင်း လမ်းကြောင်းဖြတ်တောက်ရေးကို ထိထိရောက်ရောက် မလုပ်နိုင်ရင်တော့ အခုလို လေကြောင်းနဲ့ ဗုံးကြဲမှုတွေ ဆက်ဖြစ်နေရဦးပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ပြည်ပကို ပြောစရာရှိတာ၊ တိုက်တွန်းစရာရှိတာ ပေါ်လစီတွေ ပြောင်းလာအောင် ဆက်တွန်းပါမယ်”

စစ်ကောင်စီရဲ့ လေတပ်အတွက် မန်းသံပုရာကန် ရေနံချက်စက်ရုံကနေ လေယာဉ်ဆီ ထုတ်လုပ်နေသလို အာဆီယံနိုင်ငံတွေကနေလည်း လေယာဉ်ဆီရနေတယ်လို့ ပြောပါတယ်။

တအောင်း အမျိုးသားတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့တွေကို နေ့တိုင်းလိုလို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့လို့ စက်တင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်က နောင်ချိုမှာ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး အရပ်သားအိမ်တွေ ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဒါဟာ စစ်ကောင်စီက သူလက်လွှတ်လိုက်ရတဲ့ နယ်မြေတွေအတွက် လေကြောင်းကနေ တိုက်နေပေမယ့်၊ ကြည်းတပ်တွေအနေနဲ့ တန်ပြန်ထိုးစစ်ဆင်နိုင်တဲ့ အခြေနေမရှိတော့ဘူးလို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

"အတတ်နိုင်ဆုံး ခုခံကာကွယ်နေတဲ့ အနေအထားပဲ ရှိတော့တယ်လို့ ကျွန်တော် မြင်တယ်။ တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းသိမ်းပြီးသား နယ်မြေတစ်ခုကို သူတို့ရယူဖို့ဆိုတာက နံပါတ်တစ် စိတ်ဓာတ်ခွန်အားပေါ့။ စိတ်ဓာတ်ခွန်အားတင် မဟုတ်ပါဘူး။ သူတို့မှာ အရင်းမြစ်တွေ အများကြီးရှိတဲ့ အနေအထားမျိုးတွေမှာတောင်မှ သူတို့ရဲ့ စစ်နည်းဗျူဟာတွေက တိုက်တိုင်းရှုံးနေတဲ့ အနေအထားတွေဖြစ်နေတာက တကယ့်လက်တွေ့ပဲ"

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မန္တလေးတိုင်းမှာ မိုးကုတ်၊ တကောင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့တွေကို ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ မတ္တရာမြို့နယ်မှာလည်း အယ်ဖာဘိလပ်မြေစက်ရုံ အပါအဝင် နယ်မြေအများစုကိုလည်း စိုးမိုးထိန်းချုပ်ထားတာပါ။

ရှမ်းမြောက်မှာလည်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်တဲ့ လားရှိုး အပါအဝင် သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်မြို့တွေကို စစ်ကောင်စီက လက်လွှတ်ထားရပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေကြေပျက်စီးနေတဲ့ အခြေနေတွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာ အဖွဲ့စည်းတွေဆီပေးပို့သွားမယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ ညီနောင်မဟာမိတ် သုံးဖွဲ့က ပူးတွဲထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်အရာရှိဟောင်းတစ်ဦးကို မေးကြည့်တဲ့အခါ စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်တွေစုဖွဲ့ပြီး တန်ပြန်ထိုးစစ်ဆင်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။

"ပြည်သူ့စစ်မှုထမ်းဥပဒေအရ လူတွေက ထွက်လာပြီ။ တပ်တွေလည်း ပြန်လည်စုစည်းလိုက်ပြီးပြီ ဆိုတော့ နောက်တစ်ခုက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ရပ်ရွာနဲ့ ပတ်သက်တဲ့ လုံခြုံရေးဝန်ထမ်းတွေ၊ အရံ ပြည်သူ့စစ်တွေပေါ့ ဒါမျိုးတွေ ဖွဲ့စည်းလိုက်ပြီဟေ့ဆိုတာနဲ့ တစ်ပြိုင်တည်း ကျွန်တော်တို့က စစ်တပ်က တိုက်စစ်သပ်သပ်ကို ပြန်လုပ်နိုင်တဲ့ အနေအထားရောက်လာပြီ၊ အဲဒီလိုမျိုးပဲ လုပ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်"

စစ်ကောင်စီအနေနဲ့ လေကြောင်းအားသာချက်ရှိသလို တန်ပြန်ထိုးစစ်အတွက် အချိန်ယူ ပြင်ဆင်ခဲ့တာကြောင့် လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်ပြီးထိန်းချုပ်လာလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ (ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဓာတ်ပုံ)

ဒါပေမဲ့ မန္တလေးတိုင်းအတွင်းက ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်လည်တိုက်ခိုက်သိမ်းယူဖို့ အရင်လို မလွယ်ကူတော့ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

"အရင်ကထက် PDF တွေကလည်း ချေမှုန်းရေး စစ်ပွဲတွေလုပ်နိုင်တဲ့အဆင့်ကို ရောက်လာတဲ့အခါမှာ PDF တွေရဲ့ စိုးမိုးနိုင်တဲ့နယ်မြေ ပိုကျယ်ပြန့်လာတဲ့ အနေထားပေါ့။ ဒါကြောင့်မို့ ဒီအနေအထားအတိုင်း သွားမယ်ဆိုရင် PDF တွေရှိနေတဲ့ နယ်မြေလည်း တိုင်းရင်းသားတွေ ချုပ်ကိုင်ထားတဲ့ နယ်မြေလိုပဲ ရေရှည်ထိန်းချုပ်လာနိုင်မဲ့ အနေအထားကို ရောက်လိမ့်မယ်လို့ ထင်ပါတယ်"

နိုင်ငံတစ်ဝန်းမှာ မြို့ပေါင်း ၇၃ မြို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအောက် ရောက်သွားသလို၊ အဲဒီမြို့တွေကို ပြန်သိမ်းယူနိုင်ဖို့ ရန်နိုင်မင်း စစ်ဆင်ရေး အမည်နဲ့ တန်ပြန်ထိုးစစ်ဆင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကို အဓိကလုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ လေကြောင်းတစ်ခုတည်းနဲ့ နယ်မြေတွေကို ပြန်သိမ်းနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ကာကွယ်ရေးတပ်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org