ရုရှားမှာ တစ်ရက်တည်း လူတစ်သောင်းခွဲကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
မြန်မာနိုင်ငံမှာ ပိုးကူးခံရသူ လေးယောက်ထပ်တိုးပြီး၊ ရုရှားနိုင်ငံမှာ တစ်ရက်တည်း လူတစ်သောင်းခွဲ ကျော် ကူးစက်ခံရပါတယ်။ တိဗက်ဘုန်းတော်ကြီး ဒလိုင်လားမားကတော့ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ “ ပြီး” တဲ့လူမရှိဘူးလို့ မိန့်ကြားလိုက်ပါတယ်။
-
စမ်းစမ်းတင်
2020-05-03 -
-
-
မြန်မာနိုင်ငံမှာ ပိုးကူးခံရသူ လေးယောက်ထပ်တိုးပြီး၊ ရုရှားနိုင်ငံမှာ တစ်ရက်တည်း လူတစ်သောင်းခွဲ ကျော် ကူးစက်ခံရပါတယ်။ တိဗက်ဘုန်းတော်ကြီး ဒလိုင်လားမားကတော့ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ “ ပြီး” တဲ့လူမရှိဘူးလို့ မိန့်ကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ မနေ့ည ၈ နာရီထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လေးယောက် ထပ်တိုးလာလို့ စုစုပေါင်း ၁၅၅ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။ ခြောက်ဦးသေဆုံးပြီး မွန်းတည့် ချိန်ထိ စောင့်ကြည့်လူနာသစ် ၇၂ ယောက်ရှိပါတယ်။
ကမ္ဘာတဝန်းမှာတော့ မြန်မာစံတော်ချိန် မနေ့ကည ၁၁ နာရီ ၄၅ မိနစ်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့လူ သုံးသန်း ငါးသိန်း သုံးသောင်းခွဲကျော်ရှိပြီး နှစ်သိန်း လေးသောင်း ခြောက်ထောင်ကျော် သေဆုံးရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ခံရသူ တစ်သန်း တစ်သိန်း ခုနှစ်သောင်းကျော်နဲ့ ကူးစက်ခံရသူအများဆုံး ဖြစ်ပြီး ခြောက်သောင်း ရှစ်ထောင်ကျော်နဲ့ ကမ္ဘာမှာ လူအများဆုံး သေဆုံးရပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ပန်းခြံတွေ ဆိုင်အသေးစားလေးတွေ ပြန်ဖွင့်ပေမယ့် နိုင်ငံတောင်ပိုင်း ယာလပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၀ မနေ့က ထပ်တွေ့ပါတယ်။ ဒီပြည်နယ်မှာ အတည်ပြူ လူနာ ၁၂၆ ယောက်ရှိပြီး ရောဂါအများဆုံးဖြစ်ပွားတယ်လို့ ဗန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
Covid-19 ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရသူတွေထဲ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်က ဘာသာရေးပွဲတွေ တက်ရောက်ပြီး ပြန်လာတဲ့သူတွေ ပါဝင်ပါတယ်။
တိဗက်ဘုန်းတော်ကြီး ဒလိုင်လားမားကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြီးတဲ့ လူ ဆိုလို့ မရှိပါဘူးလို့ TIME မဂ္ဂဇင်းကို မိန့်ကြားပါတယ်။ မျက်လှည့်ပြသလို ပျောက်ကင်းသွားမှာ မဟုတ်ဘူးလို့လည်း မိန့်ပါတယ်။ လူသားချင်းစာနာစိတ်ထားဖို့ ဒါမှမဟုတ် အပြုဘောဆောင်တဲ့ လုပ်ရပ်ဆောင်ရွက်ဖို့ ကိုရိုနာဗိုင်းရပ်စ်က လူတွေကို သတိပေးတယ်လို့ မိန့်ပါတယ်။ ဆေးရုံတွေမှာ လုပ်ကြကိုင်ကြဖို့ ဒါမှမဟုတ် ရိုးရိုးတန်းတန်းပဲ လူတွေနဲ့ ခပ်ခွာခွာနေတာဟာ အများကို ကူညီရာရောက်တယ်လို့ မိန့်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံကတော့ ပြည်ပက ပြန်လာတဲ့ နိုင်ငံသားတွေကို အလေးပေးပါတယ်။ နေရာချထားဖို့ လိုအပ်နေတာ သက်သာစေဖို့နဲ့ ရောဂါကူးစက်တာ ထိန်းနိုင်ဖို့ ခရီးသည်တင်လေယာဉ်တွေအားလုံး မနေ့ကမနက်မှာ ယာယီပိတ် လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ပထမဆုံးလူနာကို အတည်ပြုနိုင်ပြီးတဲ့နောက် မတ်လလယ်ကစလို့ ဖိလစ်ပိုင်ဟာ ပြည်ပကဝင်ရောက်လာတာတွေ၊ ခရီးအသွားအလာတွေနဲ့ လူစုလူဝေးလုပ်တာတွေ ကန့်သတ်လိုက်ပါတယ်။ ပြည်ပက ပြန်လာတဲ့ ဖိလစ်ပိုင်လူမျိုးတွေကလွဲလို့ တခြားသူတွေကို ပြည်ဝင်ခွင့် မပေးတော့ပါဘူး။ မနီလာမြို့ တော်မှာ ပြည်ပက ပြန်လာသူ နှစ်သောင်းလောက်ကို သီးခြားခွဲထားစောင့်ကြည့်နေပါတယ်။
နိုင်ငံတကာလေဆိပ် ကိုးခုမှာတော့ ဆေးဝါးနဲ့ ကုန်တင်လေယာဉ်တွေ ဆိုက်ကပ်ခွင့်ပေးပါတယ်။မနေ့ကထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ကိုးထောင် နှစ်ရာကျော်သွားပြီး နောက်ထပ်လူနာသစ် ၂၉၀ ကျော် တွေ့ရပါတယ်။ လူ ၆၀၀ ကျော်သေဆုံးရပါတယ်။
ရုရှားနိုင်ငံမှာ မနေ့က တစ်နေ့တည်း ကိုရိုနာဗိုင်းရစ်ကူးစက်ခံရသူ တစ်သောင်း ခြောက်ရာကျော်ရှိပြီး ၅၈ ယောက်ထပ်သေဆုံးလို့ လူ ၁၂၀၀ ကျော် သေဆုံးရပါတယ်။ လေးရက်ဆက်တိုက် လူနာသစ်ဦးရေတိုးနေတာမို့ သမ္မတ ပူတင် ခေါင်းအကြီးအကျယ်ကိုက်နေရပြီလို့ CNN သတင်းက ဖော်ပြပါတယ်။ ရောဂါဖြစ်ပွားသူ ထက်ဝက် ကျော်က မော်စကိုမြို့တော်ကဖြစ်ပြီး မေ ၁၁ ရက်ထိ အသွားအလာကန့်သတ်ထားပါတယ်။ ဆရာဝန်တွေ ဆေးဝန်ထမ်းတွေလည်း ကူစက်ခံထားရပြီး မြန်မာ့တပ်မတော်က စေလွှတ်ထားတဲ့ ပညာတော်သင် သုံးဦးလည်း covoid-19 ကူးစက်ခံထားရပါတယ်။
ဗြိတိန်နိုင်ငံမှာ တရားဝင်စာရင်းအရ လူ နှစ်သောင်း ရှစ်ထောင်ကျော် သေဆုံးရလို့ သုံးသောင်းနားထိ ရှိလာနိုင်တယ်လို့ အမျိုးသားစာရင်းအင်းဌာနက ပြောပါတယ်။
ဂျာမနီနိုင်ငံမှာတော့ ပြီးခဲ့တဲ့လကစပြီး အသွားအလာကန့်သတ်ခဲ့ရာက မနေ့က ပထမဆုံး အကြိမ်အဖြစ် ဘုရားကျောင်းတွေမှာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပပါတယ်။
အီရန်နိုင်ငံက ဗလီတွေ မတ်လလယ်ပိုင်းထဲက ပိတ်ထားခဲ့ပြီး တချို့မြို့တွေက ဗလီတွေ ဒီနေ့ ပြန်ဖွင့်ဖို့ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်ကနေ အရှေ့ခြမ်း နယူးယောက် ပြည်နယ်ထိ လူတွေ အိမ်ပြင်ထွက်ကြပြီလို့ CNN သတင်းက ဖော်ပြပါတယ်။ တချို့က ခြေညောင်းလက်ဆန့် ထွက်ကြပေမယ့် တချို့က အသွားအလာကန့်သတ်ထားတာ ပယ်ဖျက်ရေး ဆန္ဒပြဖို့ အိမ်ပြင်ထွက်ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာ ၁၀ ရက်က ၁၄ ရက်အတွင်းတန့်သွားချိန်ကို စောင့်ဆိုင်းပြီး လောလောဆယ် ကန့်သတ်ချက် လျှော့ပေါ့ပေးဖို့ မသင့်ဘူးလို့လည်း ပညာရှင်တွေက သတိပေးပါတယ်။
ပြည်နယ် ၃၀ ကျော်လောက်က ကန့်သတ်ချက် လျှော့ပေးလိုက်တဲ့နောက် အဲဒီလို တိုက်တွန်းတာပါ။ ဒါပေမဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ တပုံစံတည်း လျှော့ပေါ့ပေးတာတော့ မဟုတ်ပါဘူး။ဂျော်ဂျီယာပြည်နယ် မှာဆိုရင် သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမာသူတွေကို ဇွန် ၁၂ ရက်ထိ အိမ်ပြင်ထွက်ခွင့် မပေးပါဘူး။ တချို့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ပေမယ့် မေ ၁၃ ရက်ထိ လူချင်းပူးပူးကပ်ကပ်နေလို့ မရပါဘူး။
ရှီကာဂို မြို့တော်ဝန်ကတော့ လူတွေအိမ်ထဲနေကြဖို့နဲ့ အိမ်မှာ လူစုပြီး ပါတီကျင်းပရင် ထောင်ဒဏ်ချမှတ်မယ်လို့ သတိပေးပါတယ်။