ပေါက်တောပြင်ဘုန်းကြီးကျောင်းက စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်

ပေါက်တောမြို့နယ် ပေါက်တောပြင်ဘုန်ကြီးကျောင်းမှာ ရခိုင်စစ်ပြေးဒုက္ခသည်တွေကို တပ်မတော်က မနေ့က စစ်ဆေးခဲ့ပြီးတဲ့နောက် ဒုက္ခသည် ၃ဝဝ ကျော်လောက်ပဲ ကျန်တော့တယ် လို့သိရပါတယ်။

ပေါက်တော်ပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ၂၀၁၉၊ ဇွန် ၄ ရက်နေ့က တွေ့ရစဉ် Photo: Khin Saw Wai

ပေါက်တောမြို့နယ် ပေါက်တောပြင်ဘုန်ကြီးကျောင်းမှာ ရခိုင်စစ်ပြေးဒုက္ခသည်တွေကို တပ်မတော်က မနေ့က စစ်ဆေးခဲ့ပြီးတဲ့နောက် ဒုက္ခသည် ၃ဝဝ ကျော်လောက်ပဲ ကျန်တော့တယ် လို့သိရပါတယ်။

RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~

ပေါက်တောပြင်ဘုန်းကြီးကျောင်းက စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်

(ခက်မာ)

■ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှာရှိတဲ့ ပေါက်တောပြင်ဘုန်းကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းကို မနေ့က တပ်မတော်က ဝင်ရောက်စစ်ဆေးဖို့ ကြိုးစားတာကြောင့် အဲဒီမှာခိုလှုံနေသူ တထောင်ကျော် ထွက်ပြေးသွားတဲ့အတွက် ဒီကနေ့မှာတော့ ဘုန်းကြီးကျောင်းမှာ ခိုလှုံသူ ၃ဝဝ ကျော်သာ ကျန်တော့ပြီး တပ်မတော်ကတော့ အနီးဝန်းကျင်မှာ ဆက်လက်တပ်စွဲထားဆဲဖြစ်တယ်လို့ ပေါက်တောပြင် စစ်ဘေး ဒုက္ခသည်စခန်း တာဝန်ခံ ဆရာတော် အရှင်သဘာဝနဒီ က RFA ကို မိန့်ကြားပါတယ်။

“ဒီနေ့ကျန်တာက အိမ်ထောင်စုအနေနဲ့ ၂၄၂ စု၊ လူဦးရေအနေနဲ့ ၃၂၉ ယောက်ကျန်တယ်။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့က ပေါက်တောပြင်စစ်ဘေးဒုက္ခသည်စခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းကို ဝင်ရောက်ရှာဖွေစစ်ဆေးတာဟာ တပ်မတော်သားတွေမဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။

“ကျနော်တို့ လုံခြုံရေးတပ်ဖွဲဝင်တွေကတော့ စစ်တာမဟုတ်ဘူးခင်ဗျာ။ စစ်တာကတော့ မြန်မာနိုင်ငံရဲ ပါတယ်။ သာသနာရေးဦးစီးကပါတယ်။ လဝက  က ပါတယ်။ ပြီးရင် ပေါက်တောပြင်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ စစ်တာပါ။ ကျနော်တို့ကတော့ တာဝန်ရှိတဲ့သူတွေ ဒီကိုဝင်စစ်တဲ့အခါ ကျနော်တို့က လုံခြုံရေးစောင့်ရှောက်ပေးတဲ့ သဘောပါပဲ။ အဲဒီရွာကို ဝိုင်းထားတာလည်း မဟုတ်ဘူး။ ပြီးခဲ့တဲ့တပတ်လောက်က အဲဒီနားမှာ ကျနော်တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ AA နဲ့။ ကျနော်တို့ဘက်က အလောင်းလက်နက်တွေ ရလိုက်တာရှိတယ်။ သောင်းကျန်းသူတွေကို ကျနော်တို့မျက်မြင် မြင်လိုက်တယ်။ ဒီဘက်ကို အဖွဲ့တွေခွဲပြီး ဆင်းပြေးတယ်။ ပြီးတာနဲ့ ဒီကောင်တွေက ပျောက်သွားတဲ့အတွက်မို့လို့ ဒီစစ်ဘေးရှောင်တဲ့ အဖွဲ့တွေထဲမှာ သော်လည်းကောင်းပေါ့။ ဒီရွာအနီးဝန်းကျင်တဝိုက်ပေါ့၊ ရွာကိုအခြေခံပြီးတော့ သောင်းကျန်းသူတွေက ရခိုင်လူမျိုးတွေနဲ့ လူကြားထဲမှာ တွဲပြီးတော့ နေနေတဲ့အတွက်ကြောင့် ကျနော်တို့က လုပ်ရကိုင်ရတာ အများကြီး ကန့်သတ်ချက်ရှိတယ်။  ကျနော် တို့ရဲ့အမာခံ၊ ကျနော်တို့ သတင်းပေးတွေက သတင်းပေးလို့သာ ကျနော်တို့က ရှာဖွေပုံစံ ရဲလုပ်ထုံးလုပ်နည်း အတိုင်းဝင်စစ်တာပဲ ရှိတယ်။ ဖမ်းတာဆီးတာ တယောက်မှမရှိဘူး။”

ဒီကနေ့ စစ်ဘေးဒုက္ခသည်စခန်းနဲ့ ရွာတွင်း နောက်ဆုံးအခြေအနေကို ဆရာတော် အရှင်သဘာဝနဒီက ခုလိုမိန့်ကြားပါတယ်။

“ဒီကနေ့ကျောင်းကိုလုံးဝမလာပါဘူး။ ကျောင်းကို ဝိုင်းထားတဲ့သူတွေအားလုံးလည်း ဆုတ်ခွာသွားပါပြီ။ ရွာထဲမှာတော့ ဒီကနေ့ နေ့လယ်ပိုင်းတုန်းက တအိမ်ဝင်တအိမ်ထွက်နဲ့ ရဲနဲ့စစ်တပ်ပေါင်းပြီး သန်းခေါင်စာရင်းစစ်တယ်လို့ သိရတယ်။ ရွာရဲ့အခြေအနေကတော့ အေးအေးဆေးဆေးပဲ။ ဖမ်းတာဆီးတာ ဘာမှတော့ အသံထွက်မလာသေးပါဘူး။ ရွာထဲမှာ တအုပ်စုရှိတယ်။ ရွာရဲ့မြောက်ဘက်ခြမ်း ငါးဖာလုံလောက်အကွာ ရေတံခွန်မှာ သူတို့ တပ်စွဲပြီးတော့နေတယ်။”

တပ်မတော်အနေနဲ့ ရွာအနီးဝန်းကျင်မှာ တပ်စွဲထားနေသေးတယ်ဆိုတာကို ဗိုလ်မှူးကြီး ဝင်းဇော်ဦးကလည်း အတည်ပြုပြောပါတယ်။

“ အခုကတော့ ရွာရဲ့အနီးဝန်းကျင် တောင်ယာတဲတွေမှာ ဒီလိုဟာမျိုးတွေ ခိုအောင်းနိုင်တဲ့နေရာမျိုးတွေမှာ ဆက်ပြီးတော့ ရှင်းတာတော့ရှိတယ်ခင်ဗျ။”

မနေ့က တပ်မတော်က စခန်းကိုလာရောက်ဝိုင်းစဉ်မှာ စခန်းတွင်းရှိနေခဲ့တဲ့ စစ်ဘေးရှောင်တဦးဖြစ်သူ မနန္ဒာထွေးက မနက်ဖန်မှာ နေရပ်ကျေးရွာကို ပြန်တော့မယ့်အကြောင်း ပြောပြပါတယ်။

“ညီမတို့က မိသားစု လေးယောက်ရှိတယ်။ မနေ့က စစ်သားတွေလာတော့ ညီမတို့အဖေက ထွက်ပြေးသွားတယ်။ ဒါပေမဲ့ ညီမတို့မိသားစု သုံးယောက်က ထွက်မပြေးဘူး။ အခုပြန်မယ်ဆိုတာက ရွာမှာ စစ်သားတွေ မရှိတော့ဘူးလေ။ သူတို့ ဘယ်နေ့ရောက်လာမယ်တော့မသိဘူး။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ သူတို့မရှိကြတော့ဘူး။ အဲဒါကြောင့်ပြန်မလို့။ တကယ်လို့ ရွာထဲကို စစ်သားတွေ ထပ်ရောက်လာရင်တော့ ပြန်ပြီးတော့ စစ်ပြေး စခန်းကိုပြန်နေရမယ်ထင်တယ်။ ကိုယ့်အိမ်မှာနေရတာထက် ဘုန်းကြီးကျောင်းမှာနေရတာက ပိုပြီးတော့ လုံခြုံသလိုခံစားရတယ်။”

စစ်ဘေးရှောင်တွေပြန်ရောက် လာနိုင်တဲ့အနေအထားကို ဆရာတော် သဘာဝနဒီကလည်း ခုလိုမိန့်ကြားပါတယ်။

“ညနေ ၄ နာရီလောက်မှာ ရဟတ်တောင်ရွာထဲကို ဝင်တယ်။ ရဟတ်တောင်ရွာကနေ တပ်စိတ် ၄ စိတ်၊ လူဦးရေ ၄ဝ လောက်ပေါ့။ ဂန်ဂါရွာကို လက်နက်တွေချိန်ပြီးတော့ ပြေးဝင်လာကြတယ်။ အဲလိုအခြေအနေတွေရှိနေတော့ ဒုက္ခသည်တွေက ထပ်ပြီးတော့ ရှိလာလိမ့်မယ်လို့ မြင်မိပါတယ်ဗျ။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ဒီရက်ပိုင်းတွေအတွင်း AA နဲ့တိုက်ပွဲဖြစ်တာမရှိဘူးလို့ ပြောပါတယ်။

ပုဏ္ဍားကျွန်းမြို့နယ်ထဲအတွင်း ရွာကိုးရွာက စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ဟာ ပေါက်တောပြင် စစ်ဘေးရှောင်စခန်းမှာ လာရောက်ခိုလှုံနေခဲ့ကြတာဖြစ်ပေမယ့် အခုလက်ရှိမှာတော့ ၃ဝဝ ကျော်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ စခန်းကို စွန့်ခွာသွားသူတွေထဲကတချို့ဟာ သူတို့ရဲ့မူလကျေးရွာတွေကို ပြန်သွားတာဖြစ်ပြီး တချို့ကတော့ နီးစပ်ရွာမြို့တွေပေါ် ရှောင်ရှားသွားကြတာဖြစ်တယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org