တရုတ်ကို လူကုန်ကူးခံရတဲ့ ဆယ်ကျော်သက်မိန်းကလေး
အသက် ၁၄ နှစ်အရွယ်၊ မမြတ်သူ (အမည်လွဲ)ဟာ ဆွေမျိုးတော်စပ်တဲ့ အဒေါ်ဖြစ်သူကနေ တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ကို ပို့ဆောင်ခံလိုက်ရပါတယ်။
-
ခေမဏီဝင်း
2019-11-29 -
-
-
အသက် ၁၄ နှစ်အရွယ် မမြတ်သူ (အမည်လွဲ)ဟာ ဆွေမျိုးတော်စပ်တဲ့ အဒေါ်ဖြစ်သူကနေ တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ကို ပို့ဆောင်ခံလိုက်ရပါတယ်။ သူဟာ စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်၊ ကင်းရွာကဖြစ်ပြီးတော့ မန္တလေးမြို့က လက်ဖက်ရည်ဆိုင်တစ်ခုမှာ အလုပ်လုပ်ဖို့ ရောက်နေချိန်မှာ အပို့ခံလိုက်ရတာပါ။
“တရုတ်ပြည်ရောက် မြန်မာနိုင်ငံသားများဆုံဆည်းရာ-အရေးကြီးသတင်းနှင့်အလုပ်အကိုင်” ဆိုတဲ့ စာမျက်နှာမှာ... မိန်းကလေးတစ်ယောက် လူကုန်ကူးခံရပြီ၊ အဒေါ်ကိုယ်တိုင်က ထည့်ပေးလိုက်တာ... ဆိုတဲ့ ဗီဒီယိုရုပ်သံတစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာပါတယ်။
၂၆ ရက်နေ့ ရုပ်သံဖိုင်တက်လာတာဖြစ်ပြီး ၂၇ ရက်နေ့ညမှာ သက်ဆိုင်ရာ ရဲစခန်းကို မိဘတွေက သွားရောက်တိုင်ကြားခဲ့ပေမယ့် အခုအချိန်အထိ အဆက်အသွယ်မရ ဖြစ်နေပါတယ်။
“ကလေးက အဆင်ပြေလား၊ ဘယ်မှာထားတာလဲ၊ အဆင်ပြေလားမေးတော့ အဆင်ပြေတယ်ပေါ့၊ လခကတော့ လကုန်မှရမှာ၊ ရတယ် ပိုက်ဆံက အဓိကမဟုတ်ဘူး၊ ကလေး အဆင်ပြေရင်ပြီးတာပဲ၊ အဲဒါနဲ့ သူက အဆင်ပြေတယ်၊ ပျော်တယ် ဆိုတော့ ငြိမ်နေလိုက်တာ၊ သုံးလေးရက်လောက်ကြာတော့မှ လိုင်းပေါ်မှာတက်လာမှ သိတော့တာ”
မမြတ်သူကို ခေါ်ဆောင်သွားတဲ့ အဒေါ်တော်စပ်သူ ဒေါ်မူစန်းဆိုသူဟာ မန္တလေး၊ အမရပူရမြို့နယ်မှာ နေထိုင်တာဖြစ်ပြီး အခုအခါမှာတော့ နေအိမ်မှာ မရှိတော့သလို ပုံမှန်ဆက်သွယ်နေကျ ဖုန်းကလည်း ဆက်သွယ်မရဖြစ်နေပါတယ်။
သမီးဖြစ်သူရဲ့အခြေအနေကို သိလိုက်ရတယ်ဆိုရင်ပဲ ဒေါ်ချိုဟာ အမရပူရမြို့နယ်ရဲစခန်းမှာ လူပျောက်တိုင်တန်းထားပြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အဖွဲ့ကိုလည်း သွားရောက်တိုင်ကြားလိုက်ကာ အောင်ပင်လယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
ဒီဖြစ်စဉ်ကို လိုက်ပါကူညီပေးနေတဲ့ ကင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က...
“လိုင်းပေါ်တက်လာမှ ပျောက်သွားမှ၊ ကျနော့်ဆီလာပြောမှ ဆက်စပ်ပြီး ကလေးပြန်တွေ့ဖို့ ဝိုင်းဝန်းပြီး သက်ဆိုင်ရာဌာနတွေနဲ့ လိုအပ်တာတွေ အကူအညီတောင်းပြီး ပူးပေါင်းဆောင်ရွက်ရမှာပေါ့။ ကလေးပြန်ရဖို့က အဓိကပဲ၊ ပြည်မထဲရောက်သွားပြီလို့ ကြားတာပဲ၊ နောက်ကနေ ကူညီပံ့ပိုးပေးတဲ့သူ ကောင်းလို့ တိုက်ဆိုင်ရင် ပြန်ရရလည်း ရမှာပေါ့၊ ဟိုထဲရောက်သွားမှတော့ မျှော်လင့်ချက်တော့ နည်းတာပေါ့“
မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ လူကုန်ကူးမှုတွေရဲ့ ၈၀ ရာခိုင်နှုန်းက မန္တလေးတိုင်းကဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုများလာနေပါတယ်။ ၂၀၁၆ ခုနှစ်မှာ ၁၄ မှု၊ ၂၀၁၇ ခုနှစ်မှာ ၁၈ မှု၊ ၂၀၁၈ ခုနှစ်မှာ ၂၈ မှု ဖြစ်ပွားခဲ့ပြီး တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့အမှုတွေက အများဆုံးဖြစ်ပါတယ်။
အမျိုးသမီးတစ်ယောက် ရောင်းမယ်ဆို ကျပ်သိန်း ၂၀၀ ပေါက်ဈေးရှိပါတယ်။
“လူပွဲစား၊ တကယ်ကျွမ်းကျွမ်းကျင်ကျင်နဲ့ တကယ်လုပ်နေတဲ့ လူပွဲစားတွေက တရုတ်နိုင်ငံထဲမှာပဲရှိတယ်။ ရှိနေတော့ သူတို့ကို ကျနော်တို့ ဒီအမှုတွေမှာ စုံစမ်းသိရှိနေပေမယ့် ဖမ်းဆီးဖို့ အရမ်းခက်ပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့ နားလည်မှုစာချွန်လွှာ လတ်မှတ်ထိုးထားတာရှိတယ်။ သို့သော်လည်းပဲ ဟိုဘက်မှာ တရုတ်နိုင်ငံကြီးကလည်း အကျယ်ကြီးပဲ ၊ အကျယ်ကြီးဖြစ်နေတော့ သူတို့ဘက်ကလည်း တိကျတဲ့သတင်းအချက်လက်မရရင် လုပ်မပေးနိုင်ဘူး“
လူကုန်ကူးမှုတားဆီးရေးအတွက် အိန္ဒိယနဲ့ မြန်မာ လက်မှတ်ထိုးထားတဲ့ နားလည်မှုစာချွန်လွှာကိုလည်း ဒီရက်ပိုင်းမှာ အိန္ဒိယဘက်က အတည်ပြုလိုက်ပါတယ်။
ကျမသမီးက ချောချောလှလှလေးပါ၊ ကူညီပေးကြပါအုံး
မြန်မာ၊ လစ်ဗျားနဲ့ အိန္ဒိယ သုံးနိုင်ငံဟာ လူမှောင်ခိုကူးသူတွေ မျက်စိအကျဆုံးနိုင်ငံဖြစ်နေပါတယ်။
“မျှော်လင့်လို့ကတော့ တချို့ကတော့ မရတော့ဘူးပြောပါတယ်။ ကျမက ဘုမသိ၊ ဘမသိနဲ့ ငတုံး ငအမို့ ထည့်လိုက်မိတာပါ၊ ကျမ သမီးက ချောချောလှလှလေးပါ၊ အကူအညီပေးကြပါအုံး“
လူကုန်ကူးခံရသူ အများစုက အမျိုးသမီးတွေဖြစ်ပါတယ်။