အာဆီယံ ဘယ်ဘက် ရပ်မလဲ အမြန်ဆုံးဖြတ်ဖို့ လိုနေပြီလို့ မလေးရှားပြော

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံအနေနဲ့ ရပ်တည်ချက်တစ်ရပ်ကို အမြန်ဆုံးချမှတ်ဆုံးဖြတ်ဖို့ လိုအပ်နေပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောလိုက်ပါတယ်။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေနဲ့လည်း မြန်မာနိုင်ငံအရေးကို အချိန်ပြည့်စောင့်ကြည့်နေမယ့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ လိုပြီလို့လည်း ဆိုပါတယ်။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပထမနေ့ မြင်ကွင်း။ Photo: Reuters

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလမ်းပေါ်လျှောက်လှမ်းနိုင်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ရေးအတွက် အရေးပေါ်ဆောင်ရွက်ကြဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တနင်္လာနေ့က အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီဃံအတွင်းရေးမှူးချုပ်ရုံးကို စာပေးပို့ခဲ့ကြောင်း သတင်းထောက်တွေကို တနင်္လာနေ့က ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

"အစည်းအဝေးတစ်ခုနဲ့တစ်ခုကြားမှာ လူ့အသက်တွေ ဆုံးရှုံးရပါလိမ့်မယ်။ ကျနော်တို့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ လိုနေပါပြီ

အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံရေးအဖြေရှာဖို့ ဘုံသဘောတူညီချက် ၅ရပ်ကို လိုက်နာလာအောင် မြန်မာနိုင်ငံကို တွန်းအားပေးခဲ့ပေမယ့် တိုးတက်မှု တစ်စုံတစ်ရာမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရကို အာဏာသိမ်းခဲ့ပြီး အာဏာသိမ်းဆန့်ကျင်မှုတွေကို သွေးချောင်းစီး တားဆီးခဲ့ပြီးတဲ့နောက် နိုင်ငံတွင်း အကြမ်းဖက်မှုသံသရာမှာ တဝဲလည်လည် ဖြစ်နေရတဲ့ အခြေအနေပါ။


မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လက ကမ္ဘောဒီးယားမှာ တွေ့ဆုံခဲ့ကြပြီးတဲ့နောက်ပိုင်း ဘာတိုးတက်မှုမှ ကြားသိရခြင်း မရှိသေးတာကြောင့် အာဆီယံအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ အလေးပေးဖော်ထုတ်သင့်ကြောင်း၊ လာမယ့်နိုဝင်ဘာမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးအထိ စောင့်မနေသင့်ကြောင်း ကွာလာလမ်ပူမြို့မှာ နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။ ဒီအကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ထံကို စာရေးထားတယ်လို့လည်းပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက“တကယ်က အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို အချိန်နဲ့ တစ်ပြေးညီစောင့်ကြည့်ရေးအဖွဲ့တစ်ခုရှိဖို့ လိုနေပါတယ်။ ဒီလိုမှမဟုတ်ရင် ကျနော်တို့ အစည်းအဝေးတစ်ခုနဲ့တစ်ခုကြားမှာ လူ့အသက်တွေ ဆုံးရှုံးရပါလိမ့်မယ်။ ကျနော်တို့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ လိုနေပါပြီ” လို့ ပြောသွားပါတယ်။

တစ်ဆက်တည်း အာဆီယံအနေနဲ့ ဘယ်ဘက်က ရပ်မလဲဆိုတာ ဆုံးဖြတ်ဖို့ လိုနေပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“စစ်ကောင်စီနဲ့ ဆက်စခန်းသွားမလား ဒါမှမဟုတ် စစ်ကောင်စီမပါဘဲ ကျနော်တို့ သိထားတဲ့ကောင်းမွန်တဲ့အလုပ်ဖြစ်တဲ့ မြန်မာပြည်သူတွေကို အကူအညီပေးမလားဆိုတာ ကျနော်တို့ အရေးတကြီး ဆုံးဖြတ်ရပါတော့မယ်”လို့ ပြောပါတယ်။

အခုလိုမလေးရှားနိုင်ငံခြားရးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ရိုက်တာသတင်းဌာနက မေးမြန်းခဲ့ပေမယ့် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org