မန္တလေးတိုင်းအတွင်း စစ်မှုထမ်းဖို့ စာရင်းတွေ ဆက်တိုက်ကောက်ယူနေ

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို နိုင်ငံတစ်ဝန်း အကောင်အထည်ဖော်နေသလို မန္တလေးတိုင်းမှာလည်း အခုရက်ပိုင်း စစ်မှုထမ်းစာရင်း ကောက်တာတွေ ပိုလုပ်နေတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။

ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ၂၀၂၁ မတ်လ ၆ ရက်နေ့က တွေ့ရစဥ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို နိုင်ငံတစ်ဝန်း အကောင်အထည်ဖော်နေသလို မန္တလေးတိုင်းမှာလည်း အခုရက်ပိုင်း စစ်မှုထမ်းစာရင်း ကောက်တာတွေ ပိုလုပ်နေတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။

ချမ်းမြသာစည်နဲ့ မဟာအောင်မြေမြို့နယ်တွေမှာ စစ်မှုထမ်းစာရင်းကောက်တာ ခပ်စိပ်စိပ်တွေ့နေရပြီး လူအများရှိတဲ့ စျေးဆိုင်တွေနဲ့ ကုမ္ပဏီတချို့က ဝန်ထမ်းတွေကိုပါ စာရင်းကောက်နေတာလို့ ဆိုပါတယ်။

အသက် ၂၀ အရွယ် သားရှိတဲ့ မန္တလေးမြို့ခံ မိခင်တစ်ဦးက သူတို့ရပ်ကွက်ထဲ စာရင်းစကောက်ချိန်ကစပြီး သားအတွက် စိတ်ပူနေရတယ်လို့ RFA ကို ပြောပါတယ်။

“မိဘတစ်ယောက်အနေနဲ့ မပူဘဲလား။ အိပ်လို့တောင် မပျော်ဘူး။ ခေါ်သွားပြီဆိုကတည်းက သူတို့နဲ့ အဆက်အသွယ်က ဘယ်လိုလုပ်ရတော့မှာတုန်း။ ဘယ်လိုပြောမလဲ မိဘတစ်ယောက်အနေနဲ့ကတော့ မဖြစ်လို့ အတင်းအကျပ်ခေါ်ရင်တော့ မတတ်နိုင်ဘူးပေါ့အေ”

မန္တလေးကနေ စစ်ကိုင်းတိုင်းနဲ့ မတ္တရာမြို့နယ်ကို ဆက်သွယ်ထားတဲ့လမ်းတွေက စစ်ဆေးရေးဂိတ်တွေမှာလည်း အရင်ထက် စစ်ဆေးရေး တင်းကျပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်မှုထမ်းရမယ့်သူစာရင်း ကောက်ခံပြီးဖြစ်သလို ပထမဆုံး စစ်မှုထမ်းရမယ့်သူတွေကိုထောက်ပံ့ဖို့ ငွေကြေးကောက်ခံတာတွေရှိပါတယ်”

စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့လူငယ်တွေ တိမ်းရှောင်သွားရင် ကျန်တဲ့မိသားစုကိုပါ ဖမ်းဆီးအရေးယူမယ်ဆိုပြီး စစ်ကောင်စီက ခြိမ်းခြောက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

“တချို့မြို့နယ်တွေမှာ ဆိုင်တွေ ဘာတွေအတွင်းမှာရှိတဲ့ ဝန်ထမ်းတွေ အမည်စာရင်းတွေကအစ ကောက်ခံတယ်လို့ တွေ့ရပါတယ်ရှင့်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းမှာရှိတဲ့ သူတို့စာရင်းရယူထားတဲ့ လူတွေထဲက တကယ်စစ်မှုထမ်းရမယ့်အချိန်မှာ မရှိဘူးဆိုရင် မိသားစုဝင်တွေကိုပါ ဖမ်းဆီးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိပါတယ်ရှင့်”

ပုသိမ်ကြီးမြို့နယ်မှာလည်း မတ်လ ၂၃ ရက်နေ့ကစပြီး စစ်မှုထမ်းရမယ့်သူစာရင်း ကောက်ခံပြီးဖြစ်သလို ပထမဆုံး စစ်မှုထမ်းရမယ့်သူတွေကို ထောက်ပံ့ဖို့ ငွေကြေးကောက်ခံတာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရပြီးတော့ မဲပေါက်လို့မလိုက်ချင်ရင် ပိုက်ဆံပေးပြီး လူစားထိုးဖို့ အုပ်ချုပ်ရေးမှူးတွေက ပြောတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီဘက်က ၂၄ ကနေ ၃၆ အထိကို စာရင်းပေးပြီးတော့မှ မဲနှိုက်ရတာ။ ပေါက်တဲ့သူကကျတော့ မလိုက်ချင်ဘူးဆိုရင် သူတို့ကို ပိုက်ဆံပေးပြီးတော့မှ လူစားထိုးပေးလို့ ရတယ်လို့တော့ ပြောတယ်ရှင့်။ တချို့ရွာတွေဆိုရင် နှစ်ယောက်၊ တချို့ရွာတွေဆိုရင် ဆယ်ယောက်၊ တချို့ရွာတွေဆိုရင် အယောက် သုံးဆယ်လောက်အထိ ကြားထားတာရှိတယ်ရှင့်”

ကျေးရွာအုပ်စု ၆၈ အုပ်စုရှိတဲ့ ရမည်းသင်းမြို့နယ်မှာတော့ တစ်အုပ်စုကို အသက် ၂၄ နဲ့ ၃၀ ကြား အမျိုးသားသုံးဦး မြို့နယ်ကို စာရင်းပေးရတယ်လို့ ရမည်းသင်းဒေသခံတွေက ပြောပါတယ်။

တစ်ဘက်မှာလည်း စစ်မှုမထမ်းမနေရစနစ် အသက်ဝင်လာအောင် ကူညီသူတွေကို အရေးယူသွားမယ်လို့ မန္တလေး မြို့ပြပြောက်ကျားအဖွဲ့ (၁၂) ဖွဲ့က မတ်လ ၁၇ ရက်နေ့မှာ သတိပေး ထုတ်ပြန်ထားပါတယ်။

မန္တလေး မြို့ပြပြောက်ကျားအဖွဲ့ No More Dictatorship People Defence Force (NMD) တာဝန်ရှိသူ ကိုချာလီက စစ်မှုထမ်းဖို့ ကူညီနေသူတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ RFA ကိုပြောပါတယ်။

“ကျွန်တော်တို့က နယ်မြေစိုးမိုးမှု မရတဲ့အတွက်ကြောင့်မို့လို့ ဖမ်းဆီးတာမျိုးတွေ လုပ်လို့မရဘူး။ ဥပဒေဘောင်အတိုင်း တရားခွင်မှာ အမိန့်ချမှတ်ပြီး အပြစ်ပေးတာတွေ လုပ်လို့မရဘူး။ ဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့မှာ အပြစ်ပေးမယ်ဆိုရင် နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့ တုံ့ပြန်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်”

မတ်လ ၁၉ ရက်နေ့က ဝမ်းတွင်းမြို့နယ်၊ သီးကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ပုကို စစ်မှုထမ်းဖို့စာရင်း ကောက်နေလို့ဆိုပြီး ဒေသကာကွယ်ရေးအဖွဲ့တွေ ပစ်သတ်ခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၀ ရက်နေ့နောက်ပိုင်းမှာလည်း စစ်မှုထမ်းစာရင်း ကောက်ယူရာမှာပါဝင်တဲ့ မဟာအောင်မြေမြို့နယ်က ကျောင်းဆရာမတစ်ဦး၊ အမရပူရမြို့နယ် မိချောင်းတက်ရွာက ရာအိမ်မှူးတစ်ဦးနဲ့ တံတားဦးမြို့နယ် ထန်းလုံးတပ်ရွာက ကျောင်းဆရာသားအဖနှစ်ဦးတို့ ပစ်သတ်ခံခဲ့ရပါတယ်။

တံတားဦးမြို့နယ်က ရွာတွေမှာလည်း စာရင်းကောက်ယူတာ၊ အစည်းအဝေးခေါ်ယူတာတွေရပ်တန့်ဖို့ မတ်လ ၂၁ ရက်နေ့မှာ သတိပေးထားပြီး မလိုက်နာရင် တုံ့ပြန်သွားမယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံ ကိုလေးလှိုင်က RFA ကို ပြောပါတယ်။

“ကြေညာချက် ကျွန်တော်တို့ ထုတ်ပြန်ထားတယ်။ အခုထုတ်ပြန်ထားတဲ့ကြေညာချက်ကို မလိုက်နာဘဲနဲ့ စစ်ကောင်စီကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုတဲ့နည်းနဲ့ လုပ်နေမယ်ဆိုလို့ရင်တော့ ဘယ်သူ့ကိုမဆို ဆက်လက်ပြီးတော့ တုံ့ပြန်သွားဖို့ရှိတယ်”

မန္တလေးတိုင်းအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မန္တလေးမြို့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား လက်နက်များပေးအပ်တပ်ဆင်နေသည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားစဥ်။ (Photo: Citizen Journalist)

စစ်ကောင်စီကလည်း စစ်မှုထမ်းဖို့စာရင်း ဆက်တိုက်ကောက်ယူနေတဲ့အပြင် မန္တလေးတိုင်းမှာရှိတဲ့ ပြည်သူ့စစ်တွေကို မတ်လ ၂၁ ရက်နေ့မှာ လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ စစ်ကောင်စီလက်အောင်ခံ သတင်းဌာနတွေကနေ ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ လာမယ့်ဧပြီလကစပြီး တစ်သုတ်ကို လူငါးထောင်နှုန်းနဲ့ လစဉ်ခေါ်ယူသွားမယ်လို့ စစ်ကောင်စီက ကြေညာထားသလို စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သတိပေးထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ မတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ကြေညာလိုက်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့ အထိ တစ်လကျော်အတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၇၂ မြို့နယ်မှာ စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org