မြန်မာဒုက္ခသည်တွေအတွက် အာဆီယံ လူသားချင်းစာနာမှု အကူအညီ အကောင်အထည်ပေါ်မလာ

မြန်မာနိုင်ငံတစ်ဝန်းမှာ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည် တစ်သန်း ကျော်အထိ ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဩဂုတ်လ ၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂ ရက်နေ့မှာ တွေ့ရစဥ် Photo: Citizen Journalist

မြန်မာနိုင်ငံတစ်ဝန်းမှာ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည် တစ်သန်း ကျော်အထိ ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်း စပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဩဂုတ်လ ၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က ဒုက္ခသည် ၃၄၆,၀၀၀ သာရှိခဲ့ရာကနေ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဒုက္ခသည် ၈၆၆,၀၀၀ ဦး ထပ်တိုးလာတာကြောင့် စုစုပေါင်း ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်အထိ ရှိလာတယ်လို့ UN OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့မှာ ပြုလုပ်တဲ့ အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းအစည်းအဝေးမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ အာဆီယံလူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA) ကနေ စစ်ကောင်စီ အာဏာပိုင်တွေရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ အခု သုံးလလောက်ကြာမြင့်လာတဲ့အထိ တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်၊ ကယား စတဲ့ ဒေသတွေကို ဘယ်အကူအညီမှ ရောက်မလာဘူးလို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီ ပေးနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ ပြည်သူမှ ပြည်သူသို့ဆိုတဲ့ အစီအစဉ်နဲ့ စစ်ဘေး ဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးဖြစ်တဲ့ ကိုသက်ဦး ကတော့ စစ်ကောင်စီရဲ့ အကူအညီတွေ သူတို့ဒေသကို ရောက်မလာဘူးလို့ RFA ကို ပြောပါတယ်။

“အာဆီယံရဲ့ အကူအညီ မရောက်ပါဘူးဗျ ကျနော်တို့ စစ်ကိုင်းတိုင်းကို။ လက်ရှိ အခြေအနေထိပေါ့လေ။ သူတို့အစည်းအဝေးဆုံးဖြတ်ချက်ပြီးတော့ အခု သုံးလလောက် ရှိပြီပေါ့ဗျာ။ အဲဒီအစည်းအဝေးဆုံးဖြတ်ချက် နောက်ပိုင်း အခုသုံးလအတောအတွင်းမှာ ကျနော်တို့ ယင်းမာပင်ခရိုင်အတွင်းကိုတော့ လုံးဝမှ မရောက်လာပါဘူး။ စစ်ကောင်စီနဲ့ အာဆီယံစကားပြောထားတဲ့ ကိစ္စ ကူညီထောက်ပံ့ရေးကိစ္စကတော့ ကျနော်တို့အပေါ် နှိပ်စက် ရက်စက်ယုတ်မာနေတဲ့ စစ်ကောင်စီဟာ ဘယ်တော့မှလည်း ကူညီထောက်ပံ့ မှုတွေ ရောက်မလာနိုင်ဘူးပေါ့။ ဒါကြောင့် အာဆီယံအနေနဲ့ စစ်ကောင်စီကို လုံး၀ ယုံကြည်မှုမရှိကြဖို့ တိုက်တွန်းချင်ပါတယ်”

စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် ပြည်သူတွေအချင်းချင်း ကူညီထောက်ပံ့ ကြတဲ့ ငွေကြေးနဲ့ ပစ္စည်းအကူအညီတွေနဲ့ပဲ ရုန်းကန်လည်ပတ်နေရတယ်လို့ သူက ဆိုပါ တယ်။

စစ်ကိုင်းတိုင်းဟာ ခုခံစစ်ပြင်းထန်တဲ့ဒေသဖြစ်သလို ရွာတွေဝင်ရောက်စီးနင်းခံရတာနဲ့ နေအိမ်တွေကို မီးရှို့တာတွေကြောင့် ဒုက္ခသည်တွေဟာ လက်ရှိမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့လည်း ဆိုပါတယ်။

UN OCHA ရဲ့ စာရင်းအရ အာဏာသိမ်းပြီးမှ ပေါ်လာတဲ့ စစ်ဘေးဒုက္ခသည်အသစ် ရှစ်သိန်းခြောက်သောင်းထဲမှာ စစ်ကိုင်းတိုင်းက လေးသိန်းခုနစ်သောင်းနဲ့ အများဆုံး ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်းလိုပဲ တိုက်ပွဲတွေပြင်းထန်တဲ့ ချင်းပြည်နယ်မှာလည်း စစ်ဘေးဒုက္ခသည်တွေ ဟာ မိုးတွင်းကာလမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးမလုံလောက်မှုတွေ ကြုံတွေ့နေရတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ချင်းပြည်နယ်အတွင်း ကုန်စည် ပို့ဆောင်ရေးလမ်းကြောင်းတွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးသယ်ဆောင်ခွင့်တွေ ကို စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် ဒုက္ခသည်တွေ ပိုအခက်ကြုံရတယ်လို့ လည်း ပြောပါတယ်။

စစ်ကောင်စီရဲ့ စီမံကွပ်ကဲမှုနဲ့ ပေးမယ်ဆိုတဲ့ အာဆီယံရဲ့ အကူအညီတွေလည်း ဒီနေ့အထိ ရောက်မလာဘူးလို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်က အရမ်းကို များနေပါသေးတယ်။ အခုချိန်ထိ တောင်ပေါ်မှာ လုံလောက်တဲ့ စားနပ်ရိက္ခာ လုံးဝမရှိသေးဘူး။ NGO အဖွဲ့အစည်း အသီးသီးတွေ ဝင်မလာသေးဘူး။ အာဆီယံက စကစ ဘက်ကို ပေးတယ်ဆိုကတည်းက ကျနော်တို့ မျှော်လင့်ထားတာမျိုးမရှိပါဘူး။ ဖြန့်ဝေမယ့် ကာလအပိုင်းမှာလည်း ချင်း ပြည်နယ်မပါဘူးဆိုတာ သိရတယ်။ အခုချိန်ထိ ရယူထားတဲ့ အာဆီယံရဲ့ အကူအညီ ထဲက မင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေဆီရောက်ရှိလာတဲ့ အကူအညီ တစ်စုံတစ်ရာမှ မရှိပါဘူးခင်ဗျ”

အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ လက်ရှိမှာ ဘယ်လိုစီစဉ်နေတယ်ဆိုတာ သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

အဲဒီအစည်းအဝေးကို အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂအေဂျင်စီ တွေနဲ့အတူ စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ စစ်ကောင်စီဘက်က တောင်းဆိုတဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကို မဖိတ်ကြားခဲ့သလို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ တိုင်းရင်းသားအဖွဲ့တွေ တက်ရောက်ခွင့်မရခဲ့ပါဘူး။

အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီက တစ်ဆင့်ပေးအပ်ဖို့ စီစဉ်တာကို လက်မခံနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က မေလ ၃၀ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

"စစ်ကောင်စီရဲ့ ဦးဆောင်မှုနဲ့ လုပ်နေတာတွေကတော့ လက်တွေ့မကျပါဘူး"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ အကူအညီတွေကို စစ်ကောင်စီကတစ်ဆင့် ပေးအပ်မယ့် အစီ အစဉ်ဟာ အမှန်တကယ် ဘေးဒုက္ခခံစားနေရတဲ့ ပြည်သူတွေဆီ မရောက်နိုင်ဘူးလို့ ပြောပါတယ်။

“အာဆီယံအနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးဖို့ စစ်ကောင်စီရဲ့ ဦးဆောင်မှုနဲ့ လုပ်နေတာတွေကတော့ လက်တွေ့မကျပါဘူး။ တကယ်လိုအပ်တဲ့သူတွေဆီကို ဘယ်လိုမှ မရောက်နိုင်လို့ အခုသုံးလကျော်ကြာခဲ့တဲ့အထိ လုံးဝမအောင်မြင်ပါဘူး။ NUG အနေနဲ့ကတော့ လက်တွေ့ကျကျ မြေပြင်လိုအပ်ချက်အမှန် ကောက်ယူရရှိဖို့ လုပ်နေပါပြီ။ နိုင်ငံတကာနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတချို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာ မို့လို့ ရရှိတဲ့အချက်အလက်တွေဟာ အာဆီယံနဲ့ နိုင်ငံတကာက သတင်းမှန်တွေ ရရှိမှာ ဖြစ်ပြီးတော့ လိုအပ်တဲ့အကူအညီတွေကို အမှန်တကယ်လိုအပ်တဲ့သူတွေဆီရောက် အောင် ထောက်ပံ့ပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒါအားလုံးရဲ့မျှော်လင့်ချက်ပါပဲ။ အောင်မြင် အောင်ကတော့ အားလုံးက အပြောမဟုတ်ဘဲ အလုပ်နဲ့ လက်တွေ့ ကူညီကြဖို့ လို ပါတယ်”

NUG ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနအနေနဲ့ အာဏာသိမ်းတစ်နှစ်ခွဲကာလအတွင်း စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ် ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေကို ထောက်ပံ့ပေးနေတာတွေရှိတယ်လို့ သူက ဆိုပါတယ်။

ခုခံစစ်တွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းတို့က မြို့နယ်တချို့မှာ မြို့ပေါ်လောက်သာ စစ်ကောင်စီက ထိန်းချုပ်ထား နိုင်ပြီး ကျေးလက်တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပျက်ပြားနေတာကြောင့် စစ်ကောင်စီ အစီအစဉ်နဲ့ပေးမယ့် အထောက်အပံ့ဟာ တကယ်ထိခိုက်ခံစားနေရတဲ့ ဒုက္ခ သည်တွေဆီ မရောက်နိုင်ဘူးလို့ အဲဒီဒေသတွေမှာ ရှိတဲ့ စစ်ဘေးရှောင်အရေး ကူညီပေးသူ တွေက ပြောပါတယ်။

ကရင်နီပြည်နယ်မှ စစ်ဘေးဒုက္ခသည်ကလေးများကို ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်နေ့မှာ တွေ့ရစဥ် (Photo: Karenni Refugee Assistance Network)

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ အရေအတွက် သန်းနဲ့ချီပြီး ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေဆီ အကူအညီတွေရောက်နိုင်ဖို့ ဟာ စစ်ကောင်စီတစ်ခုတည်းနဲ့ မဖြစ်နိုင်ဘဲ အားလုံးပါဝင် ဆောင်ရွက်မှရမယ်လို့ မှတ်ချက် ပြုပါတယ်။

“ဒီလောက်ဦးရေများပြားတဲ့ သန်းကျော်တာ။ ဒါက စာရင်းဇယားအရ သန်းကျော်တာ။ တကယ်တမ်း ကျနော်တို့ မြင်တာတော့ တစ်သန်းကတော့ မကဘဲနဲ့ ဘယ်နှသန်းထိ အောင် ဖြစ်နေပြီလဲဆိုတာ အနေအထားက အဲဒီလိုဖြစ်နေတဲ့အခါမှာကျတော့ ဒီအရေး ဟာ ကျနော်တို့နိုင်ငံ ကိုယ့်အချင်းချင်းနဲ့ ဘယ်လိုမှရှင်းလို့မရတဲ့ကိစ္စဖြစ်လာတဲ့အပေါ် မှာ ကျနော်တို့က ဘယ်လိုပဲဖြစ်ဖြစ် တခြားအိမ်နီးနားချင်းအပါအဝင် ကမ္ဘာ့အသိုင်း အဝိုင်းကပါ ဆက်ပြီးတော့ ပူးပေါင်းလုပ်ဆောင်ဖို့တော့လိုပြီဆိုတာ ကျနော်တို့ ပြောချင်တယ်။ အဲဒါက အဓိကအချက်ပါ။ စစ်ကောင်စီတစ်ဖွဲ့တည်းနဲ့ သွားလုပ်မယ် ဆိုရင်တော့ ဘာမှမဖြစ်လာတော့ဘူးဆိုတာ ဒီလောက်တော့ နားလည်ဖို့သင့်ပြီဆိုတာ ကျနော်တို့ ပြောချင်တယ်”

မြန်မာနိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အရပ်သား ကာကွယ် စောင့်ရှောက်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာလည်း ပိုမိုဆိုးရွားလာ တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) သြဂုတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေဆီကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်ပေးအပ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း UN OCHA က ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org