ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကိုဖယ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဘာကြောင့်ကြိုးစားလဲ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ရာထူးတာဝန်က ရုပ်သိမ်းဖို့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက တင်ပြတဲ့ အဆိုကို မနေ့က မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်သွားခဲ့တာနဲ့ ပတ်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ NLD ပါတီတွေက ကိုယ်စားလှယ်တွေရဲ့ ဝေဖန်သုံးသပ်ချက်အချို့ကို တင်ပြ ထားပါတယ်။

u-tkhonmyat-622.jpg

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တို့ ပူးပေါင်းလုပ်ဆောင်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်ကို ရာထူးတာဝန်က ရုပ်သိမ်းဖို့ အဆိုဟာ မနေ့က ကျင်းပတဲ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ရှုံးနိမ့်သွားပါတယ်။

အရင် ဦးသိန်းစိန်အစိုးရလက်ထက်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ ဦးတီခွန်မြတ်ဟာ NLD အစိုးရတက်လာတဲ့အခါမှာတော့ NLD နဲ့ နီးစပ်သူတဦးဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်မှာ NLD ကိုယ်စားလှယ်က အများစုဖြစ်တဲ့အတွက် မဲခွဲဆုံးဖြတ်ရင် ဒီအဆိုရှုံးနိမ့်မယ်ဆိုတာကို တင်သွင်းသူတွေက ကြိုတင်မျှော်လင့်ပြီးသားလို့ ယူဆနိုင်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကတော့ အခုဖြစ်ရပ်ဟာ သူတို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးပြီး ပြည်သူလူထုအတွက် မည်မျှမှန်မှန်ကန်ကန်ရပ်တည်ကြောင်း သက်သေပြခဲ့တာလို့  မနေ့က ဇွန်လ ၁ ရက်ညနေ မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ဒါဟာ ဒီမိုကရေစီအနိုင်ကျင့်တာ မဟုတ်ပါဘူးလို့ RFA ကို ပြောပါတယ်။

ဒါ့အပြင် ဦးအောင်သိန်းက- အခုကိစ္စကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကြား တင်းမာမှုတွေ ထူးထူးခြားခြား ပိုမိုတိုးပွားလာမယ်လို့ သူမထင်ပါဘူး။ ဒါပေမယ့် အခုလို ရာထူးက ဖယ်ရှားဖို့ တင်ပြခံရတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်ဟာ အရင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အကြီးကဲတဦးဖြစ်တဲ့အတွက် အဲဒီ ပါတီအတွင်းမှာပဲ အားနည်းမှုပေါ် ပေါက်လာနိုင်တယ်လို့ ဝေဖန်သုံးသပ်ပါတယ်။

ဦးတီခွန်မြတ်ကို ရာထူးတာဝန်က ရုပ်သိမ်းဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်ပြတဲ့ အဆိုကိုမနေ့က မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲ ၂၄၃ မဲ ထောက်ခံမဲ ၁၃၂ မဲနဲ့ ရှုံးနိမ့်သွားတာဖြစ်ပါတယ်။

ဦးတီခွန်မြတ်ဟာ ၂၀၁၀ ခုနှစ်မတိုင်ခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးက အသင်းအနေနဲ့ ဖွဲ့ထားတုန်းက ကွတ်ခိုင်မြို့နယ်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သလို၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်အလုပ်အမှုဆောင်အဖြစ်အပြင် ကွတ်ခိုင်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာတော့ ကွတ်ခိုင်မဲဆန္ဒနယ်ကနေ ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး၊ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာလဲ ကွတ်ခိုင်မဲဆန္ဒနယ်မှာပဲ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး၊ အဲဒီနှစ်မှာပဲ သူရဦးရွှေမန်းနှင့်အတူ ကြံ့ခိုင်ရေးပါတီက ထုတ်ပယ်ခံခဲ့ရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သမ္မတတာဝန်ထမ်းရတဲ့အချိန်မှာတော့ လွှတ်တော်ဒုဥက္ကဌ ဖြစ်နေတဲ့ ဦးတီခွန်မြတ်ကို ဥက္ကဋ္ဌသစ်အနေနဲ့ ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ တင်မြှောက်ခဲ့ပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ - ရွေးကောက်ပွဲနီးကပ်လာတာနဲ့ အမျှ ပါတီကြီး ၂ ခုအကြား အားပြိုင်မှုတွေ ပိုမိုပေါ်ပေါက်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောဆိုနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org