အာဏာရ NLD ပါတီ ပြန်သုံးသပ်ရတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲရလဒ်

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာထဲက ၇ နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိပြီး တိုင်းရင်းသားဒေသ မဲဆန္ဒနယ်တွေမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။

ရန်ကုန် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် အမှတ် (၃) မဲရုံတွင် ၂ဝ၁၈ နိုဝင်ဘာလ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲ ဆန္ဒမဲပေးပြီးထွက်လာသည့် သမ္မတဦးဝင်းမြင့်ကို တွေ့ရစဉ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာထဲက ၇ နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အနိုင်ရရှိပြီး တိုင်းရင်းသားဒေသ မဲဆန္ဒနယ်တွေမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။

မဲရလဒ်တွေအရ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ပြင်ဆင်မှုတွေ ပိုလုပ်သင့်တယ် လို့ နိုင်ငံရေးလေ့လာသူတွေက ပြောကြပါတယ်။

RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာထဲက ၇ နေရာမှာ အနိုင်ရပြီး ၆ နေရာ ရှုံးနိမ့်ခဲ့တဲ့ NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲကို လက်ရှိအနေအထားအတိုင်း ဖြတ်သန်းမယ်ဆိုရင် ခက်ခဲနိုင်တယ်လို့ လေ့လာသူ တွေက ပြောကြပါတယ်။

NLD ပါတီ ရှုံးနိမ့်ခဲ့တဲ့ မဲဆန္ဒနယ်တွေဟာ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ် လဲချား မဲဆန္ဒနယ်၊ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်နဲ့ ချင်းပြည်နယ် မဲဆန္ဒနယ်တွေ ပါဝင်ပါတယ်။  ရန်ကုန်တိုင်းအတွင်းက ဆိပ်ကမ်းမြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒနယ်မှာတောင် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကို ရှုံးနိမ့်ခဲ့ပါတယ်။

ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကလည်း တိုင်းရင်းသားမဲဆန္ဒနယ်တွေမှာ အရေးနိမ့်နိုင်တာကို မဲဆွယ်စည်းရုံးရေး ကာလမှာကတည်းက ခန့်မှန်းထားကြပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲရလဒ်ဟာ မျှော်မှန်းထားသလောက် မဖြစ်လာခဲ့ဘူးလို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင် က ပြောပါတယ်။

"ကြားဖြတ်ရလဒ်ကတော့ တကယ်တမ်းပြောရရင် ကျနော်တို့ မျှော်မှန်းထားသလောက်တော့ မပြည့်စုံဘူးပေါ့လေ၊ မအောင်မြင်ဘူးပေါ့၊ မအောင်မြင်တဲ့အခါ မအောင်မြင်တဲ့အခါကျတော့ ကျနော်တို့ ဒါပေါ်မှာ အများကြီး ပြန်ပြီးတော့ သုံးသပ်ရတော့မယ်၊ ရှေ့ ၂၀၂၀ အတွက် ပြန်ပြီး သုံးသပ်ရတော့မယ်၊ ပါတီစည်းရုံးရေးကိစ္စတွေ၊ အောင်နိုင်ရေးဗျူဟာတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ၊ အခုထဲက ပြန်ပြီးတော့ သုံးသပ်ဖို့လိုလာပြီ"

ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်မှာဆိုရင် ရှမ်း နှစ်ပါတီနဲ့ NLD ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး မဲအနည်းဆုံးက NLD ပါတီဖြစ်ပါတယ်။ SNLD ကျားခေါင်းပါတီက မဲရလဒ် ၈၅၀၀ ကျော်နဲ့ အနိုင်ရရှိချိန်မှာ NLD ပါတီက မဲ ၁ ထောင်ကျော်သာ ရရှိခဲ့ပါတယ်။

အလားတူ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာမှာ လည်း ရခိုင်ပါတီ ၂ ခု၊ တစ်သီးပ ုဂ္ဂလကိုယ်စားလှယ်တစ်ဦးနဲ့ NLD ပါတီတို့ ဝင်ပြိုင်ခဲ့ပြီး တစ်သီးပုဂ္ဂလ အဖြစ်ဝင်ပြိုင်ခဲ့တဲ့ ရခိုင် နိုင်ငံရေးသမား ဒေါက်တာ အေးမောင်ရဲ့ သားဖြစ်သူ ဦးတင်မောင်ဝင်း က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာပါ။

နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က တိုင်းရင်းသားဒေသတွေမှာ NLD အနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ပြုရမယ့် ပေါ်လစီကို ကျင့်သုံးဖို့လိုနေပြီလို့ ပြောပါတယ်။

ဒါ့အပြင် NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်မမှာ နေရာအတော်များများ အနိုင်ရခဲ့တယ်ဆိုပေမယ့် တမူးနဲ့ ဆိပ်ကမ်းတို့လိုနေရာတွေဟာ အရင်က မဲရာဂဏန်းလောက်နဲ့ကပ်ပြီး အနိုင်ရခဲ့တဲ့ နေရာတွေဖြစ်ပြီး အခုဆိုရင် အဲဒီမဲဆန္ဒနယ်တွေမှာ ရှုံးနိမ့်သွားပါတယ်။

NLD ရဲ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ဟာ ပါတီခေါင်းဆောင်တွေ ပါတီစည်းရုံးရေး အောင်နိုင်ရေးခေါင်းဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးတင်မောင်သန်း ကတော့ NLD ပါတီရဲ့ မဲဆွယ်စည်းရုံးတဲ့ပုံစံ ပြောင်းလဲသင့်တယ်လို့ အခုလို ပြောပါတယ်။

"ဦးဆောင်တဲ့ အရှိန်အဝါကြီးတဲ့ ပါတီတွေဟာ မူဝါဒနဲ့ လမ်းစဉ်ပေါ်မှာ အခြေခံလာတယ်၊ အဲဒီအပေါ်မှာ စည်းရုံးလှုပ်ရှားလာတယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက တိုးတက်လာကြတာ တွေ့ရတယ်၊ အဲလိုအရွေ့ ကို ပါတီတွေက ရွေ့နိုင်မှ၊ အထူးသဖြင့် NLD လိုပါတီကြီးတွေက ရွေ့နိုင်မယ်ဆိုရင် အတိုင်းထက် အလွန်ပေါ့လေ၊ မဟုတ်ရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးလို ပါတီမျိုးက ဆန်ဈေးလျှော့ရောင်းတဲ့ဟာမျိုး၊ ငွေတွေချေး တဲ့ဟာမျိုးနဲ့ပဲ သွားနေမယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အမေအိုရဲ့ သောကတွေ လျော့ပါး စေဖို့ဆိုတဲ့ဟာနဲ့ပဲ သွားနေမယ်ဆိုရင် မြန်မာနိုင်ငံဟာ ရှေ့ကို ရောက်ဖို့ ခက်လိမ့်မယ်လို့ ထင်တယ်"

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်ဟာဆိုရင် တိုင်းရင်းသားဒေသဖြစ်ပေမယ့် တိုင်းရင်းသားပါတီတွေ အနိုင်မရသလို NLD ပါတီလည်း အနိုင်မရဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က အနိုင်ရရှိခဲ့ပါတယ်။

ဒီအပေါ်မှာ ကချင်ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်း က အခုလိုပြောပါတယ်။

"ကျနော်တို့က တိုင်းရင်းသားပါတီတွေက စုစည်းရမယ်၊ ပြည်နယ်ထဲမှာလည်း စုစည်းရမယ်၊ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်ထဲက ပါတီတွေနဲ့လည်း အချင်းချင်း စုစည်းပြီးမှသွားရမယ်၊ အနာဂတ်ကို ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့လည်း လိုအပ်ပါတယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အုပ်ချုပ်ခဲ့တယ်၊ အခု NLD အစိုးရဖြစ်တယ်၊ အခု တစ်ပါတီစနစ် အားကောင်းပေမယ့်လည်း ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်တာ မရှိဘူး၊ ဒါကြောင့် နောင်မှာ ညွန့်ပေါင်းအစိုးရဖြစ်လာတဲ့အချိန်မှာ ကျနော်တို့ တောင်းဆိုမှုတွေ၊ တင်သွင်းမှုတွေ စုပေါင်းပြီးတော့ လုပ်နိုင်ရင်တော့ ပိုကောင်းလာမယ့် မြန်မာနိုင်ငံ ပြည်ထောင်စု စနစ်ကို သွားနိုင်မယ့် အလားအလာတွေ ရှိပါတယ်"

ကြားဖြတ်ရွေးကောက်ပွဲဟာ လစ်လပ်နေရာ ၁၃ နေရာသာရှိတဲ့အတွက် ပြောင်းလဲမှု ကြီးကြီးမားမား မရှိနိုင်ဘူးဆိုပြီး လူထုစိတ်ဝင်စားမှု နည်းပေမယ့် နိုင်ငံရေးပါတီတွေအတွက်တော့ ဒီရွေးကောက်ပွဲဟာ ၂၀၂၀ အတွက် စမ်းသပ်တဲ့ပွဲတစ်ခု ဖြစ်တယ်လို့ ပြောရမှာပါ။

လက်ရှိမဲရလဒ်တွေအရ NLD ပါတီအပေါ် တိုင်းရင်းသားတွေရဲ့ သဘောထား၊ လက်ရှိအစိုးရနဲ့ ရွေးကောက်ပွဲတွေအပေါ် လူထုစိတ်ပါဝင်စားမှု နည်းသွားတာဟာ စိုးရိမ်စရာဖြစ်နေပါတယ်။

အာဏာရပါတီဖြစ်တဲ့ NLD ပါတီအနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲ အားနည်းချက် အားသာချက်တွေအပေါ် သင်ခန်းစာယူပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်မယ့် အခွင့်အရေးဖြစ်ကြောင်း လေ့လာသူတွေက ပြောကြပါတယ်ရှင်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org