အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းမြောက်မှာ တိုက်ပွဲပြန်ဖြစ်

ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် တွေ့ရစဉ်။ Telegram/ PSLF/TNLA News

ဟိုင်ဂင် သဘောညီချက်အရ ငါးလကျော်ကြာ တိုက်ပွဲတွေရပ်စဲနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ ဒီနေ့မနက်က စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် အရပ်သား နှစ်ဦးထက်မနည်း သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“ကျောက်မဲမြို့သိမ်းတိုက်ပွဲနဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲ လုပ်မလား မလုပ်ဘူးလားဆိုတာက TNLA က ဆုံးဖြတ်ပါလိမ့်မယ်"

နောင်ချိုမြို့ကနေ ပြင်ဦးလွင်ဘက်အထွက် ကျောက်ကြမ်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအနီးမှာ ဒီနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်ပြီးနောက် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျောက်ကြမ်းဘက်မှာ ဖိုက်တာဂျက်နဲ့လည်း လာပစ်သွားပြီ။ မနက် ငါးနာရီစပြီးဖြစ်တယ်။ အခုချိန်အထိ ကြားနေရတုန်းဗျ။ လူတွေကတော့ ရှောင်ပြေးကုန်ပြီပေါ့ဗျာ။ ဘာတွေဖြစ်တယ်ဆိုတာ အတိအကျ မသိရသေးဘူး။ ကျောက်ကြမ်းဘက်က သွားလို့မရဘူးဗျ။ လမ်းပိတ်နေတယ်။ အဲလမ်းကြောပေါ်မှာပဲ စစ်ဖြစ်နေတော့ လမ်းကြောကတော့ ပိတ်နေတာပေါ့ဗျာ”

နောင်ချိုနဲ့ ပြင်ဦးလွင်ကြားက ကျေးရွာတွေအနီးအထိပါ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းသုံးပြီး အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေ့လယ်ပိုင်းမှာတော့ နောင်ချိုမြို့ အထွက်မှာရှိတဲ့ စစ်ကောင်စီ ခမရ - (၁၁၄)၊ (၁၁၅) တပ်တွေနဲ့ မြို့ပေါ်အထိ တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့လည်း ပြောပါတယ်။

နောင်ချိုကနေ ကျောက်မဲမြို့ကို ဆက်သွယ်ထားတဲ့ ဂုတ်တွင်းလမ်းပိုင်း တစ်လျှောက်မှာလည်း မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက နေရာယူထားပြီး ဂုတ်တွင်းတံတားမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်မယ့် အခြေအနေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကျောက်မဲ ဒေသခံတွေ ပြောပြချက်အရ စခန်းသာနဲ့ နားအိုက်ခမ်း ကျေးရွာအနီးမှာလည်း ဒီမနက်က တိုက်ပွဲတွေ ဖြစ်ခဲ့သလို ကျောက်မဲမြို့ လေးမိုင်းကုန်း ၊ ငြိမ်းချမ်းရေးကုန်း စတဲ့နေရာတွေမှာလည်း နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ တစ်ပြိုင်နက်ဖြစ်နေပါတယ်။ မြို့ပတ်လည်ကို TNLA တပ်ဖွဲ့တွေက ဝိုင်းထားပြီး စစ်ကောင်စီဘက်ကတော့ ကျောက်မဲမြို့ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့မနက်က ကျောက်မဲမြို့ ရပ်ကွက် (၈) နဲ့ တိလင်ရပ်ကွက်တွေကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ လေးဦးရှိတယ်လို့ ကျောက်မဲမြို့က ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“လောလောဆယ် တရားဝင်တော့ နှစ်ယောက်ပေါ့။ ဒါပေမဲ့ သတင်းပေးလာတဲ့ဟာကတော့ အတော်များမယ့် အနေအထားရှိတယ်။ မန်ခါရွာမှာလည်း လက်နက်ကြီးကျတာ သေသလား၊ ရှင်သလား မသိဘူး။ အဲဘက်သွားလို့ မရဘူး။ အခု လုံဝယ်ဘက်လည်း ကျတယ်။ အဲဘက်တော့ မထိဘူး။ နားအိုက်ခမ်း ရွာမှာလည်းကျတယ်။ သေသလား၊ ရှင်သလား မသိသေးဘူး။ အဲလိုပုံစံ ဖြစ်နေတယ်။ အခုလောလောဆယ်တော့ နှစ်ယောက်ပဲ။ အခြေအနေ အေးသွားရင်တော့ ဒီထက်ပိုလိမ့်မယ်ထင်တယ်”

တိုက်ပွဲကြောင့် ကျောက်မဲမြို့ပေါ်က စာသင်ကျောင်းတွေနဲ့ ဈေးဆိုင်တွေအားလုံးကို ပိတ်ထားရပါတယ်။

အလားတူ သီပေါမြို့ပတ်ပတ်လည်မှာလည်း ဒီနေ့ နေ့လယ်ပိုင်းအထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက နေရာယူထားပြီး သီပေါကနေ လားရှိုးဘက်အထွက် ဆွတ်လန်းရွာတံတားကတော့ ဒီနေ့မနက်က မိုင်းခွဲဖျက်ဆီး ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် လမ်းတွေအားလုံး ပိတ်နေတဲ့အတွက် သီပေါနဲ့ ကျောက်မဲမြို့ခံတွေအားလုံး မြို့တွင်းမှာပဲ ပိတ်မိနေကြတယ်လို့လည်း ဆိုပါတယ်။

အလားတူ မန္တလေးတိုင်း မိုးကုတ်မြို့နယ် ညောင်ကုန်းရွာမှာလည်း ဒီနေ့မနက်ပိုင်းစလို့ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က မြို့တွင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA တပ်ဖွဲ့ သတင်းပြန်ကြားရေးဌာနမှူး လွေးယေဦးကတာ့ စစ်ကောင်စီဘက်က သူတို့ တပ်ဖွဲ့ရှိရာကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြန်ဖြစ်နေတာလို့ RFA ကို ပြောပါတယ်။

“ဒီမနက် ငါးနာရီခွဲမှာပေါ့နော် နောင်ချို၊ အုမ္မသီးလမ်းခွဲဘက်မှာ စစ်ကောင်စီနဲ့ ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကျောက်မဲ ငြိမ်းချမ်းရေးကုန်း နေရာတွေမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီမနက်တိုက်ပွဲမှာ စစ်ကောင်စီက ကျွန်မတို့ရှိရာ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့အတွက်ကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်”

TNLA တပ်ဖွဲ့ရဲ့ ဒီနေ့မနက် သတင်းထုတ်ပြန်ချက်မှာ အခုတိုက်ပွဲတွေဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ အဆက်အဖြစ် ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ ဒါကြောင့် နိုင်ငံရေး လေ့လာသူ စစ်တပ်အရာရှိဟောင်းတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေပြန်ဖြစ်လာတာဟာ ရခိုင်ဒေသက AA အဖွဲ့ကို ဖိအားတွေလျော့လာအောင် ကူညီဖို့အတွက် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“မြောက်ပိုင်းမှာ ဒီလိုဖြစ်လာတဲ့ တစ်ချက်က AA ကို အကူအညီပေးတဲ့ သဘောလို့ ကျွန်တော် သွားတွေ့တာပေါ့နော်။ ရှိတဲ့အရန်တပ်တွေအားလုံး အဲကိုပို့မယ်၊ အဲဒါကို မပို့နိုင်အောင် ချိန်ကိုက်တိုက်ပေးတာပေါ့နော်။ တစ်ခု ရှိတာကတော့ တပ်အနေနဲ့ အရန်တပ်ဖွဲ့ ဘယ်လောက်ရှိတယ်၊ မရှိဘူး ဆိုတာတော့ ကျွန်တော် မသိဘူးလေ။ နိုင်ငံရေးအရ တပ်ဘက်က ပြန်အားသာသွားတာ တစ်ချက်တော့ရှိတယ်။ ဟိုင်ဂင်ကို ချိုဖျက်တာဟာ သူတို့ပါလို့ အစိုးရက တရုတ်ကို သက်သေထားပြီးတော့ စွပ်စွဲလို့ ရသွားတာပေါ့”

TNLA တပ်ဖွဲ့ ပြန်ကြားရေးဌာနရဲ့ ဇွန်လ ၂၄ ရက် မနေ့က ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဘက်က ဟိုင်ဂင် သဘောတူညီချက်ကို ချိုးဖောက်ပြီး ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့နယ်အတွင်းကို ဇွန်လ ၉ ရက်နေ့ကနေ ၂၄ အထိ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ ပတ်ခတ်တိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပြီး လေးဦးထိခိုက်ခဲ့သလို အရပ်သားပြည်သူတွေလည်း ထိခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ဟိုင်ဂင်သဘော တူညီချက်ကို ချိုးဖောက်ပြီး အရပ်သားတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်ပြီးပစ်ခတ်နေရင် ခုခံကာကွယ်သွားမယ်လို့ TNLA တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က ဇွန်လ ၂၄ ရက်နေ့ မနေ့က TNLA သတင်းပြန်ကြား ရေးဌာနနဲ့ တွေ့ဆုံမှုမှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့ကြောင့် ဒီတိုက်ပွဲတွေဟာ ၁၀၂၇ စစ်ဆင်ရေး ရဲ့နောက်ဆက်တွဲ တိုက်ပွဲအဖြစ် ပိုမိုကျယ်ပြန့် လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ကျောက်မဲမြို့သိမ်းတိုက်ပွဲနဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲ လုပ်မလား မလုပ်ဘူးလားဆိုတာက TNLA က ဆုံးဖြတ်ပါလိမ့်မယ်။ အဲနှစ်နေရာကို သိမ်းမယ်ဆိုရင် MNDAA လည်း ပါလာမှာပေါ့။ ကိုယ့်ဒေသ လွတ်မြောက်ရေးအတွက်က စစ်ရေးအရ လက်ဦးမှုယူထားဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ စစ်က ကျယ်ပြန့်လာမှာပါ။ နောက်ပြီး MNDAA လည်း ပါဝင်လိမ့်မယ်လို့ ယူဆပါတယ်”

ဒီနေ့ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုမြို့နယ်အတွင်းက စစ်ကောင်စီနဲ့တိုက်ပွဲတွေအပြင် မိုးကုတ်၊ မတ္တရာ တိုက်ပွဲတွေမှာ TNLA နဲ့အတူ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ပြောခွင့်ရသူ ရဲဘော် အော်စမွန်က RFA ကို ပြောပါတယ်။

TNLA တာဝန်ရှိသူများမှ သိမ်းယူထားသည့် မိုင်းငေါ့မြို့၊ မိုင်းလုံမြို့နှင့် မန်တုံမြို့များသို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သွားရောက်စစ်ဆေးနေစဉ်။ (PSLF/TNLA News Photo)

ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ ကျောက်မဲ မြို့နယ်အတွင်းက မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကို TNLA က သိမ်းပိုက်ထားတာပါ။

သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ကုန်းကြမ်း စတဲ့မြို့တွေကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားပြီး ဟိုပန်နဲ့ ပန်လုံမြို့တွေကို UWSA "၀" တပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။

လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို မြို့တွေကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဆက်လက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေချိန်မှာပဲ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် ၂၀၂၄ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဟိုင်ဂင် သဘောတူညီချက်နဲ့ အပစ်ရပ်ခဲ့တာ ဖြစ်ပါတယ်။

(မှတ်ချက်။ ။ ဒေသခံများ၊ TNLA တပ်ဖွဲ့ သတင်းပြန်ကြားရေးဌာနမှူးနှင့် နိုင်ငံရေး စစ်ရေး လေ့လာသုံးသပ်သူတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org