တိုက်ပွဲတွေကြောင့် ဆားလင်းကြီး၊ ပုလဲနဲ့ မြိုင်မြို့က ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း နှစ်ခုအကြားက ဆားလင်းကြီး၊ ပုလဲနဲ့ မြိုင်မြို့နယ်တို့မှာ နယ်မြေရှင်းလင်းရေး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ဇူလိုင်လ ၉ ရက် ဒီနေ့အထိ တစ်ပတ်နီးပါး ကြာနေပြီဖြစ်ဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ရွာပေါင်း ၁၅ ရွာလောက်က ရွာသားတစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ရှားဒူးကျေးရွာနှင့် စိုင်ဖြူကျေးရွာများကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ် Photo: WeLove Seik Phyu Group

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အစပ်ဒေသဖြစ်တဲ့ ဆားလင်းကြီး၊ ပုလဲနဲ့ မြိုင်မြို့နယ်တို့မှာ စစ်ကောင်စီ တပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ဇူလိုင်လ ၉ ရက် ဒီနေ့အထိ တစ်ပတ်နီးပါး ကြာနေပြီဖြစ်ပြီး ရွာပေါင်း ၁၅ ရွာလောက်က ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

အဲဒီမြို့နယ်တွေမှာ ဇူလိုင်လအစပိုင်းကစပြီး နှစ်ဖက်အပြန်လှန် တိုက်ပွဲတွေ ဖြစ်ပွား နေသလို ဒီရက်ပိုင်းမှာတော့ ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ်ကြားက ရွာတွေအနီးမှာ တိုက်ပွဲထပ်ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ထွက်ပြေးနေကြရတဲ့အထဲ မြိုင်မြို့နယ်ထဲက ကျောက်တောင်၊ ကျောက်ကန်နဲ့ ကျောက်ရစ်ရွာ၊ ပုလဲမြို့နယ်ထဲက အင်ကြင်းစု၊ နွယ်ရှောက်၊ မွေ့တုံ၊ မင်းရွာ၊ ပန်းရွာ၊ နွားကူး၊ ဖိုကုန်း၊ ညောင်ကုန်း၊ ကံပေါက်၊ လှော်ကား၊ တနယ်၊ ရွာသာ၊ လိင်ကုန်း စတဲ့ရွာတွေ ပါဝင်ပါတယ်။

နှစ်ကြိမ်မြောက် မီးရှို့ခံရတဲ့ ပုလဲမြို့နယ်၊ မွေ့တုံရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးကတော့ အသက်အန္တရာယ် စိုးရိမ်တာကြောင့် စစ်ကောင်စီတပ်သားတွေ လာတယ်ကြားတာနဲ့ ထွက်ပြေးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

"၄ ရက်နေ့ကနေစပြီး ရှောင်ရတယ်၊ ညောင်ကုန်းကို လာတဲ့အတွက်။ တစ်မိုင်လောက်ပဲ ဝေးတယ်။ အခုထိ ရွာထဲမကပ်ရဲဘူး။ ဇူလိုင်လ ၇ ရက်နေ့က ရှို့တဲ့မီးမှာ ရွာကဦးလေး အရှင်လတ်လတ် မီးထဲရှို့ခံရတယ်။ စည်းစိမ်ဥစ္စာဆိုတာ ကျမတို့အတွက် အရေး မကြီးဘူး။ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာတွေ ကြုံဖူးပြီးသား"

မွေ့တုံရွာဟာ အခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က နေအိမ် ၁၈၀ လောက် မီးရှို့ခံခဲ့ရပြီး နောက် နေအိမ်တွေ ပြန်တည်ဆောက်ဖို့ ရှင်းလင်းနေဆဲမှာပဲ အခုဒုတိယအကြိမ် ထပ်မံမီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကြောင်းကို ရှောင်တိမ်းနေရတာ တစ်ပတ်လောက် ကြာနေပြီဖြစ်လို့ စားဝတ်နေရေး ခက်ခဲနေတယ်လို့ ပုလဲမြို့နယ်၊ ဖိုကုန်းရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကျနော်တို့ ဖိုကုန်း၊ ညောင်ကုန်း၊ ကံကြီးတို့ ဒီနားကရွာတွေဆိုရင် စစ်ကြောင်း ထိုးလာတယ်ဆိုရင်ကို ကြောက်နေတော့တာ။ ပြေးနေရတော့တာပဲ။ စားဖို့သောက်ဖို့ လည်း အဆင်မပြေဘူး။ နေဖို့ထိုင်ဖို့လည်း အဆင်မပြေဘူး။ တွေ့တဲ့နေရာအိပ်၊ တွေ့တဲ့နေရာမှာ အဆင်ပြေသလိုနေနေရတယ်။ အခုရွာကနေ ထွက်လာတာ တစ်ပတ်လောက်ရှိနေပြီ။ ရွာလည်းမကပ်ရဲဘူး။ စစ်ကောင်စီအနေနဲ့ အဲဒီလောက်ကြီး အကြမ်းဖက်နေတာက တော်တော်လေးကို လွန်နေပြီ"

ဇူလိုင်လ ၇ ရက်နေ့ကလည်း ပုလဲမြို့နယ်ထဲက မွေ့တုံရွာနဲ့ မင်းရွာက နေအိမ် ၁၀၀ ကျော် မီးလောင်ခဲ့ပြီး မွေ့တုံရွာက အသက် ၈၀ အရွယ် ဦးတင်ဖေနဲ့ မင်းရွာက လေဖြတ်နေတဲ့ အသက် ၇၀ အရွယ် ဦးကျော်ဟန်တို့ မီးလောင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က မီးရှို့ခံရသည့် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ မွေ့တုံရွာက အဆောက်အအုံတစ်လုံးကို တွေ့ရစဉ် (Photo: PVTV)

ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေ ဝင်လာတယ်ကြားတာနဲ့ အမြန်ဆုံး ရှောင်ပေးစေချင်တယ်လို့ ပုလဲမြို့နယ်မှာရှိတဲ့ ကျားသစ်နက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဖိုးသားက ပြောပါတယ်။

"ရွာတွေမှာ သတိဝိရိယလေး ထားပြီးတော့ စစ်ကောင်စီလာပြီဆိုတာနဲ့ ရပ်ကျေး စီမံအုပ်ချုပ်ရေးအဖွဲ့က သတိပေးတာကို လိုက်နာစေချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ရွာတစ်ရွာကို စစ်ကောင်စီ စီးနင်းလာပြီဆိုတာနဲ့ ဓားစာခံအဖြစ် အဖမ်းခံထားရတဲ့ သူတွေရယ်၊ ပြည်သူတွေရယ်၊ အဲဒီမှာ ကာကွယ်ရေးအဖွဲ့တွေက ပြန်ပြီးတော့ ချေပမယ့်အခါမှာ ပြည်သူ့အတွက် ငဲ့ကွက်ရတာက တစ်မျိုး၊ အမျိုးမျိုး ဒုက္ခ ရောက်နေတယ်"

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က မွေ့တုံရွာနားမှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား တစ်ဦးကို အရပ်သားပြည်သူထင်ခဲ့မိတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပစ်ခံခဲ့ရသလို ၆ ရက်နေ့တိုက်ပွဲမှာလည်း ကျားသစ်နက်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းနှစ်ခုအကြား ရွာတွေမှာ တစ်ပတ်နီးပါးအကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေဘက်ကတည်း သေဆုံးမှုရှိတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်ခဲ့ပေမယ့် ညနေပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိမှာ ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ်စပ်ကြားကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်း နှစ်ခုနဲ့ ဝင်ရောက်လာပြီးနောက် နွားကူးရွာနဲ့ ညောင်ကုန်းရွာမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဒေသကို ထိန်းချုပ်လို့မရတော့ တွေ့သမျှပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တယ်။ ရွာတွေကို မီးရှို့တယ်"

ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းလာနေတဲ့ ဒေသတွေကို စစ်ကောင်စီက နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးနေတာလို့ ယင်းမာပင်ဒေသခံ ကိုခန့်က RFA ကို ပြောပါတယ်။

"ကျနော်တို့ မြို့နယ်တွေမှာ PDF အားကောင်းတယ်။ စစ်ကောင်စီရဲ့ထိန်းချုပ်မှုက လုံး၀မရတဲ့အခြေအနေ ရှိလာပြီဆိုတော့ ခုခံကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကလည်း အရင်လို တူမီးလက်နက်မဟုတ်တော့ဘဲနဲ့ တချို့သောအဖွဲ့တွေမှာ မောင်းပြန်လက်နက် တွေထိ ကိုင်နိုင်ကြပြီ။ အဲဒီတော့ စစ်ကောင်စီနဲ့ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်တဲ့ ပွဲတွေမှာ စစ်ကောင်စီဘက်က အကျဆုံးတွေများလာတယ်။ ဒေသကို ထိန်းချုပ်လို့ မရတော့ တွေ့သမျှ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တယ်။ ရွာတွေကို မီးရှို့တယ်"

စစ်ကောင်စီ တပ်သားတွေအနေနဲ့ ဒီလိုတွေ ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် ပြည်သူတွေရဲ့ ခုခံမှုတွေက အရှိန်ပိုမြင့်လာနိုင်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအရှိန်မြင့်နေပြီး တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ဒေသတွေဟာ အင်တာနက် အဖြတ်ခံထားရသလို စစ်ကြောင်းထိုးလာချိန်ဆိုရင် ဖုန်းလိုင်းတွေပါ ထပ်အဖြတ်ခံကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ့ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့ထိ တစ်နှစ်ကျော်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော်ရှိပြီ ဖြစ်ပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး စစ်ဘေးဒုက္ခသည် သုံးသိန်းလေးသောင်း (၃၄၀၀၀၀) ကျော် ရှိတယ်လို့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က အခု ဇူလိုင်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org