စစ်ကိုင်းနဲ့မကွေးမှာ စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်မှု ပိုများလာ

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ရွာနှစ်ရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ နဲ့ ၂၀ ရက်နေ့တွေက စစ်ကောင်စီတပ်တွေက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာ ကြောင့် လူ ၁၂ ယောက် သေဆုံးပြီး လူပေါင်း ခုနစ်ထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

၂၀၂၁ စက်တင်ဘာ ၂၉ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ နှမ်းခါးရွာက နေအိမ်တွေကို တွေ့ရစဉ် ဓါတ်ပုံ - နှမ်းခါးလူငယ်အဖွဲ့

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ရွာနှစ်ရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ နဲ့ ၂၀ ရက်နေ့တွေက စစ်ကောင်စီ တပ်တွေက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် လူ ၁၂ ယောက် သေဆုံးပြီး လူပေါင်း ခုနစ်ထောင် လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၀ ရက် မနေ့က စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမြက်ရွာကို စစ်ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်လို့ အနည်းဆုံးအရပ်သား သုံးယောက် သေဆုံးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

မနေ့က နေ့လယ် ၁ နာရီလောက်က ရေမြက်ရွာကို စစ်ရဟတ်ယာဉ် သုံးစီးနဲ့ ပစ်ခတ်ခဲ့သလို နောက်ထပ် နှစ်စီးကလည်း စစ်အင်အားတွေချပြီး မြေပြင်ကနေပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ရေမြက်ရွာသားတစ်ဦးက ပြောပါတယ်။

“ရွာထဲကလူတွေက ဘာရယ်လို့မှ ဒါကြီးကို မျှော်လင့်လည်းမထားဘူးပေါ့ လာလိမ့်မယ်လို့ အခုဟာက နေ့လယ် တစ်နာရီလောက်ထင်တယ်။ ရွာအနောက်ဘက်ကို လေယာဉ်နှစ်စီးလာချတယ်။ လေယာဉ် နှစ်စီးလာချတော့ ရွာကလူတွေက အံ့အားသင့်နေတဲ့အချိန်မှာ ကျန်တဲ့သုံးစီးက ရွာပေါ်ကိုဝဲပြီး ပစ်တာပေါ့။ အတွဲလိုက်ပစ်တာဗျ။ ဒိုင်းဒိုင်းဒိုင်းဒိုင်းနဲ့ အတွဲလိုက် လေယာဉ်နဲ့ပစ်တာ။ စစချင်း လေယာဉ်နဲ့ အရင် စပစ်တာဗျ။ ၁၅ မိနစ်လောက်နေမှ မြေပြင်ကပစ်တာ။ လေယာဉ်ပေါ်က လက်နဲ့ပစ်တာရယ် ဗုံးချတာ ရယ်က နာရီဝက်လောက်ကြာတယ်။ မြေပြင်လက်နက်ကြီးပစ်တာက တစ်နာရီလောက်ကြတယ်။ ရွာကတော့ ဘာမှကြည့်ချင်စရာ မကောင်းတော့ဘူး တစ်ရွာလုံး မီးကျွမ်းသွားတယ်”

မနေ့ကဖြစ်ရပ်မှာ အသက် ၄၀ အရွယ် လူလတ်ပိုင်းတွေဖြစ်ကြတဲ့ ဒေါ်သန်းမိုး၊ ဒေါ်စန္ဒာနဲ့ အမျိုးသား တစ်ယောက်၊ စုစုပေါင်း သုံးယောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲဒီအထဲက ဒေါ်သန်းမိုးက သူ့အိမ်ကို လက်နက်ကြီးကျပြီး မီးလောင်လို့ သေဆုံးခဲ့ရတာဖြစ်သလို ဒေါ်စန္ဒာ ကတော့ ကျည်ထိမှန်သေဆုံးခဲ့ရတာလို့ ပြောပါတယ်။ နာမည်မသိရသေးတဲ့ အမျိုးသားတစ်ဦးကတော့ လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခံခဲ့ရတာလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ ရေမြက်ရွာကို ရောက်နေတဲ့ KIA အဖွဲ့၊ NLD ပါတီဝင်တွေနဲ့ PDF တွေ အင်အား ၁၀၀ လောက်က အစည်းအဝေးလုပ်နေချိန် ဝင်ရောက်ဖမ်းဆီးခဲ့ရာ  လေးယောက်ကို အသေ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မနေ့က စစ်ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်မှုကြောင့် ရေမြက်အပါအဝင် အနီးတဝိုက်မှာရှိတဲ့ ဂွက်ရွာ၊ ခေါစပ်ကုန်း၊ နတ်ကြီးကုန်း၊ ဥယျာဉ်၊ ရွှေကျင်မှော် စတဲ့ ငါးရွာလောက်က လူ ၃၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ရဟတ် ယာဉ် နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ကိုးယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ နှမ်းခါးရွာက နှစ်ယောက်၊ မွေ့လယ်ရွာက ငါးယောက်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်က နှစ်ယောက်ဖြစ်တယ်လို့ ဒေသခံ ကိုစိုးလေးက ပြောပါတယ်။

“ကျနော်တို့ ဂန့်ဂေါနယ်မှာ မူးယစ်ဆေးဝါးသမားတွေနဲ့ သစ်မှောင်ခိုသမားတွေ ဖမ်းဆီးအရေးယူနိုင်ရေး အတွက် ဂန့်ဂေါမြို့နယ်က ရွာပေါင်းတွေက ရွာခေါင်းဆောင်တွေက အဖွဲ့အစည်းအသီးသီးက ခေါင်း ဆောင်တွေ အစည်းအဝေးလုပ်တဲ့အချိန်မှာပဲ အစည်းအဝေး စတာ ၁ နာရီ ဝန်းကျင်မှာပဲ ကျနော်တို့ စစ်ရဟတ်ယာဉ် ငါးစီး၊ ဂျက်ဖိုက်တာ တစ်စင်းနဲ့ လာပြီးတော့မှ ပစ်သွားတာဗျ။ ထိခိုက်မှုမှာတော့ အပြစ်မဲ့ ပြည်သူ ခုနစ်ဦးနဲ့ PDF တပ်သား နှစ်ဦး ကျဆုံးတယ်ဗျ”

ဒီတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"လေယာဉ်နှစ်စီးလာချတော့ ရွာကလူတွေက အံ့အားသင့်နေတဲ့အချိန်မှာ ကျန်တဲ့သုံးစီးက ရွာပေါ်ကိုဝဲပြီး ပစ်တာပေါ့"

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ညက စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ နှမ်းခါးရွာမှာ CNF နဲ့ PDF ၊ YDF အဖွဲ့တွေက အစည်းအဝေးလုပ်နေချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ ရာမှာ အလောင်းခြောက်လောင်းနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရပ်ရွာတွေအပေါ်မှာ ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းခဲ့ရာမှာ လိုအပ်တဲ့အင်အားကို အသုံးပြုနေတာလို့ တုံ့ပြန်ပါတယ်။

“စစ်တိုက်တာပဲလေ။ စစ်တိုက်တယ်ဆိုတာက တိုက်ပွဲဖြစ်တာပဲ။ တိုက်ပွဲဖြစ်တဲ့နေရာမှာတော့ အင်အား အသုံးပြုခြင်း၊ အင်အားအသုံးပြုခြင်းမှာတော့ ထိုက်သင့်တဲ့ ပြည်တွင်းမှာရှိနေတဲ့ အကြမ်းဖက်နှိမ်နင်းရေး ပဲ။ NUG၊ CRPH ၊ PDF တွေကို အကြမ်းဖက်အဖြစ် ကြေညာပြီးဖြစ်တယ်။ အကြမ်းဖက်အဖွဲ့တွေရဲ့ သူတို့ရဲ့ ရှိမှုနဲ့ တုံ့ပြန်မှုအပေါ်မှာ လိုက်ပြီးတော့ကျ လိုအပ်တဲ့အင်အားတော့ အသုံးပြုမှာပဲဖြစ်ပါတယ်”

(မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာ စစ်ရဟတ်ယာဉ်တစ်စီးကို ၂၀၂၁ ဒီဇင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်) ဓါတ်ပုံ - နှမ်းခါးလူငယ်အဖွဲ့

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ ပိုအထိနာတာကြောင့် လေကြောင်းအားကို အဓိကအသုံးပြုလာနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

"သူတို့က PDF တွေ နယ်မြေစိုးမိုးနိုင်မှာကို ကြောက်တယ်။ ကြောက်တဲ့အတွက် အဆမတန် အင်အားသုံး ပြီးတော့ ရဟတ်ယာဉ်ငါးစီးဆိုတာ တော်တော်များတယ်ခင်ဗျ။ ဒီလို အဆက်မပြတ် ပစ်ခတ်နေတာ ကြီးကလေ စစ်ပွဲထဲမှာပေါ့နော် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ပွဲထဲမှာ ပစ်ခတ်နေသလိုမျိုး ဆိုတော့ မြေပြင် တွေမှာ အလူးအလဲခံနေရတာကြောင့်မိုလို့ လေကြောင်းအသုံးပြုပြီး အတင်းအကျပ် ဖြိုခွဲဖို့ ကြံစည် တာပေါ့နော်"

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုရဲ့ ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး ကတော့ စစ်တပ် အနေနဲ့ လှုပ်ရှားရတဲ့နယ်မြေကျယ်ပြန့်တာကြောင့် လေကြောင်းကို အသုံးပြုလာတာဖြစ်တယ်လို့ သုံးသပ် ပါတယ်။

“စစ်ကိုင်းမှာ ကျွန်တော်တို့သိသလောက်က တပ်မ နှစ်မလောက်ရှိတယ်။ အဲဒီ တပ်မ နှစ်မလောက်နဲ့ နေရာကို အကွက်ပြည့်နင်းဖို့ မနင်းနိုင်ဘူး။ ဥပမာ တစ်နေရာမှာ ဖြစ်ရင် ချက်ချင်းလွယ်လွယ်ကူကူနဲ့ သွားလို့မရဘူး။ ဧရိယာက ကျယ်တာကိုး။ အဲတော့ တချို့ပစ်မှတ်တွေကျတော့ မြေပြင်တပ်တွေ သွားမယ့် အခါ နှောင့်နှေးကြန့်ကြာမှုရှိနိုင်တဲ့အခါ လေကြောင်းကနေ ပစ်ခတ်တာမျိုးတွေ ကျွန်တော်တို့ တွေ့ရ တာပေါ့”

မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်တပ်က လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အခုနောက်ပိုင်း ပိုလုပ်လာတာတွေ့ရတယ်လို့လည်း လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org