သင်္ကြန်မတိုင်ခင် ၁၀ ရက်အတွင်း နိုင်ငံတစ်ဝန်း လူ ၉၉ ယောက် အဖမ်းခံရ

2022.04.14
သင်္ကြန်မတိုင်ခင် ၁၀ ရက်အတွင်း နိုင်ငံတစ်ဝန်း လူ ၉၉ ယောက် အဖမ်းခံရ စစ်တပ် ဖမ်းဆီးခဲ့သည့် မောင်သန့်ဘုန်းဝေယံရဲ့ မိခင် မသီရိဝေနှင့် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာစံပြကျေးရွာမှ လူငယ်တွေပုံကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် စစ်ကောင်စီမီဒီယာမှာ ဖော်ပြထားစဥ်
Photo: MRTV

RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ဧပြီ ၁ ရက်ကနေ ၁၀ ရက်နေ့အထိ သင်္ကြန်မတိုင်ခင် ၁၀ ရက်အတွင်းမှာ  ရန်ကုန်၊ မန္တလေးနဲ့ ကရင်ပြည်နယ် မြဝတီမြို့က စုစု ပေါင်း လူ ၉၉ ယောက် အဖမ်းခံရပါတယ်။

အဖမ်းခံရသူတွေဟာ ရန်ကုန်မြို့က ၄၇ ဦး၊ မန္တလေးက ၄၃ ဦးနဲ့ ကရင်ပြည်နယ် မြဝတီမြို့ က ကိုးဦး၊ စုစုပေါင်း  ၉၉ ဦး ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲကတချို့က မြေပြင် သပိတ် လှုပ်ရှားသူတွေဖြစ်ပြီး တချို့ကတော့ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေနဲ့ PDF တွေ အဖြစ် စွပ်စွဲခံရသူတွေ ဖြစ်ပါတယ်။

စစ်ကောင်စီသတင်းစာတွေကလည်း ဧပြီလ ၅ ရက်နေ့က အလုံမြို့နယ် မူကြိုတစ်ခုကနေ အဖမ်းခံလိုက်ရတဲ့ သုံးနှစ်အရွယ် မောင်သန့်ဘုန်းဝေယံရဲ့ မိခင် မသီရိဝေ ခေါ် မဝေ အပါအဝင် စုစုပေါင်း ၁၅ ဦးကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းမိကြောင်း စစ်ကောင်စီက ဧပြီ ၁၃ ရက် မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရန်ကုန်မှာ သင်္ကြန်မတိုင်ခင် တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေ စိပ်လာသလို စစ်ကောင်စီဘက်ကလည်း လုံခြုံရေးအထူးတင်းကျပ်ပြီး ပိုက်စိပ်တိုက်ဖမ်းဆီးနေတာတွေ ကြောင့် အတော့်ကို ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ပုဇွန်တောင်နဲ့ ဗိုလ် တထောင်မြို့နယ် လူငယ်များသပိတ်ကော်မတီ (PBYSC) အဖွဲ့ဝင် အမျိုးသမီးတစ်ဦး က RFA ကို ပြောပါတယ်။

"အရင်တုန်းကဆိုရင်တောင်မှ ရဲဘော်တစ်ယောက်လောက် ပါသွားပြီဆိုရင် ရှောင်ချိန်ရှားချိန် ရသေးတယ်ပေါ့။ အခုချိန်မှာကျတော့ ရဲဘော်တစ်ယောက်ပါသွားပြီဆို ရင် ရှောင်နေရှားနေတဲ့ အနေအထားကိုတောင်မှ ပိုပြီးဂရုစိုက်ရတယ်။ ဘာလို့ဆို တော့ ဒီရန်ကုန်မြို့ကြီးက လှုပ်ရှားမှုတွေကလည်း စိပ်လာတယ်။ ပြီးတော့ ပြည်သူ တွေအနေနဲ့ကလည်း ရှောင်ရှားလာတဲ့ လူတွေအတွက် ကူညီပေးချင်ပေမဲ့ အဲဒါကို စစ်ကောင်စီဘက်က သိသွားပြီဆိုရင် ကူညီတဲ့သူတွေကို ဖမ်းဆီးတားဆီးတာတွေကလည်း ပိုများလာတယ်။ လုံခြုံရေးအနေနဲ့လည်း ခက်ခဲကျပ်တည်းလာတယ်။ အခက်အခဲ တွေ အရမ်းဖြစ်လာတယ်"

မန္တလေးမြို့မှာဆိုရင်လည်း စစ်တပ်က သင်္ကြန်မတိုင်ခင်ကာလအတွင်း စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲတဲ့ပုံစံမျိုးနဲ့ မြို့ပြသပိတ် လူငယ်တွေကို ပိုက်စိပ်တိုက် ဖမ်းဆီးခဲ့တာလို့ မန္တလေး သပိတ်အင်အားစု ကော်မတီဝင် ကိုငြိမ်းချမ်းအောင်က RFA ကို ပြောပါတယ်။

"စစ်ဆင်ရေးပုံစံ ဆင်နွှဲပြီးတော့ကို ဖမ်းနေတာ၊ မြို့တွေကို ပိတ်လိုက်ပြီးတော့ မှ အကုန်လုံးကို တောက်လျှောက် သတင်းရတာနဲ့ ဝင်စီးနေတာ၊ တစ်ယောက် ကို ဖမ်းမိတယ်ဆိုရင် ချက်ချင်းစစ်တယ်၊ မရလို့ရှိရင် ထိုးကြိတ် ရိုက်နှက်တယ်၊ နှိပ်စက်တယ်၊ စစ်ဆေးတယ်၊ အဲ့ကမှ နောက်တစ်ယောက်ပေါ်လို့ရှိရင် သူ့ ဆီက သတင်းအစအနပေါ်တာနဲ့ နောက်တစ်နေရာကို ချက်ချင်းစစ်တယ်၊ ပစ်ဖမ်းတာအထိကို ကျနော်တို့ ကြားရပါတယ်"

၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက် စိန်ရတု ပြည်ထောင်စုနေ့နဲ့ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွေတုန်းကလည်း စစ်ကောင်စီက လုံခြုံရေးအထူးတင်းကျပ်တဲ့အနေနဲ့  မန္တလေးမြို့ တွင်း နယ်မြေရှင်းလင်းရေးကို နည်းမျိုးစုံသုံးပြီး လုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။

"တစ်ယောက်ကို ဖမ်းမိတယ်ဆိုရင် ချက်ချင်းစစ်တယ်၊ မရလို့ရှိရင် ထိုးကြိတ်ရိုက်နှက်တယ်၊ နှိပ်စက်တယ်"

မြေပြင်သပိတ်တွေနဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေ လှုပ်ရှားသွားလာနိုင်တဲ့ နေရာတွေမှာ လည်း စစ်တပ်သတင်းပေးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက မျက်ခြည်မပြတ် စောင့်ကြည့် ထောက်လှမ်းနေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က  PDF တွေ အတွက် ထောက်ပို့တာဝန်ယူထားတဲ့ လူငယ်ကိုးယောက်ကို နယ်ခြားစောင့်တပ် BGF နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ကရင်ပြည်နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မြဝတီမြို့မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရသည့် ကိုစိုးဝင်းနိုင်(ခ)ခေါခေါ နှင့် မဖူးပွင့်ဖြူ (ခ)နော်ဖူး တို့ကို တွေ့ရစဥ် (Photo: Myanmar Military)
မြဝတီမြို့မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရသည့် ကိုစိုးဝင်းနိုင်(ခ)ခေါခေါ နှင့် မဖူးပွင့်ဖြူ (ခ)နော်ဖူး တို့ကို တွေ့ရစဥ် (Photo: Myanmar Military)

လက်ရှိမှာ ကရင်ပြည်နယ် မြဝတီမြို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး လှုပ်ရှားမှုတိုင်းကို  မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကရင်ပြည်နယ် PDF တပ်ဖွဲ့တစ်ခုက ပြောရေးဆိုခွင့် ရှိသူက RFA ကို ပြောပါတယ်။

"သူတို့တွေက မြို့နယ်အနှံ့မှာ ကင်းပုန်းတွေဝပ်တာတွေ ရှိတယ်။ အရပ်ဝတ် တွေနဲ့ စောင့်နေတာမျိုးတွေ ရှိတယ်လို့ သိထားပါတယ်။ အထူးသဖြင့် BGF ပူးပေါင်း တပ်ဖွဲ့တွေပေါ့လေ။ BGF နဲ့ အဖွဲ့တွေက စစ်ဆေးနေတာမျိုးလည်း တွေ့ရပါတယ်။ စစ်တပ်ကတော့ မြဝတီမြို့ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ လက်ရှိမှာတော့ ရှိနေပါတယ်"

သင်္ကြန်မတိုင်ခင် အစုအပြုံလိုက် ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီကနေ့ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမဲ့ အကြောင်း မပြန်ပါဘူး။

တက္ကသိုလ် ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းကတော့  ဖမ်းဆီးမှုတွေ ဘယ်လောက်များများ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ဆက်လုပ်သွားမယ်လို့ RFA ကို ပြောပါတယ်။

"သင်္ကြန်ကို တည်ပြီးတော့မှ စစ်ကောင်စီဘက်ကလည်း ဖမ်းဆီးတွေကို တရားလက်လွှတ်ပေါ့ ဖမ်းဆီးသတ်ဖြတ်တာတွေ အများကြီး ရှိလာတယ်။ ဒီရက်ပိုင်းဆိုလည်း ကျနော် တို့ မန္တလေးက သပိတ်ခေါင်းဆောင် ကိုသူရအောင်ဆိုတာ သူ့ရဲ့စစ်ကြောရေးမှာ တော်တော့်ကို လူမဆန်တဲ့ နှိပ်စက်မှုနဲ့ နှိပ်စက်ခံနေရတယ်၊ ကြားရတာ စိတ်မကောင်းဘူး။ ထုံးစံအတိုင်းပဲ ကျနော်တို့ စိတ်မကောင်းတာကတစ်ပိုင်း ကျနော်တို့ ရဲဘော်တွေ အတွက် ပိုပြီးတော့ အလုပ်လုပ်မယ်။ တော်လှန်ရေးကြီး ရှေ့ဆက်နိုင်အောင်၊ ရအောင် လုပ်ရမှာက ကျန်နေတဲ့သူတွေရဲ့တာဝန်ပဲ။ ဒီတာဝန်ကို အစွမ်းကုန် နည်းလမ်းပေါင်းစုံ နဲ့ ကြိုးစားဆောင်ရွက်နေကြတယ်"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)  ရဲ့ ဧပြီ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း နိုင်ငံ တစ်ဝန်းမှာ စုစုပေါင်း ၁၇၄၅ ဦး သေဆုံးပြီး ၁၃,၂၂၃ ဦး အဖမ်းခံထားရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။