ပိတ်ထားတဲ့ အမှတ် ၂ တံတားအနီး ခလရ ၂၇၅ တပ်ဖွဲ့ဝင်တွေ ပုန်းခိုနေ

RFA Burmese
2024.04.11
ပိတ်ထားတဲ့ အမှတ် ၂ တံတားအနီး ခလရ ၂၇၅ တပ်ဖွဲ့ဝင်တွေ ပုန်းခိုနေ ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားတွင် စောင့်ကြပ်နေကြသည့် ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က စစ်ကောင်စီတပ်စခန်းတွေအားလုံး ဧပြီလ ၁၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) ကို ထိုင်းဘက်ခြမ်းက ဧပြီလ ၁၁ ရက် နေ့လယ်ပိုင်းက ပိတ်လိုက်ပေမဲ့ အမှတ် (၁) တံတားကိုတော့ ပုံမှန်အတိုင်း ဖွင့်ထားပါတယ်။

အမှတ်(၁) တံတားတစ်လျှောက် လက်နက်ကိုင်ဆောင်ထားသူတွေကို တွေ့ပေမဲ့ စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို မတွေ့ဘူးလို့ ဧပြီလ ၁၁ ရက်နေ့က ချစ်ကြည်ရေးတံတား အမှတ် (၁) ကနေ မဲဆောက်မြို့ကိုရောက်လာသူတစ်ဦးက ပြောပါတယ်။

"ဌာနဆိုင်ရာက ရဲတို့ ဘာတို့တော့ မတွေ့ဘူး။ လဝက ကတော့ သူ့ပုံမှန်အတိုင်း လုပ်နေတယ်၊ ယူနီဖောင်းနဲ့မဟုတ်ဘူး ဂျင်းဘောင်းဘီရယ် အင်္ကျီအဖြူရယ် အဲလောက်ပဲ။ ဌာနဆိုင်ရာဝတ်စုံတော့ မဝတ်ထားဘူး။ သာမန်ပဲ၊ တွေ့ခဲ့တာတော့ သေနတ်နဲ့ ကရင်အဖွဲ့အစည်းကနဲ့ တူပါတယ်။ နှစ်ယောက် တွေ့ခဲ့တယ်။ မဲဆောက်ဘက်ကို ဝင်တဲ့သူတွေကတော့ အနည်းဆုံးက နှစ်ရာ သုံးရာလောက်တော့ ရှိမယ်။ အသစ်ရော အဟောင်းရောပေါ့နော်။ ကားတွေများတယ် လမ်းလျှောက်တဲ့သူတွေလည်း ရှိတယ်"

မြဝတီဘက် အမှတ် (၂) တံတားမှာတော့ တွေ့ရပြီး ခလရ -၂၇၅ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ အင်အားတစ်ရာနီးပါးလောက် ပုန်းခိုနေတာ တွေ့ရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ခလရ-၂၇၅ တပ်က စစ်ကောင်စီတပ်သားတွေ အမှတ် (၂) တံတားမှာ ပုန်းခိုနေတာကြောင့် အဲဒီအနီးတစ်ဝိုက်ကို မသွားကြဖို့ ပြည်သူတွေကို သတိပေးထားပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ချစ်ကြည်ရေးတံတား အမှတ် (၂) ကို ဧပြီလ ၁၁ ရက် နေ့လယ်ပိုင်းမှာ ပိတ်လိုက်ပြီး တံတားဝန်းကျင်တစ်လျှောက် လုံခြုံရေးတင်းကျပ်ထားပါတယ်။ ဧပြီလ ၁၁ ရက် ညအထိ အဲဒီစစ်သားတွေ ဝင်ခွင့်မရသေးဘဲ မြဝတီဘက်အခြမ်းမှာ ပိတ်မိနေတဲ့အနေအထား ဖြစ်ပါတယ်။

အဲဒီစစ်သားတွေဟာ ထိုင်းနိုင်ငံဘက် ခိုလှုံခွင့်မရသေးတာကြောင့် ချစ်ကြည်ရေးတံတား အမှတ် (၂) မြဝတီဘက်အခြမ်း ဂိတ်ဝင်းထဲမှာ ခုံတန်းရှည်တွေကို အကာအကွယ်လုပ်ပြီး ချထားသလို ကတုတ်ကျင်းတွေ တူးပြီး ခံစစ်ပြင်နေကြတယ်လို့ ထိုင်းသတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Reporters က သတင်းဖော်ပြထားပါတယ်။ ဘန်ကောက်ပို့စ်သတင်းမှာတော့… မြဝတီဘက်က တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ချဖို့ ထိုင်းစစ်တပ်က ပြောထားတယ်လို့ ဖော်ပြပါတယ်။

"ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် အဲဒါမျိုး တိုင်းရင်းသားဒေသတွေကတော့ တဖြည်းဖြည်းနဲ့ တိုင်းရင်းသားတွေရဲ့အုပ်ချုပ်မှုအောက်ကို ရောက်သွားမှာပဲ’’

ထိုင်းဘက်က လက်မခံလို့ ခလရ- ၂၇၅ တပ်က တပ်ဖွဲ့ဝင်တွေက သူတို့လုံခြုံရေးအတွက် အကာအကွယ်ယူပြီး အမှတ် (၂) တံတားမှာ ခိုနေကြတာလို့ မဲဆောက်မြို့ အခြေ စိုက် New Myanmar Foundation ရဲ့ ဒါရိုက်တာ ဒေါက်တာ စန်းအောင်က ပြောပါတယ်။

"အခုနောက်ဆုံးကျန်တဲ့ ၂၇၅ ကလဲပဲ တံတားအမှတ် (၂) ပေါ့နော်။ ဒီဘက်ကို ပြေးလို့များ ရကြမလားလို့ လာကြတာ၊ ကတုတ်ကျင်းတူးပြီးတော့ ခံတယ်ဆိုတာက ဒီဘက်က လက်မခံလို့ အဲဒီမှာဘေးတွေ့နေကြတာ။ ကစဉ့်ကလျား ပြေးတဲ့အခါကျတော့ နေစရာမရှိတော့ ဒီဘက်ကမ်းကို ကူးမယ်။ ဒီဘက်ကလည်း ကျွန်တော်ကြားတာကတော့ ဒဏ်ရာရတဲ့သူတွေကို ဆေးကုပေးတယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေကို လက်မခံဘူး။ သူတို့ရဲ့လုံခြုံရေးအတွက် အကာအကွယ်ယူတာ အဲဒီလောက်ပါပဲ၊ စားစရာ သောက်စရာ မရှိဘဲနဲ့ ဘယ်နှရက်နေနိုင်မှာလဲ။ မနေနိုင်ပါဘူး၊ ကျွန်တော်မြင်တာကတော့ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် အဲဒါ မျိုး တိုင်းရင်းသားဒေသတွေကတော့ တဖြည်းဖြည်းနဲ့ တိုင်းရင်းသားတွေရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်သွားမှာပဲ။ ဒါ အနှေးနဲ့အမြန်ပဲ။’’

ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားအနီးတွင် စောင့်ကြပ်နေသည့် ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားအနီးတွင် စောင့်ကြပ်နေသည့် ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စခန်းသိမ်းခံထားရတဲ့ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေဆဲပဲလို့ ဧပြီ ၁၁ ရက်နေ့က မဲဆောက်မြို့ကို ဝင်ရောက်လာတဲ့ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

"ညကတော့ လက်နက်ကြီးသံတွေ တစ်ညလုံးကြားရတယ်လေ။ ဗုံးကြဲတယ်။ မြို့ထဲကနေကြားနေရတယ်ပေါ့နော်၊ ဒီနေ့လည်း တစ်နေ့လုံးလက်နက်ကြီးသံတွေ ကြားနေရတယ် တစ်နေ့လုံး၊ တချို့ပိုက်ဆံရှိတဲ့ သူတွေက ဟိုဘက်ကမ်းတွေ ကူးကြတာပေါ့။ မရှိတဲ့သူတွေကတော့ မကူးနိုင်ဘူးပေါ့ကွာ။ ကမ်းနဖူးမှာပဲ ဆင်းနေမယ်ပေါ့ ဒီကလူတွေကလည်း သိပ်ပြီးရှိကြတဲ့သူတွေမဟုတ်ဘူးလေ။ အဲဒီတော့ မကူးနိုင်ကြဘူးလေ။ မြဝတီမြို့ကို ဗုံးကြဲမှာလည်း ကြောက်နေကြတယ်။ အကုန်လုံးပဲ စိုးရိမ်နေကြတယ်ပေါ့။ မနက်ကလည်း အစောကြီး လေယာဉ်တွေ ပတ်နေတယ်ပေါ့နော်။’’

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြဝတီမြို့ ခလရ−၂၇၅ တပ်စခန်းကို ဧပြီလ ၈ ရက်နေ့မှာ စတင်ထိုး စစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၁၁ ရက်မနက်မှာတော့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။

ဒီစခန်းသိမ်းခံရတဲ့အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်တပ် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။