မြဝတီတံတားအောက် ခိုလှုံနေတဲ့ ခလရ ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းတပ်တွေ ဒရုန်းနဲ့ တိုက်ခိုက်

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ကုန်ကားဝင်းမှာ ခိုလှုံနေတဲ့ မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) တပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းတပ်တွေ မနေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ကုန်ကားဝင်းတွင် ထွက်ပြေးခိုလှုံနေသည့် ခလရ (၂၇၅) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ကုန်ကားဝင်းမှာ ထွက်ပြေးခိုလှုံနေတဲ့ မြဝတီမြို့ စောင့်တပ် ခလရ (၂၇၅) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ဧပြီလ ၁၂ ရက်ညပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ကောင်စီကလည်း လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲသွားတယ်လို့ အမှတ် (၂) တံတားအနီး ရေပူရွာက ရပ်မိရပ်ဖတစ်ဦးက RFA ကို ပြောပါတယ်။

"ညနေပိုင်း ၇ နာရီကျော်လောက်မှာ တံတား (၂) ဝင်းထဲကို PDF တွေ ရေပူရွာဘက်ကနေ ဒရုန်းနဲ့ ဗုံးချတာ နှစ်လုံးပေါက်ကွဲတာ တွေ့ ရတယ်၊ တံတားကားဝင်းထဲမှာက ထိုင်းဘက်ကူးသွားလို့မရတဲ့ စစ်သားတွေရှိနေတော့ အထဲကနေ အပြင်ဘက်ကို ပြန်ပစ်တယ်၊ သိပ်မကြာဘူး အခု PDF တွေ သိမ်းထားတဲ့ ခလရ ၂၇၅ ဝင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲပြီး ပြန်သွားတယ်၊ အခုတော့ ပစ်သံ ငြိမ်လိုက်ရပ်လိုက်ပဲ"

အဲဒီတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံဘက် ကုန်သွယ်ရေးတံတား (၂) ကားဝင်းထဲက စစ်ကောင်စီတပ်သားတွေ သောင်ရင်းမြစ်ကမ်းနားဘက်ကို ထွက်ပြေးပြီး ထိုင်းနိုင်ငံဘက် ကမ်းကူးဖို့ ကြိုးစားနေကြပေမယ့် ထိုင်းစစ်တပ်က ကမ်းနားတလျှောက် ကင်းလှည့်စောင့်ကြည့်နေလို့ ကူးသွားတာမျိုး မလုပ်ရဲကြဘူးလို့ အဲဒီရပ်မိရပ်ဖက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ကုန်သွယ်ရေးတံတား အမှတ် (၂) ဝင်းထဲကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာနဲ့ ခလရ ၂၇၅ တပ်ရင်းကို စစ်တပ်လေကြောင်းက ဗုံးကြဲတာကြောင့် နှစ်ဖက်ထိခိုက်‌မှု အသေးစိတ် အခြေအနေကို RFA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဧပြီလ ၁၀ ရက်နေ့က ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီမြို့ဘက်မှာ လက်လွတ်ဆုံးရှုံးထားတဲ့ စစ်ကောင်စီ စစ်စခန်းနဲ့ တပ်ရင်းတွေကို ပြန်ပြီးသိမ်းပိုက်ဖို့ စစ်ကောင်စီရဲ့ တပ်မ ၅၅ စစ်ကူတပ်နဲ့ သံချပ်ကာတပ်တွေ ဘားအံမြို့ဘက်ကနေ ကော့ကရိတ်၊ နဘူး၊ မြဝတီကို လမ်းကြောင်းသုံးခုကနေ ချီတက်လာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ရှိသူက ပြောပါတယ်။

"စစ်တပ်က တပ်မ ၅၅ တပ်တွေ ဘားအံကနေ ကျုံဒိုးကို ရောက်တယ်၊ ခမရ ၅၄၅၊ ၅၄၆ တပ်မှာ တစ်ညအိပ်တယ်၊ နောက်တော့ အာရှလမ်းဘက်၊ ချောင်းဖျားရွာဘက်၊ နဘူးရွာဘက်ကနေ စစ်ကြောင်း တွေ လမ်းကြောင်းသုံးခုခွဲပြီး ကော့ကရိတ်နဲ့ မြဝတီကို ဆက်တက်နေတယ်၊ သံချပ်ကာကား တစ်စီးနဲ့ စစ်ကားလေးစီး ပျက်လို့ တပ်ထဲမှာ ချန်ခဲ့တယ်၊ အခုနေ့လည်က အာရှလမ်း ကော့နွဲ့ ရွာနားမှာ မိုင်းထိလို့ စစ်တပ်က သေတာရှိတယ်၊ အဲဒီစစ်ကြောင်းကတော့ မြဝတီကို ဆက်တက်မယ်ထင်တယ်"

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဘက်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလိမှူးကြီး မင်းကျော်သူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်‌မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

လက်ရှိ မြဝတီမြို့မှာ စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေ၊ ဘဏ်တွေ ပိတ်ထားပါတယ်။ ဒါပေမဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) မှာတော့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းတွေက မဲဆောက်မြို့ဘက် တံတားဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးတာတွေ ဆက်လုပ်နေတုန်းပဲလို့ မဲဆောက်မြို့ဘက်ကို ဈေးဝယ်လာတဲ့ မြဝတီမြို့ခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org