မြန်မာ့နိုင်ငံရေးမှာ ကာကွယ်ရေးဦးစီးချုပ် ဘယ်လိုပါဝင်လာမှာလဲ
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ဖို့ စဉ်းစားမယ်လို့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲအပြီးမှာ သူ သမ္မတဖြစ်လာနိုင်ပါသလား။
-
ခင်မောင်စိုး
2020-07-01 -
-
-
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ဖို့ စဉ်းစားမယ်လို့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲအပြီးမှာ သူ သမ္မတ ဖြစ်လာနိုင်ပါသလား။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အနေနဲ့ လာမယ့် ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ဖို့ စဉ်းစားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ရုရှား သတင်းဌာနတခုကို ပြောကြားခဲ့တဲ့အတွက် သူ သမ္မတဖြစ်ဖို့ကြိုးစားလိမ့်မယ်ဆိုပြီး အများပြည်သူအကြားမှာ ကာလရှည်ကြာ ပေါ်ထွက်နေတဲ့ သတင်းကို ပိုမိုအတည်ပြုသလို ဖြစ်သွားခဲ့ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်က သူ့မှာ အနှစ် ၄ဝ ကျော် နိုင်ငံရေးနဲ့ စစ်ရေးအတွေ့အကြုံတွေ ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဟုတ်ကဲ့ လက်ရှိ မြန်မာ့နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ နိုင်ငံတော်သမ္မတ ဖြစ်လာနိုင်တဲ့အနေအထား ဘယ်လိုရှိပါသလဲ။ နော်ဝေနိုင်ငံရှိ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦး က ဖြစ်နိုင်ချေရှိပေမယ့် နည်းပါတယ်လို့ သုံးသပ်ပါတယ်။
“အများစုနိုင်တဲ့ နိုင်ငံရေးပါတီကနေပြီးတော့ သမ္မတ နှစ်နေရာ ရွေးချယ်တင်မြှောက်မယ်။ တပ်မတော်က တစ်ယောက် အလိုလိုပါပြီးသားဖြစ်မယ်။ အဲဒီ သုံးယောက်ထဲကမှ မဲအများဆုံးရတဲ့သူက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရမှာပေါ့နော်။ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်တို့က ကိုယ်စားလှယ်တွေအားလုံးကနေ မဲပေးပြီးတော့ ရွေးချယ်တင်မြှောက်မယ်။ လွှတ်တော်က အတည်ပြုမယ်ဆိုရင် သမ္မတဖြစ်မယ်။ တကယ်လို့ NLD က အပြတ်အသတ်မနိုင်ဘူးဆိုရင်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ထိုက်သင့်တဲ့အမတ်နိုင်ခဲ့မယ် တပ်မတော်ကိုယ်စားလှယ်တွေလည်း ပါမယ်ဆိုရင် မဲအများစုနဲ့ သမ္မတဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဗျာ။ ဒါပေမဲ့ ဒါက အခြေအနေ တော်တော်နည်းမယ်လို့ ကျနော်ထင်တယ်”
လာမယ့် ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီ NLD အနေနဲ့ ၂ဝ၁၅ ခုနှစ်ကလို အစိုးရတရပ် စိတ်တိုင်းကျ တည်ထောင်နိုင်အောင် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် မရခဲ့ဘူးဆိုရင် တခြား ပါတီအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ရလိမ့်မယ်ဆိုတဲ့ အသံတွေလည်း ပေါ်ထွက်နေပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့် ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်မှာကို ကြိုဆိုလိုက်ပါတယ်။
“တပ်မတော်ရဲ့ အခန်းကဏ္ဍကို ကျနော်တို့ မျက်ကွယ်ပြုလို့မရဘူး။ တပ်မတော်ခေါင်းဆောင်ရဲ့ အခန်းကဏ္ဍကိုလည်း မျက်ကွယ်ပြုလို့မရဘူး- ဆိုတဲ့အခါကျတော့ ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးပါတီတွေနဲ့ ဦးစီးချုပ်နဲ့ ပူးပေါင်းခြင်းသည် positive view လို့ ကျနော်တို့ မြင်တယ်။ NLD ကလဲ အဲဒီသဘောထား ရှိမယ်လို့ ထင်တယ်။ ကျနော်တို့တိုင်းပြည်ရဲ့ သမိုင်းကြောင်းနဲ့ ယှဉ်ပြီးပြောရရင် နိုင်ငံရဲ့အခန်းကဏ္ဍမှာ တပ်မတော်ရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတာလဲ အရည်အချင်း အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်မယ်ဆိုရင် နိုင်ငံတော်အတွက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ ကျနော်ယုံကြည်တယ် ”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူတို့ပါတီ လက်တွဲဆောင်ရွက်မယ့် အခြေအနေ ဘယ်လိုရှိပါသလဲလို့ RFA က မေးမြန်းခဲ့ရာမှာတော့ ဦးနန္ဒာလှမြင့် က ---
“တပ်မတော်နဲ့ ကျနော်တို့ ပါတီနဲ့ကတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျနော်တို့ပါတီကို ပူးပေါင်းလာမယ်ဆိုတာတော့ အခုအချိန်ထိ ကျနော်တို့ဘာမှ သိရှိမထားပါဘူး”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းခဲ့စဉ်က တက်တက်ကြွကြွ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ မန္တလေးမြို့နေ ဦးမျိုးဝင်းကတော့ မြန်မာနိုင်ငံမှာ အစိုးရ ၂ ရပ် ရှိနေတယ်လို့ ပြောစမတ်ပြုနေရချိန်မှာ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် နိုင်ငံရေးလောကကို မဝင်ရောက်သင့်ပါဘူးလို့ ဝေဖန်ပါတယ်။
“တပ်မတော်မှာ သြဇာအကြီးဆုံးလူက ဒုတိယသမ္မတဖြစ်လာမယ်ဆိုရင် အစိုးရအဖွဲ့မှာ အကုန်လုံးထိန်းချုပ်သွားနိုင်တယ်။ လုပ်ရကိုင်ရ ခက်သွားနိုင်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ သူလုပ်တယ်ဆိုတဲ့အခါကျတော့ ဒါကိုတော့ ကျနော်တို့က ကြိုဆိုရမှာပေါ့။ ဒါပေမဲ့ ကျနော်တို့က ၂ဝဝ၈ ဖွဲ့စည်းပုံကို ကြိုက်ခဲ့တာမှမဟုတ်ဘဲ။ ဖွဲ့စည်းပုံပြင်တယ်ဆိုတာ
ကိုယ်က အဓိကအချက်က တပ်က နိုင်ငံရေးမှာ ဝင်မပါနိုင်အောင်လို့ ပြင်တာပဲ။ ဘယ်သူ့ကို ကြိုက်တယ် မကြိုက်ဘူးအဆင့်ထိတောင် မရောက်ပါဘူး။ နိုင်ငံရေးမှာ တပ်မတော်ပါတာကို မကြိုက်တာ။”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဖို့အတွက် ဘယ်လို ဆက်လက် ဆောင်ရွက်မှာလဲ ဆိုတာ မကြာခင်ပိုမိုမြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။