စစ်ကောင်စီတပ်ဖွဲ့တွေ သုံးရက်အတွင်းဆုတ်ဖို့ KNU တပ်မဟာ (၁)ကြေညာ

KNU ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ (၁) နယ်မြေမှာရှိတဲ့ KNDO တပ်ရင်း (၂) က သူတို့နယ်မြေမှာရှိတဲ့ လေးကေနဲ့ ဝင်းတာပန် စခန်း (၂) ခုက စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရမယ်လို့ ဧပြီလ ၂ဝ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး (KNU) မှ နှစ် ၇၀ ပြည့် ကရင်တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားကျင်းပနေစဉ်။ Photo: AFP

KNU ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ (၁) နယ်မြေမှာရှိတဲ့ KNDO တပ်ရင်း (၂) က သူတို့နယ်မြေမှာရှိတဲ့ လေးကေနဲ့ ဝင်းတာပန် စခန်း (၂) ခုက စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရမယ်လို့ ဧပြီလ ၂ဝ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။

တကယ်လို့ မဆုတ်ခွာဘူးဆိုရင် စစ်ရေးအရ ထိရောက်စွာအရေးယူမှာဖြစ်တယ်၊ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ KNDO တပ်ဖွဲ့နဲ့ ပူးပေါင်းချင်ရင် အဲဒီသတ်မှတ်ရက်မတိုင်ခင် ဆက်သွယ်ပါ၊ တကယ်လို့ ထွက်ခွာလိုတယ်ဆိုရင်တော့ လမ်းကြောင်းနဲ့ အချိန်ကို အတိအကျ ကြိုတင်ညှိနိုင်းပါလို့ တပ်မဟာ (၁) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

KNU ဗဟိုကော်မတီဝင်နဲ့ ပြောခွင့်ရသူ ပဒိုစောတောနီးက ဒါဟာ အာဏာရှင်စနစ်ကို ကရင်ပြည်နယ်ကနေ အပြီးအပိုင် ဖယ်ရှားရေးအတွက် ခြေလှမ်းတစ်ခုဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ရှိထားတဲ့ KNU မူဝါဒဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို လုံးဝလက်ခံလို့ မရဘူး အပြုတ်တိုက်ရမယ်ဆိုတဲ့ မူဝါဒရှိပြီးသားဆိုတော့ အောက်ခြေမှာရှိတဲ့ တပ်ဖွဲ့တွေကလည်း သူတို့ လုပ်နိုင်တဲ့ အပိုင်းကနေ အကောင်အထည်ဖော်ရေးအပိုင်းကနေ အားကြိုးမာန်တက်လုပ်နေတာကို ဖော်ပြလိုက် တာပဲလေ။ စစ်ရေးအရရော၊ အုပ်ချုပ်ရေးအရရော၊ နိုင်ငံရေးအရရော ဘက်ပေါင်းစုံနဲ့ ဖိအားပေး နေတယ်ဆိုတာ ဖော်ပြတာပါ။”

မြန်မာ့အရေးလေ့လာသူ နိုင်ငံရေးသမား ဦးသန်းစိုးနိုင်ကလည်း KNU ဘက်က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှ အခုလို ကြေညာချက်ထုတ်ပြန်လိုက်တယ်လို့ ယူဆပါတယ်။

“မထွက်ပေးရင် အပြတ်တိုက်မယ် အနိုင်တိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကြေညာလိုက်တာဖြစ်တဲ့ အတွက် ပြည်သူတွေဘက်က အားရစရာပါ။ ဒီစစ်ကောင်စီရဲ့ စစ်စခန်းတွေရှိတဲ့ ကာလပတ်လုံး ပြည်သူတွေရဲ့ သွားလာရေး အလုပ်အကိုင်စသည်အားဖြင့် အဘက်ဘက်ကနေပြီးတော့ ပိတ်ပင် နှောင့်ယှက် သတ်ဖြတ် ရွာတွေ မီးရှို့ စသည်အားဖြင့် ဒါတွေအလုပ်ခံနေရတဲ့ အနေအထားအောက်မှာ ဒီလိုစခန်းတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်တာဟာ ပြည်သူတွေအတွက်က အကျိုးရှိတဲ့ တောင်းဆိုချက်ပါ။ အခုလိုတောင်းဆိုလိုက်တယ် ဆိုတဲ့ကိစ္စက ဒီစစ်တပ်တွေဟာ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ချေမှုန်းနိုင်တဲ့ အနေအထားအောက်မှာ ရှိနေလို့သာ တောင်းဆိုလိုက်တာ ဖြစ်တဲ့အတွက် တော်လှန်ရေးဖြစ်တည်မှုအတွက် ကောင်းမွန်တဲ့တောင်းဆိုချက်ဖြစ်တယ် ပြည်သူတွေက လက်ခုပ်ဩဘာတီးပြီး ကြိုဆိုကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။”

ဒီအတောအတွင်းမှာပဲ စစ်ကောင်စီက သူတို့လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို မနေ့ကစပြီး ရက်အကန့်အသတ်မရှိ အရေးကြီးကာလအဖြစ် သတ်မှတ်ညွှန်ကြားလိုက်ကြောင်း ကြားသိရတယ်လို့ CDM စစ်တပ်အရာရှိဟောင်းတွေက မီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီလို အရေးကြီးကာလ သတ်မှတ်ချက်ကို တပ်မတော်နေ့လို ကာလမျိုးမှာသာ ကြေညာလေ့ရှိတဲ့အတွက် ဒါဟာ ထူးခြားတဲ့အမိန့်ဖြစ်တယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က RFA ကိုပြောပါတယ်။

“စစ်ကောင်စီ စစ်တပ်က အရေးကြီကာလ ကြေညာလိုက်တယ်လို့ အကြမ်းဖျင်းသိရတယ်။ ဒါကို နှုတ်မိန့်နဲ့ လာတဲ့ အမိန့်လို့လည်း သိရတယ်။ ဒီလိုအရေးကြီးကာလ သတ်မှတ်တာဟာ စစ်တပ် တစ်တပ်လုံးကို အရမ်းတွေးပြီး သူတို့ရဲ့ ဌာနချုပ်လုံခြုံရေး စခန်းလုံခြုံရေး သူတို့ရဲ့ တပ်လုံခြုံးရေးကို အဓိကတည်ဆောက်ချင်တဲ့ သဘောလို့ပြောလို့ရတယ်။ စစ်ရေးသဘောနဲ့ပြောရရင် သူတို့ဘက်က ခံစစ်ကိုလုံအောင် တည်ဆောက်နေတဲ့သဘော။ သူတို့ရဲ့ ရဲစခန်းတွေ တပ်စခန်းတွေ ဝင်ရောက် တိုက်ခိုက်ခံရတာတွေရှိတယ်။ သူတို့ ခံစစ်စည်းကို လုံခြုံအောင်တည်ဆောက်လိုက်တဲ့ သဘော လို့ပြောလို့ရတယ်။ သူတို့ ထိုးစစ်အတွက် လုံလောက်တဲ့ အင်အားမရှိတော့ဘူး။ ထိုးစစ်ဆင်ရင် နောက်ကို ဝင်ရောက်တိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့သဘော။ တပ်ထဲက လူတွေလည်း သိပါတယ် တခြားကျွမ်းကျင်တဲ့ သူတွေလည်း သိပါတယ် တပ်အင်အားက အလိုလို ချိနဲ့နေတဲ့အချိန်မှာ ဆုံးရှုံးဖို့ပဲရှိတဲ့ အချိန်မှာ သူတို့အနေနဲ့ ထိုးစစ်ကိုလုပ်ဖို့ အင်အားကြီးကြီးမားမား မရှိတော့ဘူး။ အဲ့ဒီအတွက် ခံစစ်ကို လုံခြုံအောင် တည်ဆောက်တယ်လို့ ပြောချင်တယ်။”

တပ်တွင်းမှာ အရေးကြီးကာလအဖြစ် သတ်မှတ်ညွှန်ကြားလိုက်တယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။

“တော်လှန်ရေးဖြစ်တည်မှုအတွက် ကောင်းမွန်တဲ့ တောင်းဆိုချက်ဖြစ်တယ် ပြည်သူတွေက လက်ခုပ်ဩဘာတီးပြီး ကြိုဆိုကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။”

အခု လတ်တလော တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးတဲ့သတင်းတွေ နေ့စဉ်လိုလို ပေါ်ထွက်နေစဉ်အတွင်း အခုလို အရေးကြီးကာလ သတ်မှတ်တဲ့ သတင်းထွက်လာတာပါ။

ပဒိုစောတောနီးက - “သတင်းပတ်နှစ်ပတ်အတွင်းထဲမှာ သူတို့ဘက်က ကျဆုံးတာ ၉ဝ နီးပါး ကျသွားတာ တော်တော်များတဲ့ အရေအတွက်ဖြစ်တယ်။ ဒါပေမဲ့ သူတို့က အဲဒါကို ထပ်ခါ ထပ်ခါ နေ့ရော ညရော လာလာပြီးတော့ လုပ်နေတယ်။ ကြည့်ရတာတော့ ဒါရှုံးမဲမဲနေတာ။ ကျွန်တော်တို့မှာ မြို့သိမ်းတိုက်ပွဲတွေ ဘာတွေ လုပ်နေတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ဒေသမှာ ပြောက်ကျား သေနင်္ဂဗျုဟာအရ ခံစစ်အရှင်နဲ့ လှုပ်ရှားသွားလာနေရတယ်ဆိုတော့ ကျွန်တော်တို့ဘက်က အသေအပျောက် တော်တော်နည်းတယ်လို့ ပြောလို့ရတယ်။ သူတို့နဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင်။ ဒါပေမဲ့ လူထုအတွက် အများကြီးစိုးရိမ်စရာ ရှိတယ်။ သူတို့က အဲ့လို ရှုံးမဲမဲပြီဆိုရင်တော့ မြေပြင်တပ်တွေက လက်နက်ကြီးနဲ့ ရမ်းပြီးလျှောက်ပစ်တာ ရွာလည်း မရှောင် အကုန်ပစ်ခတ်တာ။ အဲ့မှာ ရွာသူရွာသားတွေ အသားလွတ် သေရတာ ရှိတယ်။ ကျွန်တော်တို့ တပ်ဖွဲ့တွေ အတွက် ဘာမှ စိုးရိမ်စရာမရှိဘူး။ ကျွန်တော်တို့မှာ ဟိုးအရင်တုန်းကလို စခန်းတွေ ရှိမှ မရှိတော့ဘဲ။ ပြောက်ကျားသေနင်္ဂဗျုဟာအရ အရှင်ပဲလျှောက်သွားနေတာဆိုတော့ ပစ်မှတ်ဆိုတာ အရမ်းခက်တယ်။ လူထုအတွက်ပဲ အရမ်းစိုးရိမ်တာ။”

ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီအနေနဲ့ အုပ်ချုပ်ရေး၊ စစ်ရေး အဘက်ဘက်မှာ တစ်နေ့တခြား ကျဆုံးနေပြီလို့ ဝေဖန်ပါတယ်။

“ကျွန်တော်တို့ ပြည်သူတွေအတွက် နွေဦးတော်လှန်ရေးအောင်ပွဲနဲ့အတူ စစ်အာဏာရှင်စနစ် မြေမြှုပ်ရေးဟာ အခု စတင်ပြီလို့ ယုံကြည်ပါတယ်။”

ဒါ့အပြင် ဦးသန်းစိုးနိုင်က စစ်ကောင်စီဟာ NUG အစိုးရရဲ့ တစ်နှစ်အတွင်း တိုးတက်မှုတွေကို သတိထားပြီး တုံ့ပြန်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ယူဆကြောင်းလည်း RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org