မကွေးတိုင်းမှာ ကြားကာလစာသင်ကျောင်း ၇၀ နီးပါး ဖွင့်လှစ်သင်ကြား
အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံမှုမြင့်တက်လာတဲ့ မကွေးတိုင်း မြိုင်၊ ရေစကြို၊ ပေါက်နဲ့ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာ ၇၀ လောက်မှာ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဦးစီးပြီး စစ်ဘေးဒုက္ခသည်ကလေးငယ်တွေအတွက် ကြားကာလစာသင်ကျောင်းတွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
- 2022-05-23
-
-
-
အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံမှုမြင့်တက်လာတဲ့ မကွေးတိုင်း မြိုင်၊ ရေစကြို၊ ပေါက်နဲ့ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာ ၇၀ လောက်မှာ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေက ဦးစီးပြီး စစ်ဘေးဒုက္ခသည်ကလေးငယ်တွေအတွက် ကြားကာ လစာသင်ကျောင်းတွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းက မြိုင်မြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ စတင်ဖွင့်လှစ် ရာကနေ တဖြည်းဖြည်း အရှိန်ရလာပြီး အခုချိန်မှာတော့ ပေါက်၊ ဂန့်ဂေါနဲ့ ရေစကြိုမြို့နယ် ထဲက ကျေးရွာတွေအထိပါ တိုးချဲ့လာနိုင်တာလို့ မြိုင်ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတွေ က ပြောပါတယ်။
အဲဒီကျောင်းအားလုံးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေ၊ စေတနာ့ဝန်ထမ်း တွေ၊ CDM ဆရာ၊ ဆရာမတွေက ဦးစီးသင်ကြားပေးနေတာပါ။
"ကျနော်တို့ အမျိုးသားပညာရေးအနေနဲ့ ဒီကလေးတွေရဲ့ ပညာရေးကို လည်ပတ်နိုင်အောင် လုပ်ဆောင်မယ်ဆိုပြီး ကြိုးစားခဲ့ပါတယ်"
မြိုင်မြို့နယ်တစ်ခုတည်းမှာတင် ရွာပေါင်း ၄၈ ရွာမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားပြီး မူကြိုကျောင်းသား ၂၄ ယောက်၊ မူလတန်းကျောင်းသား ၅၁၉၁ ယောက်၊ အလယ်တန်း ကျောင်းသား ၂၉၈၅ ယောက်၊ အထက်တန်း ကျောင်းသား ၆၀၁ ယောက်၊ စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၈၈၀၁ ယောက်ကို CDM ဆရာ၊ ဆရာမ ၂၇၆ ဦးနဲ့ စေတနာ့ ဝန်ထမ်း ၇၁၅ ဦးက အခမဲ့ သင်ကြားပေးနေတာဖြစ်ပါတယ်။
ဒါဟာ ပညာနဲ့တော်လှန်တာလို့ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျနော်တို့က ဒါ ပညာနဲ့ တော်လှန်နေတာပေါ့နော်။ ကျနော့်ကလေးတွေ ကျောင်းမ တက်ဘူး။ ကျောင်းမအပ်၊ ကျောင်းမတက်တဲ့ ကလေးတွေ အများကြီး ရှိတယ်ပေါ့နော်။ ရပ်ရွာလူထုကလည်း တောင်းဆိုတယ်။ ဒါပေသိ ကျနော်တို့ ဖြစ်နိုင်တာက ဒီကလေး တွေကို ပညာသင်ပေးရမယ်ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့။ နောက်ပြီး ကျနော်တို့ CDM လုပ် လိုက်တာ စစ်ကောင်စီရဲ့ ယန္တရားကို ဖြိုဖျက်လိုက်တယ်။ ကျနော်တို့ အမျိုးသားပညာ ရေးအနေနဲ့ ဒီကလေးတွေရဲ့ ပညာရေးကို လည်ပတ်နိုင်အောင် လုပ်ဆောင်မယ်ဆိုပြီး ကြိုးစားခဲ့ပါတယ်။ အခက်အခဲကတော့ ကျနော်တို့နယ်မှာ စာအုပ်အခက်အခဲတော့ ရှိတယ်ပေါ့နော်။ သင်ကြားတဲ့နေရာမှာ နေရာအခက်အခဲတွေ ရှိတယ်။ တချို့ကျတော့ စာသင်ကျောင်းတွေမှာ သင်ရင် အဆင်ပြေတယ်။ အဓိကတော့ ပညာရေးဆိုင်ရာ စာအုပ်တွေ ခက်ခဲပါတယ်"
ကလေးတွေ စာနဲ့ဝေးနေပေမယ့် စဉ်ဆက်မပြတ်ပညာရေး ဖြစ်စေချင်လို့ အခုလို ဖွင့်လှစ် ခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ထောက်ပံ့ကူညီမှုအနေနဲ့ ရပ်ရွာဒေသရဲ့ ပူးပေါင်း အား၊ စေတနာ့ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှုနဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတချို့ ရဲ့ ကူညီမှုတွေနဲ့ပဲ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
သင်ရိုးညွှန်းတမ်းမှာလည်း မတရားမှုကို ဆန့်ကျင်ဖို့၊ တိုက်ဖျက်ဖို့ ၊ ကြီးနိုင်ငယ်ညှဉ်းဝါဒ တွေ ဖျောက်ဖျက်ဖို့နဲ့ နောင်အနာဂတ်မှာ ကျောင်းသားလူငယ်တိုင်းဟာ အာဏာရှင်ကို လက်မခံဖို့ ဒီကြားကာလ ပညာရေးကနေ ဖော်ဆောင်မယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်က လေးတန်းကျောင်းသားတစ်ဦးရဲ့ မိဘကတော့ ဒီကြားကာလကျောင်း တွေမှာ သူ့သားကို ယုံယုံကြည်ကြည်နဲ့ အပ်နှံထားတယ်လို့ ရှင်းပြပါတယ်။
"ကျနော် ကျောင်းသားမိဘတစ်ဦးအနေနဲ့ ကြားကာလ ပညာသင်ကြားရေးကို အပြည့် အဝ ယုံကြည်တယ်။ ကျနော်တို့က စစ်ကျွန်ပညာရေး အလိုမရှိဆိုပြီး ဆန္ဒပြပြီးတော့ ကျနော်တို့ ဒီ စစ်တပ်က ဖွင့်မယ့်ကျောင်းမှာ ကျနော်တို့ သားသမီးတွေကို ပေးမအပ် ခိုင်းဘူး။ ကျနော်တို့ ကြားကာလပညာရေးအနေနဲ့ ကျနော်တို့ မြိုင်မြို့နယ်မှာ စတင် လှုပ်ရှားနေပြီဖြစ်တော့ ဒီအပေါ်မှာ ကျနော်တို့ သားသမီးတွေကို ယုံယုံကြည်ကြည် အပ်နှံပေးတာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ Non CDM လို့ခေါ်တဲ့ စစ်ကျွန်ကို အသက်သွင်းနေတဲ့ ဆရာ၊ ဆရာမတို့လက်ကို ကျနော်တို့ သားသမီးတွေကို မအပ်လိုဘူး"
သူ့မှာ သားနှစ်ယောက်ရှိပြီး ဓမ္မနဲ့ အဓမ္မကို သေချာမသိတဲ့ စစ်ကောင်စီလက်အောက် ဆရာ၊ ဆရာမတွေထံမှာ သူ့ကလေးတွေကို ကျောင်းမထားဘူးလို့ ဆိုပါတယ်။
ရေစကြိုမြိုနယ်မှာတော့ ကြားကာလပညာရေး ကျောင်းပေါင်း ၁၆ ကျောင်းရှိပြီး ကျောင်း သား ၁၆၀၀ လောက် ပညာသင်ကြားနေတယ်လို့ ရေစကြိုပညာရေးဘုတ်အဖွဲ့က ပြောပါ တယ်။
ရေစကြိုမြိုနယ်မှာတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကမှ စတင်တာဖြစ်ပြီး CDM ဆရာ၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်း ၂၀၄ ဦးတို့က အခမဲ့ သင်ကြားပေးနေပါတယ်။ ဂန့်ဂေါမြို့နယ်မှာတော့ အခုချိန်ထိ စစ်တပ်နဲ့ PDF တွေအကြား အခြေအနေတင်းမာနေ ဆဲမို့ စာသင်ကျောင်း သုံးကျောင်းလောက်ပဲ ဖွင့်နိုင်သေးတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"လောလောဆယ် နယ်မြေအနေအထားအရ စစ်ကောင်စီ တပ်စခန်းချတဲ့ ဂန့်ဂေါ မြို့ ပေါ်လို အနေအထားတွေမှာ လုပ်ဖို့မလွယ်ဘူး။ သူတို့ စခန်းတွေနဲ့ အရမ်းနီးတဲ့ နေရာ တွေမှာ ပညာရေးအစီအစဉ်တွေ လုပ်ဖို့မလွယ်ဘူး။ တချို့နယ်မြေတွေကျတော့ ရွာလုံး ကျွတ် မီးရှို့ခံရတာတွေရှိတယ်။ ဒီလို ရွာတွေကျတော့ လောလောဆယ် စလိုက်ဖို့ အခက် အခဲရှိနိုင်တယ်။ ပြီးတော့ ဂန့်ဂေါမြောက်ပိုင်းက အချိန်မရွေး စစ်ရေးထဖြစ်နိုင်တယ်။ ဒီလို ဖြစ်လာတဲ့အခါကျတော့ အချိန်အတိုင်းအတာတစ်ခုအထိ ရပ်ကောင်း ရပ်ထားနိုင် တဲ့ အခက်အခဲတွေ ရှိလာနိုင်တယ်။ စစ်ကြောင်းတွေ ပြီးသွားတာတို့၊ တိုက်ပွဲတွေပြီးရင် ပြီးသလို ချက်ချင်းစနိုင်အောင် လုပ်မှာပေါ့လေ"
လာမယ့် ဇွန်လထဲမှာတော့ PDF တွေအားကောင်းတဲ့ နေရာတွေမှာ ကြားကာလစာသင် ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ PDF တွေ ဖွင့်ထားတဲ့ ကြားကာလ ကျောင်းတွေကို သူမသိဘူးလို့ ဆိုပါတယ်။ သူတို့အနေနဲ့ ပညာရေးကို တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ လွှမ်းခြုံနိုင်အောင် ကြိုးစားနေပေမယ့် PDF တွေက စာသင်ကျောင်းတွေကို ဗုံးခွဲ တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
"ဒီအစိုးရ စာသင်ကျောင်းတွေ ဖွင့်တဲ့အချိန်မှာ ဗုံးခွဲလိုက် ဆရာ၊ ဆရာမတွေကို သတ် လိုက်၊ ဆရာ၊ ဆရာမတွေ ဓားပြတိုက်လိုက်လုပ်နေတာ PDF အမည်ခံအဖွဲ့တွေဖြစ်တယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နှောင့်နှေးအောင်လုပ်နေတာ သူတို့ပဲ ဖြစ်တယ်။ ကျနော်တို့ အယူအဆက ဘယ်လိုပဲ ဖွင့်လှစ်သည်ဖြစ်စေ၊ မဖွင့်လှစ်သည်ဖြစ်စေ တစ်နိုင်ငံလုံးမှာ ပညာတတ်များ ပေါများလာစေရေးပဲ။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာမှာ ပညာ တတ်တွေရှိလာဖို့ အရေးကြီးတယ်"
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကတော့ ပေါက်မြို့ နယ်ထဲက ကျေးရွာ နှစ်ခုမှာ ပြီးခဲ့တဲ့ ဧပြီလတုန်းက စာသင်ကျောင်းဖွင့်ဖို့ စီစဉ်ခဲ့ပေမယ့် စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဖျက်လိုက်ရတယ်လို့ ပြောပါတယ်။
"လေးလပိုင်း ခြောက်ရက်နေ့ မတိုင်ခင်က ဒီဘက်နယ်တွေမှာ နှစ်ရွာကို ကျောင်းဖွင့် ထားတာရှိတယ်။ ကျန်တဲ့ရွာတွေကိုဖွင့်ဖို့ ကျေးရွာလူကြီးတွေရော၊ CDM ဆရာမတွေက စာသင်ပေးဖို့ အဲလိုလုပ်ထားတာတွေ ရှိတယ်။ အဲအစီအစဉ်တွေက ဒီနေ့အချိန်မှာ ပျက်လုနီးပါး ဖြစ်သွားတာပေါ့။ ကျနော်တို့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ အလှူပစ္စည်းတွေ အကုန်လုံး သူတို့တောထဲမှာ အခြေတကျလေး ဖြစ်ပြီးရင်တော့ ကျနော်တို့ ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်ထားတယ်"
လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ ပေါက်မြို့နယ်ထဲက ရွာတွေကို စစ်တပ်က မျက်ခြည် မပြတ် စောင့်ကြည့်နေပြီး ရွာလုံးကျွတ် မီးရှို့ခံရတာတွေများတာကြောင့် စာသင်ကျောင်း တွေဖွင့်ဖို့ အလားအလာနည်းနေသေးတယ်လို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မကွေးတိုင်းထဲက အစောဆုံး မီးရှို့ခံရတဲ့ ကင်းမရွာ အပါအဝင် ဇီးတော၊ အင်းငယ်ဒေါင့် စတဲ့ ရွာပေါင်း ဆယ်ရွာကျော် မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကိုင်းနဲ့ မကွေးတိုင်းက မြို့နယ် ၃၆ မြို့ နယ်မှာ အထွေထွေအုပ်ချုပ်ရေးဌာနက CDM ဝန်ထမ်းတွေက ဦးစီးပြီး ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေကို ဖွဲ့စည်းထားကြောင်း ဧပြီလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပညာရေးဘုတ်အဖွဲ့တွေက ဦးစီးပြီး အခြေခံပညာ၊ အဆင့် မြင့်ပညာနဲ့ အသက်မွေးပညာကျောင်းတွေကို မြို့နယ် ၂၈၆ ခုမှာ အွန်လိုင်းကတစ်ဆင့် သင်ကြားပေးနေပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက PDF ထိန်းချုပ်နယ်မြေတွေမှာတော့ လက်တွေ့သင်ကြားမှုတွေကိုပါ လုပ်ဆောင်နိုင်ပြီလို့ ဆိုပါတယ်။