တရုတ်ဖိအားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလုပ်မဖြစ်ဘဲ ပြီးဆုံးသွား
MNDAA၊ AA၊ TNLA နဲ့ စစ်ကောင်စီတို့အကြား ငြိမ်းချမ်းရေးအကြို တွေ့ဆုံဆွေးနွေးပွဲဟာ ဘာရလဒ်မှ မထွက်ဘဲ တစ်ဝက်တစ်ပျက်နဲ့ ပြီးဆုံးသွားပါတယ်။
-
RFA Burmese
2023-06-08 -
-
-
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့အကြား အာဏာသိမ်းပြီးနောက် ပထမဆုံးလုပ်တဲ့ ငြိမ်းချမ်းရေးအကြို တွေ့ဆုံဆွေးနွေးပွဲဟာ ဘာရလဒ်မှ မထွက်ဘဲ တစ်ဝက်တစ်ပျက်နဲ့ ပြီးဆုံးသွားပါတယ်။
မိုင်းလားမြို့မှာ ဇွန် ၁ ရက်ကနေ ၃ ရက်နေ့အထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ပေမယ့် ဆက်ပြီးဆွေးနွေးလို့ မရတော့တာကြောင့် ဒုတိယနေ့မှာပဲ အဆုံးသတ် လိုက်ရတာပါ။ ဒီဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်က တရုတ်နိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ပါတယ်။
“အဓိကကတော့ တရုတ်နိုင်ငံအစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဖြစ်လာတဲ့ ဆွေးနွေးပွဲပါ"
မြောက်ပိုင်းမဟာမိတ်တွေဟာ စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးလိုတဲ့ ဆန္ဒမရှိဘဲ တရုတ်ရဲ့ တိုက်တွန်းမှုကြောင့် လက်ခံလိုက်ရတာလို့ မြောက်ပိုင်းမဟာမိတ်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒါကြောင့် ကာယကံရှင်တွေရဲ့ ဆန္ဒမပါတဲ့ ဒီဆွေးနွေးပွဲဟာ တစ်ဝက် တစ်ပျက်နဲ့ ရပ်တန့်သွားပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ ဦးရန်နိုင်က ဒီဆွေးနွေးပွဲဖြစ်လာဖို့ကို တရုတ်က တွန်းအားပေးခဲ့တာလို့ RFA ကို ပြောပါတယ်။
“အဓိကကတော့ တရုတ်နိုင်ငံအစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဖြစ်လာတဲ့ ဆွေးနွေးပွဲပါ။ အခုလောလောဆယ်တော့ ဒီဆွေးနွေးပွဲက ဘာမှရလဒ်မရှိတဲ့ ဆွေးနွေးပွဲလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဦးနှစ်ဖက်က အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ အသေးစိတ် မဆွေးနွေးခဲ့ကြတဲ့အတွက် ဘာမှတော့ ဖြစ်မြောက်မလာသေးဘူး”
ဆွေးနွေးပွဲအတွင်း ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး စတဲ့အချက်တွေကို စစ်ကောင်စီဘက်က ဆွေးနွေးခဲ့ပါတယ်။
မြောက်ပိုင်းသုံးဖွဲ့ကတော့ စစ်ကောင်စီဘက်က ဆွေးနွေးတာတွေကို ဘာတစ်ခုမှ တုံ့ပြန်ဆွေးနွေးတာမျိုး မလုပ်ဘဲ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ သူတို့အဖွဲ့တွေကို မတရားအသင်း ကြေညာထားတာ ပယ်ဖျက်ပေးဖို့နဲ့ ရခိုင်ပြည်နယ်က မုန်တိုင်းသင့် ဒေသတွေကို လွတ်လပ်စွာ သွားလာကူညီခွင့်ပေးဖို့ ကိစ္စတွေကိုသာ ပြန်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲပျက်သွားတာနဲ့ ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ ဒီဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ တာပန်လကို RFA က မေးမြန်းရာမှာ တစ်စုံတစ်ရာ မှတ်ချက်မပေးလိုဘူးလို့ ပြောပါတယ်။ အလားတူ ရက္ခိုင့်တပ်တော် (AA) ကိုလည်း RFA က အွန်လိုင်းကတစ်ဆင့် မေးခွန်းပို့ မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
တရုတ်အစိုးရဟာ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ သူ့ရဲ့စီးပွားရေးစီမံကိန်းတွေ ဆက်လက်အကောင် အထည်ဖော်ဖို့ ဒီလိုဆွေးနွေးမှုမျိုးကို ကြားဝင်ကြိုးစားခဲ့တာလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“တရုတ်ရဲ့စီမံကိန်းတွေက အများကြီးဗျ။ အဲဒါ မြန်မာပြည်က တန်းလန်းဖြစ်နေတော့ အဲဒါ သူကြိုးစားနေပုံရတယ်။ အဲတော့ သူ့ကို မလွန်ဆန်နိုင်တဲ့ အဖွဲ့တွေပေါ့ဗျာ၊ မြောက်ပိုင်းအဖွဲ့တို့ ဘာတို့ဆိုတာ သူ့ကို ကျောပေးထားရတာဖြစ်တော့ မလွှဲမရှောင်သာ တရုတ်က ပြောလိုက်ဆိုတော့လည်း ပြောကြတာပေါ့။ စစ်ကောင်စီဘက်ကတော့ နိုင်ငံရေးအရ သူက ကစားပြတာပေါ့ဗျာ။ အဲဒီမှာ ဒီဆွေးနွေးပွဲ ဖြစ်လာတာ။ မအောင်မြင်တာလည်း မထူးဆန်းပါဘူး”
မြောက်ပိုင်းမဟာမိတ်တွေနဲ့ စေ့စပ်ဆွေးနွေးနိုင်ဖို့ စစ်ကောင်စီက တရုတ်အစိုးရကို အပူကပ် တောင်းဆိုခဲ့တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
မြောက်ပိုင်းအဖွဲ့တွေဟာ တဖက်မှာ စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေတဲ့ PDF တွေကို လက်နက်နဲ့ စစ်ရေးအကူအညီ ပေးနေတာပါ။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေကို စေ့စပ်ဆွေးနွေးပြီး PDF တွေရရှိနေတဲ့ စစ်ရေးအကူအညီတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်တာမျိုး ဖြစ်နိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဒါပေမဲ့ ဆွေးနွေးပွဲအတွင်း စစ်ကောင်စီရဲ့ ဆွေးနွေးချက်တွေအပေါ် မြောက်ပိုင်းအဖွဲ့တွေ ဘက်က တစ်စုံတစ်ရာ မတုံ့ပြန်ဘဲ လှစ်လျူရှုခဲ့ကြတာပါ။ ရလဒ်အနေနဲ့ ဆွေးနွေးပွဲ ရပ်တန့်တဲ့ ဇွန်လ ၂ ရက် နေ့ကစလို့ မြောက်ပိုင်း သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ ထိန်းချုပ်နယ်မြေတချို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးလို့မရရင် စစ်ရေးအရ အရေးယူဆောင်ရွက်တာမျိုးက ဖြစ်လာမှာပဲလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။
“စစ်ရေးဟာ သွေးထွက်တဲ့ နိုင်ငံရေး၊ နိုင်ငံရေးဟာ သွေးမထွက်တဲ့ စစ်ရေး။ အဲတော့ သွေးမထွက်အောင်လို့ အရင်ဆုံးညှိတာပဲလေ။ စားပွဲဝိုင်း ဆွေးနွေးပွဲပျက်သွားပြီ ဆိုရင်တော့ ဒါက ရှင်းပါတယ်၊ ရှေ့မှာလည်း ညှိလို့မရတော့ဘူး၊ ညှိနှိုင်းဖို့ လမ်းစကုန်သွားပြီဆိုရင် မြေပြင်တိုက်ပွဲကြီးတွေ ပြန်ဖြစ်မှာပေါ့။ ဒါကတော့ မဆန်းပါဘူး”
လက်နက်ကိုင်ခုခံနေတဲ့ NUG နဲ့ PDF တွေ အပါအဝင် လက်နက်ကိုင်ခုခံမှုကို ကူညီနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဒီနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့မှာ အတိအလင်း ပြောထားပါတယ်။
စစ်ရေးအရ အရေးယူတာထက် စေ့စပ်ဆွေးနွေးတာက သွေးမထွက်တဲ့ နိုင်ငံရေးဖြစ်လို့ မြောက်ပိုင်းမဟာမိတ်တွေနဲ့ ဆွေးနွေးဖို့ စစ်ကောင်စီဘက်က မတိုက်ခင် အရင်ဆုံး ဆွေးနွေးခဲ့တာလို့ ဦးသိန်းထွန်းဦး က ပြောပါတယ်။ အလားတူ တရုတ်အစိုးရ ဘက်ကလည်း မြန်မာပြည်တည်ငြိမ်ရေးဟာ သူ့ရဲ့အကျိုးစီးပွားနဲ့ ဆက်စပ်နေတာကြောင့် ဆွေးနွေးပွဲတွေဖြစ်လာဖို့ ကူညီနေတာလို့ သူက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်ဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ အကျိုးစီးပွားကို ဘယ်တုန်းကမှ ထည့်သွင်းစဉ်းစားလေ့ မရှိဘူးလို့ ပြောပါတယ်။
“တရုတ်က ဒေသခံတွေရဲ့ သဘောထားကို ဘယ်တုန်းကမှ အလေးထားတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဘယ်သူအာဏာရနေလဲ၊ အာဏာရနေတဲ့သူနဲ့ ပူးပေါင်းဆောင်ရွက်မှုရရင် သူ့အကျိုးစီးပွားတွေ ရမယ်ဆိုတဲ့ အမြင်နဲ့ပဲ လုပ်နေတာပါ။ မြန်မာပြည်သူလူထုရဲ့ ဒုက္ခနဲ့ မြန်မာပြည်သူလူထုရဲ့ ပြဿနာတွေ၊ အမြင်တွေကို တရုတ်က ဘယ်တုန်းကမှ ထည့်သွင်းစဉ်းစားတာ မရှိပါဘူး”
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ပြီးခဲ့တဲ့ မေလကုန်ပိုင်း ထုတ်ပြန်ချက်အရ တရုတ်အစိုးရဟာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရှမ်းနဲ့ ကချင်ပြည်နယ်မှာ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေ ဖော်ဆောင်ဖို့၊ အခြေခံ အဆောက်အအုံတွေ အဆင့်မြှင့်တင်ဖို့၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နဲ့ ယူနန်ပြည်နယ် လင်ချန်းမြို့အကြား ရထားလမ်းဖောက်ဖို့၊ နယ်စပ် ကုန်သွယ်မှုနဲ့ နယ်စပ်ဒေသ စီမံခန့်ခွဲမှုတွေ မြှင့်တင်ဖို့အတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ဆောင်ချင်တာကြောင့် အခုနှစ် မတ်လအတွင်း နေပြည်တော်မှာ စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။