အီးယူနဲ့အမေရိကန်ရဲ့ အရေးယူမှုအသစ်တွေက စစ်ကောင်စီအပေါ် ကြီးမားတဲ့သက်ရောက်မှုမရှိနိုင်
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေချမှတ်လိုက်တာကို ကြိုဆိုပေမယ့် ဒီထက်ပိုပြီး ထိရောက် မြန်ဆန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
-
ရဲခေါင်မြင့်မောင်(၀ါရှင်တန်ဒီစီ)
2022-11-09 -
-
-
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဦးဆောင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအပါအဝင် လူပုဂ္ဂိုလ် ၁၉ ဦးကို ဥရောပသမဂ္ဂ (EU)က ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေချမှတ်လိုက်ကြောင်း နိုဝင်ဘာလ ၈ ရက်နေ့က ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဌာနကလည်း မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက် လုပ်ရပ်တွေမှာ ပံ့ပိုးကူညီတဲ့သူတွေကို ထပ်တိုးပြီး အရေးယူမှုတွေ ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မြန်မာစစ်တပ်အတွက်လေယာဉ်အစိတ်အပိုင်းတွေ အဓိကဝယ်ယူတင်သွင်းပေးနေတဲ့ Sky Aviator ကုမ္ပဏီနဲ့ ပိုင်ရှင်ဦကျော်မင်းဦးတို့ကို ကျွန်တော်တို့ရဲ့ ပိတ်ဆို့အရေးယူမယ့် စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပိုဆိုးလာနေတဲ့ စစ်တပ်ရဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုတွေ ရှိလာအောင် ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တွစ်တာမှာ ရေးသားလိုက်ပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂအီးယူကလည်း အမေရိကန်နိုင်ငံနဲ့ အချိန်ကိုက်ပြီး ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်ပြီးချမှတ်လိုက်တဲ့အတွက်လည်း ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ရေးသားထားပါတယ်။
ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell ကလည်း လွန်ခဲ့တဲ့နှစ်နှစ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပါတီစုံရွေးကောက်ပွဲအောင်ပွဲကို စစ်ခေါင်းဆောင်တွေက ခိုးယူသွားခဲ့ပါတယ်။ ဒီနေ့မှာတော့ မြန်မာစစ်တပ်ဟာ ကိုယ့်ပြည်သူအပေါ်မှာ အကြမ်းဖက်တိုက်ခိုက်နေတာတွေအတွက် တုံ့ပြန်တဲ့အနေနဲ့ အီးယူကနေ ပိတ်ဆို့အရေးယူမှုတွေကို ထပ်ပြီးချမှတ်လိုက်ပါတယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
အခုလို အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေချမှတ်လိုက်တာကို ကြိုဆိုပေမယ့် ဒီထက်ပိုပြီး ထိရောက် မြန်ဆန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
ယူကေနိုင်ငံမှာအခြေစိုက်ပြီး မြန်မာ့အရေးလုပ်ဆောင်နေတဲ့ Burma Campaign UK အဖွဲ့က Mark Farmaner ကတော့ အခုအမေရိကန်နဲ့ အီးယူက ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေကို ကြိုဆိုပေမယ့် တကယ်လုပ်ပေးနိုင်တဲ့ ပမာဏထဲက အနည်းငယ်သာဖြစ်ပြီး လုံလောက်မှု မရှိဘူးလို့ သုံးသပ်ပါတယ်။
အရေးအကြီးဆုံးဖြစ်တဲ့ လေယာဉ်ဆီ တင်သွင်းမှုတွေကို ပိတ်ဆို့အရေးယူမယ့် အစီအစဉ်လည်း အခုကြေညာတဲ့အထဲမှာ မပါသေးပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ အမြောက်အမြား သေကျေပျက်စီးပြီး၊ သန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း အမေရိကန်၊ အီးယူနဲ့ အခြားနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းမှုတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူဖို့ ကျွန်တော်တို့ တိုက်တွန်းနေတာဖြစ်ပါတယ်။
“အီးယူနဲ့ အမေရိကန်က အခုချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အလွန်သေးငယ်တဲ့ ပမာဏပဲရှိပါတယ်။ အီးယူနဲ့ အမေရိကန်နိုင်ငံတွေဟာ မြန်မာစစ်တပ်ဆီကို ဝင်ငွေနဲ့လက်နက်ရောင်းချမှုတွေကို ဖြတ်တောက်ဖို့ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ ကြေညာထားတဲ့အတွက် မှန်ကန်တဲ့ မူဝါဒရှိပါတယ်။ ဒါပေမယ့် သူတို့လုပ်နေတာ နှေးကွေးလွန်းပါတယ်။ အခုဆိုရင် စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ် နီးပါးရှိသွားပါပြီ။ စစ်တပ်က အာဏာသိမ်းဖို့ စကြိုးစားကတည်းက ပိတ်ဆို့အရေးယူရမယ့် သူတွေကို အခုမှ အရေးယူနေတာပါ။ စစ်တပ်အတွက် လက်နက်ဝယ်ပေးနေတဲ့ လက်နက်ပွဲစားအားလုံးလည်း ပိတ်ဆို့အရေးယူမယ့် စာရင်းထဲမှာ မပါသေးပါဘူး။ ဒါ့အပြင် မြန်မာစစ်တပ်အတွက် ဝင်ငွေတိုးလာနေတဲ့ သတ္တုတွင်းကဏ္ဍကို ပိတ်ဆို့အရေးယူတာ မရှိသေးပါဘူး။ အခုဆိုရင် မြန်မာစစ်တပ်ဟာ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းတွေကနေ ဝင်ငွေအမြောက်အမြား ရလာနေပါတယ်။ အရေးအကြီးဆုံးဖြစ်တဲ့ လေယာဉ်ဆီ တင်သွင်းမှုတွေကို ပိတ်ဆို့အရေးယူမယ့် အစီအစဉ်လည်း အခုကြေညာတဲ့အထဲမှာ မပါသေးပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ အမြောက်အမြား သေကျေပျက်စီးပြီး၊ သန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း အမေရိကန်၊ အီးယူနဲ့ အခြားနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းမှုတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူဖို့ ကျွန်တော်တို့ တိုက်တွန်းနေတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ လေယာဉ်ဆီ မရှိရင် ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးလာကြဲလို့ မရနိုင်ပါဘူး။ ဒါကြောင့် ဒါက လက်တွေ့ကျပြီး ထိရောက်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အခုချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေကို ကြိုဆိုပေမယ့် သူတို့ လုပ်နိုင်တာထဲက အနည်းငယ်ပဲ ရှိပါသေးတယ်။ လုံလောက်မှု မရှိပါဘူး။”
အခုချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ သင်္ကေတသဘောဆောင်တဲ့ လုပ်ရပ်သာဖြစ်ပြီး စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ကြီးမားတဲ့ ထိရောက်မှုရှိတယ်လို့ မထင်ကြောင်း အာဆီယံနိုင်ငံတွေမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို ဝန်ဆောင်မှုပေးနေတဲ့ အမေရိကန်-အာဆီယံ စီပွားရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှုး ဦးလှဘုန်းမြင့်က သုံးသပ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ဘဏ္ဍာရေးဌာနတို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုအရ၊ Sky Aviator Company Limited နဲ့ ပိုင်ရှင် ဦးကျော်မင်းဦးတို့ဟာ မြန်မာစစ်တပ်အတွက် လက်နက်ရောင်းဝယ်ရာမှာ အဓိက ပါဝင်ရုံတင်မကဘဲ မြန်မာစစ်တပ်အတွက် ပြည်ပစစ်တပ်တွေနဲ့ ဆက်ဆံရေးအတွက် ဦးဆောင်စီစဉ်ပေးရပြီး စစ်ခေါင်းဆောင်တွေရဲ့ နိုင်ငံခြားခရီးစဉ်တွေအတွက်လည်း စီစဉ်ပေးခဲ့တဲ့ အထောက်အထား တွေ့ရှိချက်အပေါ်မှာ အခြေခံပြီး အခုလို ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်တာဖြစ်တယ်လို့ ကိုလှဘုန်းမြင့်က ပြောပါတယ်။
ဒီပိတ်ဆို့အရေးယူမှု ဆုံးဖြတ်ချက်အရ အမေရိကန်နိုင်ငံမှာရှိတဲ့ ဦးကျော်မင်းဦးရဲ့ တိုက်ရိုက ပိုင်ဆိုင်မှု၊ စီးပွားရေးလုပ်ငန်းအားလုံးကို ပိတ်သိမ်း သွားမှာဖြစ်ပြီး ဦးကျော်မင်းဦးရဲ့ အစုရှယ်ယာပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းနဲ့ အထက်ရှိတဲ့ ဘယ်လုပ်ငန်းမဆို အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုထဲမှာ အကျုံးဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့၊ စစ်ကောင်စီ လေတပ်ဦးစီးချုပ်၊ စစ်တိုင်းဌာနချုပ်တိုင်းမှုးတွေနဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှုးတွေ၊ စစ်ကောင်စီနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဒေါက်တာကံဇော်၊ တရားသူကြီးချုပ်နဲ့ တရားရေးဌာနညွှန်ချုပ်၊ အကျဉ်းဦးစီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေအပြင် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်ပြီး စစ်တပ်အတွက် ဝင်ငွေရှာပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်တဲ့ ဦးတေဇ၊ ဦးအောင်မိုးမြင့်၊ ဦနိုင်ထွဋ်အောင်တို့ ပါဝင်ပါတယ်။