NCA လေးနှစ်ကာလအတွင်း ဘာတွေ ထူးခြားပြောင်းလဲလာသလဲ

လာမယ့် အောက်တိုဘာ ၁၅ ဆိုရင် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့တွေကြား NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ လေးနှစ်ပြည့်မြောက်တော့မှာပါ။

အစိုးရနဲ့ NCA-S-EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး နောက်ဆုံးနေ့ကို ၂၀၁၈ အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်မှာကျင်းပစဉ် Photo: Myanmar State Counsellor Office

လာမယ့် အောက်တိုဘာ ၁၅ ဆိုရင် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့တွေကြား NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ လေးနှစ်ပြည့်မြောက်တော့မှာပါ။

သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း မကုန်ခင် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့၊ အစိုးရ၊ တပ်မတော်တို့ကြား NCA လို့ ခေါ်တဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်ကို ဦးစွာလက်မှတ်ထိုးခဲ့ကြပါတယ်။

နှစ်နှစ်ကျော်အကြာ NLD အစိုးရ တက်လာချိန်မှာတော့ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ်ပါတီတို့ လက်မှတ်ရေးထိုးလာခဲ့တဲ့အတွက် အပစ်ရပ်အဖွဲ့ဟာ ၁၀ ဖွဲ့အထိ ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် NCA လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့် အခမ်းအနားနဲ့အတူ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းကို တိုင်းရင်းသားအဖွဲ့တွေဘက်က ဝေဖန်မှု တွေနဲ့အတူ KNU နဲ့ RCSS တို့ဘက်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရားဝင် ပါဝင်ဆွေး နွေးမှုကိုပါ ရပ်နားခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

"လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ အမြဲဦးတည်ထားရမှာက ဒို့တာဝန် အရေးသုံးပါးဖြစ်ပါတယ်။ ပြည်ထောင်စုပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရေးကို ဦးတည်တဲ့ ကိစ္စတွေကို မူလဆွေးနွေးမှုကတည်းက ရှောင်ရှားဖို့ လိုပါတယ်။ ပြည်ထောင်စုရဲ့ မည်သည့် အစိတ်အပိုင်းကိုမဆို ပြည်ထောင်စုက မခွဲထွက်ရဆိုတဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ မှာ အတည်အလင်း ပြဌာန်းထားပြီး ဖြစ်ပါတယ်"

ဒါက NCA သုံးနှစ်ပြည့်မှာ ကာကွယ်ရေးဦးစီးချုပ် ပြောသွားတဲ့ မိန့်ခွန်းထဲက တချို့ကို ပြန်လည် ကောက်နုတ်တင်ပြလိုက်တာပါ။

အဲဒီဆွေးနွေးပွဲမှာ တပ်မတော်တစ်ခုတည်း ထားရှိရေး၊ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တပ်နေရာချထားရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပေမယ့် ရေရာတဲ့ရလဒ်တွေ မရှိခဲ့ပါဘူး။

တပ်မတော်တစ်ခုတည်း ထားရှိရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ယေဘုယျ သဘောတူထားပေမယ့် တစ်ခုတည်းသော တပ်မတော်ကို ဘယ်လိုပုံစံဖွဲ့စည်းမယ်ဆိုတဲ့ အချက်ကို နောက်ပိုင်းမှ ဆက်ဆွေးနွေးကြမယ်ဆိုပေမယ့် ပြီးခဲ့တဲ့ ၁၂ လအတွင်း မဆွေးနွေးဖြစ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဒီနှစ်မှာတော့ အောက်တိုဘာ ၁၅ ဆိုရင် NCA က လေးနှစ်ပြည့်ပါပြီ။ လေးနှစ်ပြည့် အစီအစဉ်ကို ရက်အနည်းငယ် နောက်ဆုတ်ပြီး ကျင်းပနိုင်မယ်လို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲမှာ အဆင်မပြေမှု သာဓကတွေရှိခဲ့တာကြောင့် ဒီနှစ်မှာ ထိပ်သီးတွေ့ဆုံပွဲဆိုတာမျိုး မဟုတ်ဘဲ နှစ်ပတ်လည်ပွဲဆိုတဲ့ သဘောမျိုးသာ ကျင်းပဖြစ်မယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

"လွန်ခဲ့တဲ့နှစ်ကလို ဖြစ်မှာတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ကဆို anniversary ပုံစံမဖြစ်ဘဲ ဆွေးနွေးပွဲပုံစံ ဖြစ်သွားတယ်။ ရလဒ်ကောင်းတွေ ရချင်လို့ ကြိုးစားပြီးလုပ်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ ရလဒ်ကောင်းမရှိခဲ့ဘဲ ရလာတဲ့ရလဒ်အပေါ်မှာ အထစ်အငေါ့တွေ ဖြစ်သွားခဲ့တယ်။ အဲဒါကို သင်ခန်းစာတွေအဖြစ်လည်း ကျမတို့ ပြန်လည်သုံးသပ်ကြတာရှိပါတယ်။ လာမယ့်အစည်းအဝေး ကတော့ နှစ်ပတ်လည်လောက်ပဲ ဖြစ်လိမ့်မယ်လို့ ကျမ ထင်ပါတယ်"

အပစ်ရပ်လက်မှတ်ရေးထိုးပြီးနဲ့ မထိုးခင်ကြား ကွာဟချက်တွေနဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်သဘောထားကို RFA က မေးကြည့်ရာမှာ လက်မှတ်ထိုးပြီးတဲ့နောက် ပြည်တွင်းကို လွတ်လွတ်လပ်လပ် ဝင်ရောက်လာနိုင်တာ၊ အစိုးရနဲ့ မိတ်ကောင်းဆွေကောင်းတွေလို တွေ့ဆုံပြောဆိုနိုင်တာတွေ ရှိပေမယ့် ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ဆွေးနွေးရာမှာ တစ်ဘက်နဲ့ တစ်ဘက် သံသယတွေ များနေပြီး ရှေ့မရောက်ဘူးလို့ ပြောပါတယ်။

လက်မှတ်ထိုးပြီး ဒီကြားကာလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်မသွားအောင် ထိန်းလုပ် နေရတာတွေ ရှိပြီး ဆွေးနွေးပွဲဖြစ်တယ်ဆိုရင်ပဲ ရှေ့ရောက်တဲ့ သဘောမျိုးလ့ို သက်မှတ်ခဲ့ရတဲ့ အခြေအနေတွေ ရှိခဲ့တယ်လို့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောကြပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးခွန်မြင့်ထွန်းက တိုးတက်လာတဲ့ အနေအထားကို ပြောပါဆိုရင် ဖက်ဒရယ်ဆိုတဲ့ အသုံးအနှုန်းအပေါ် တပ်မတော်က ပေါင်းစည်းရေး ဆိုတာ လက်ခံလာပြီး ဆွေးနွေးမှုတွေမှာ အားလုံးတန်းတူဆိုတဲ့ အနေအထားကိုရောက်အောင် ဦးတည်ထားနိုင်ပြီဆိုတဲ့ အချက်ပဲ လို့ ပြောပါတယ်။

"ကျနော်တို့ လက်မှတ်ရေးထိုးလာတဲ့ နောက်မှာတော့ တပ်မတော်က ကိုင်စွဲလာခဲ့တဲ့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဆိုတာကို ပစ်ပယ်ပြီးတော့ ဖက်ဒရယ်ဆိုတာ ပေါင်းစည်းရေးဆိုတာ လက်ခံလာတာ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ အရေးကြီးတဲ့ အပြောင်းအလဲပဲ။ အရင်ကာလက ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ တန်းတူရည်တူ ဆက်ဆံရမယ်ဆိုတဲ့ ဒီအခြေခံတွေကနေ ကျနော်တို့ လုပ်ခဲ့ရတာမဟုတ်ဘူး။ လက်နက်ချ၊ အလင်းဝင်ဆိုတဲ့ အခြေအနေကနေ အခုအခြေအနေထိ ရောက်အောင် တည်ထားနိုင်ပြီ။ တစ်ခုခုကို ပြီးဆုံးသွားအောင် ဆောင်ရွက်နိုင်ပြီလို့တော့ ကျနော်တို့က ပြောလို့မရသေးဘူး"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လာမယ့် ၂၀၂၀ မတိုင်ခင် ငြိမ်းချမ်းရေးရအောင်ကြိုးပမ်းမယ်လို့ ပြောထားပါတယ်။

ဒီလိုပြောပြီးနောက် တပ်မတော်ဘက်က တစ်ဖက်သတ်အပစ်ခတ်ရပ်စဲရေးကို ၂၀၁၈ ဒီဇင်ဘာလ ကုန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၉ လကြာ ရပ်ခဲ့ပေမယ့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကြောင့်ဆိုပြီး အပစ်ရပ်ကာလကို သက်တမ်းဆက်မတိုးတော့ပါဘူး။

တပ်မတော်ဘက်က အပစ်ရပ်သက်တမ်း မကုန်ခင် စက်တင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်က သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ကျိုင်းတုံမြို့မှာ စက်တင်ဘာလ ၁၇ ရက်နေ့ ပြုလုပ်မယ့် မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံပွဲဟာ အရေးကြီးပြီး ရလဒ်မကောင်းရင် အန္တရာယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲပြီးနောက် တပ်မတော်က အပစ်ရပ်သက်တမ်းကို ဆက်မတိုးတော့ဘဲ ကာလုံခေါ်ဖို့ကိုသာ ပြောလာတာဖြစ်ပါတယ်။

တစ်ဘက်မှာလည်း အစိုးရနဲ့ တပ်မတော်က အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးကို NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့ အမြဲတိုက်တွန်းနေပါတယ်။

လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေထဲက ဝ၊ မိုင်းလားနဲ့ ကေအိုင်အေတို့က NCA မှာ ပါလာနိုင်ခြေရှိတယ်လို့လည်း အစိုးရဘက်က မျှော်လင့်ထားပါတယ်။

အရင် ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ပြီး လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အရေး လေ့လာတဲ့ ရန်ကုန်မြို့က ဦးသန်းစိုးနိုင်က NCA လမ်းကြောင်းမှာ အားလုံးပါဝင်ရေးဆိုတာ ဝေးနေဆဲပဲလို့ သုံးသပ်ပါတယ်။

"အားလုံးပါဝင်ရေး အတိုင်းအတာကတော့ ဝေးနေဆဲပါပဲ။ NCA လမ်းကြောင်းအတိုင်းမသွားဘဲ သီခြားနိုင်ငံရေး အစီစဉ်တစ်ခုနဲ့ သွားမယ်ဆိုတဲ့ FPNCC ခုနှစ်ဖွဲ့က ဒီထဲမှာ ပါဝင်မလာဘူးခင်ဗျ။ နောက် NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုကိုက ရပ်ဆိုင်းနေတာ တစ်နှစ်လောက်ရှိနေပြီ။ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ထိပ်သီးဆွေးနွေးပွဲကစပြီး ကွဲလိုက်ကြတာ NCA ကို မောင်းနှင်နေတဲ့ အဓိက အင်အားစုဖြစ်တဲ့ KNUနဲ့ RCSSတို့က ဒီဆွေးနွေးပွဲတွေမှာ မပါဝင်တော့ဘူးလို့ ယေဘုယျ ပြောလိုက်တဲ့အခါမှာ NCA လှုပ်ရှားမှုက ရပ်တန့်သွားတယ်"

အခုလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST အစည်းအဝေး ကျင်းပမယ်လို့ သိရပါတယ်။  အစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာထဲ လေးနှစ်ပြည့် NCA အခမ်းအနား ကျင်းပနိုင်ရေးလည်း ပါဝင်မယ်လို့ အများက ယူဆကြပါတယ်။

၂၀၁၈ ကနေ ၂၀၁၉ ခုနှစ် ကြားကာလအတွင်း အပစ်ရပ်အဖွဲ့တွေနဲ့ အစိုးရကြား ဆွေးနွေး ဆောင်ရွက်ချက်တွေ အပေါ် အစိုးရရဲ့ သဘောထားသိနိုင်ဖို့ သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းတို့ကို ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ ပဒိုစောလှထွန်းနဲ့ RCSS ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းတို့ကို RFA က ဒီကနေ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမရခဲ့ပါဘူး။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org