ဖမ်းဆီးခံရတဲ့ PDF ခေါင်းဆောင် လူမဆန်စွာ ညှဉ်းပန်းသတ်ဖြတ်ခံရ
အခု ဧပြီလ ၂ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကို လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ PDF အဖွဲ့ငယ်တစ်ခုရဲ့ ခေါင်းဆောင် ကိုချမ်းမင်းနောင် ဆိုသူကို စစ်တပ်ထောက်လှမ်းရေးအဖွဲ့က လူမဆန် ရက်စက်စွာ စစ်ဆေးပြီး သတ်ဖြတ်ခဲ့တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
-
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022-04-14 -
-
-
ရန်ကုန်တိုင်း ကျောက်တန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ရဲ့ လက်အောက်ခံ အဖွဲ့တစ်ခု ဖြစ်တဲ့ ချေဂွေဗားရား ပြောက်ကျားအဖွဲ့က ဧပြီလ ၂ ရက်နေ့မှာ ကျောက်တန်းမြို့နယ် စံချိန်မီရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးမိုးဆိုသူကို သွားရောက် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
အဲဒီ အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီက ပြည်သူတွေအပေါ်ဖိနှိပ်ရာမှာ ပါဝင်မှု၊ ကျူးကျော်အိမ်တွေကို ခြိမ်းခြောက်ငွေတောင်းမှု၊ အများပိုင်မြေယာတွေကို ရောင်းချ ကိုယ်ကျိုးရှာမှု၊ ဒီမိုကရေစီပြန်လည် ရရှိရေးလှုပ်ရှားမှုတွေကို သတင်းပေးမှုတွေနဲ့ ပတ်သက်ပြီး PDF က သတိပေးတာကို လိုက်နာခြင်းမရှိတဲ့အတွက် အခုလို သုတ်သင် ရှင်းလင်းရတယ်လို့ ဆိုပါတယ်။
အဲဒီလို ပစ်ခတ်ရာမှာ တခြားသူတစ်ဦးက ဆိုင်ကယ်နဲ့လွတ်မြောက်သွားခဲ့ပေမယ့် အဖွဲ့ခေါင်းဆောင် ကိုချမ်းမင်းနောင်ကိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ နောက်လိုက် တွေက ဖမ်းမိသွားခဲ့တယ်လို့ ကျောက်တန်း PDF ခေါင်းဆောင် ကိုဒီပါ က RFA ကိုပြောပါတယ်။
“အုပ်ကြီးရဲ့ တပည့်ပေါ့။ ပစ္စတိုရှိတဲ့ ဒလန်အုပ်ကြီးရဲ့တပည့်ကို အရင်ဆုံးပြစ်လိုက်တော့ နေရာမှာတင် သေသွားတယ်။ နောက်အုပ်ကြီးကို ပစ်တဲ့အချိန်မှာ အုပ်ကြီးကတော့ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ပါတယ်။ ကိုချမ်းမင်းနောင်ကိုတော့ အုပ်ကြီးရဲ့ တပည့်တွေ အုတ်ခဲနဲ့ ထုပြီး ဝိုင်းဖမ်းပါတယ်။ အဲဒီဝိုင်းဖမ်းသူတွေထဲမှာ အဓိက ပါဝင်သူက ဂျိန်းစ်ဘွန်းလို့ ကျနော်တို့မြို့မှာ လူသိများတဲ့ စည်ပင်သာယာဝန်ထမ်းပါ။ နောက်တခြား အုပ်ကြီးရဲ့ တပည့်တွေကလည်း ဓားနဲ့ ဝိုင်းထိုးပါတယ်။ အဲဒီနောက် ကိုချမ်းမင်းနောင်ကို ကားနောက်မှာ ကြိုးနဲ့ တရွတ်တိုက်ဆွဲပြီး စံချိန်မီ ၆ လမ်းကနေ ရွှေမှော်ဝန်းခန်းမကို ခေါ်သွားပါတယ်။ အဲဒီလို တရွှတ်တိုက်ဆွဲတာ ကိုက် ၁၅ဝဝ လောက်အကွာအဝေးရှိပါတယ်။”
ကိုချမ်းမင်းနောင်ကို ကျောက်တန်းမြို့ ရွှေမှော်ဝန်းခန်းမကို ကားနဲ့ တရွတ်တိုက် ဆွဲခေါ်သွားပြီးနောက် စစ်ကောင်စီ ထောက်လှမ်းရေးအဖွဲ့နဲ့ တခြားရပ်ကွက်အတွင်းရှိ စစ်ကောင်စီအမာခံတွေက နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခဲ့ပါတယ်။
“သူ့လက်ခုံကို ဓားနဲ့စိုက်တယ်။ နောက်လက်တွေ၊ နားရွက်တွေကို ဓားနဲ့လှီးတယ်။ နောက်ကျောကုန်းကို ဓားနဲ့မွှန်းတယ်။ ဆံပင်တွေကို ဆွဲနုတ်တယ်။ နောက် ခြေထောက် တွေ လက်တွေကို ရိုက်ချိုးပြီးတော့ မိုးရေထဲမှာ ပြစ်ထားတယ်ပေါ့။ ထိပ်တုံးနဲ့။ နောက်ငယ်ပါကို တုတ်နဲ့ရိုက် ခြေထောက်နဲ့ ကန်ပြီးတော့ စစ်ဆေးမေးမြန်းတယ်။ အဲဒီနောက် ကိုချမ်းမင်းအောင်ကို အပိုင်းပိုင်းခုတ်ထစ်ပြီးတော့ ခေါင်းတခြား ကိုယ်တခြားနဲ့ မြေမြုပ်လိုက်တယ်လို့ ကျွန်တော်တို့ သိရတယ်။ မိသားစုက အလောင်း လည်း ပြန်မရခဲ့ဘူး။ ကျွန်တော်တို့ နောက်မြေပြင်က တက်လာတဲ့ သတင်းအရ သိရတာက အခုတက်လာတဲ့ အုပ်ချုပ်ရေးမှူး ကျော်ဆန်းပေါ့။ သူက ကိုချမ်းမင်းနောင် ကို ဓားနဲ့မွှန်းတာတို့ လက်ကို ဓားနဲ့လှီးတာတို့၊ နောက်ပြီးကျောကိုဓားနဲ့ထိုးတာတို့ လုပ်တယ်လို့ သိရပါတယ်။ အဲဒီ ကျော်ဆန်းနဲ့ ဂျိန်းစ်ဘွန်းကို အခု ရွှေမှော်ဝန်း ခန်းမထဲမှာ သူတို့မိသားစုတွေနဲ့ပါ အခုခေါ်ထားပြီးတော့ လုံခြုံရေးပေးထားတယ်လို့ ကျွန်တော်တို့ သိရပါတယ်ခင်ဗျ။”
RFA က ရရှိတဲ့ဓာတ်ပုံတစ်ပုံမှာ ကိုချမ်းမင်းနောင်ရဲ့ ဘယ်ဘက်လက်ဖမိုးမှာ ဓားနဲ့ ထိုးသွင်းဒဏ်ရာနဲ့ မျက်နှာပေါ်က ဒဏ်ရာတွေကို မြင်ရပါတယ်။ သူ့နားရွက်တွေကို တစ်စစီဓားနဲ့လှီးစစ်ဆေးခဲ့ပြီး နောက်ဆုံး သတ်ဖြတ်ခံရချိန်မှာ နားရွက်တစ်ခု လုံးဝမရှိတော့ဘူးလို့ သိရကြောင်းလည်း ကိုဒီပါ က RFA ကိုပြောပါတယ်။
ဒါ့အပြင် ကိုချမ်းမင်းနောင်ကို ဓားနဲ့ခုတ်သတ်သူတွေထဲမှာ လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ကိုချမ်းမင်းနောင် သေဆုံးလို့ သင်္ဂြိုဟ်ပြီးစီးပြီလို့ စစ်ကောင်စီက သူ့မိသားစုကို တိတ်တဆိတ်အကြောင်းကြားတယ်လို့ သတင်းရပေမယ့် မိသားစုဝင်တွေကို RFA က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
ကျန်ရစ်သူမိသားစုဝင်တွေကို စစ်ကောင်စီက ခြိမ်းခြောက်ထားတယ်လို့ ကိုဒီပါက ပြောပါတယ်။ ကိုချမ်းမင်းနောင် ဟာ အိမ်ထောင်နဲ့ကွဲနေပြီး ၅ နှစ်ဝန်းကျင် သမီးလေး တစ်ဦးရှိတယ်လို့ သိရပါတယ်။ RFA က ရရှိတဲ့ ဓာတ်ပုံတစ်ခုမှာ သူ့သမီးငယ်နဲ့ ဘုရားမှာ ခေါင်းလောင်းထိုးနေပုံကို မြင်ရပါတယ်။ သူဟာ စစ်တပ်အာဏာမသိမ်းခင်က ရပ်ကွက် ပရဟိတအသင်းမှာ တက်ကြွသူတစ်ဦးဖြစ်ပြီး မရှိဆင်းရဲသားတွေကို ရေလှူခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်းနဲ့ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်သူတွေကို ကူညီခြင်း စတာတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ကိုချမ်းမင်းနောင် ညှဉ်းပန်းသတ်ဖြတ်ခံရမှုအတွက် လိုအပ်တဲ့ အရေးယူမှုတွေကို မိမိတို့ ဆောင်ရွက်မှာဖြစ်တယ်လို့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်က ပြောပါတယ်။
လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာတရားရုံးတွေကို တိုင်ကြားဖို့ တိုက်တွန်းပါတယ်။
အခု RFA က ရရှိတဲ့ဓာတ်ပုံဟာ ကိုချမ်းမင်းနောင်ကို ရွှေမှော်ဝန်းခန်းမ စစ်ဆေးရေး စခန်းမှာ ညှဉ်းပန်းမေးမြန်းနေစဉ် စစ်ဆေးသူတစ်ဦးက ရိုက်ကူးပြီး သက်ဆိုင်ရာ စစ်ကောင်စီ အဆင့်ဆင့်ကို တင်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး ဒီဓာတ်ပုံကို တစ်စုံတစ်ယောက်က သူတို့ PDF အဖွဲ့ကို ပေးပို့ခဲ့တယ်လို့ ကိုဒီပါက ပြောပါတယ်။ လုံခြုံရေးအရ အသေးစိတ်ကို ပြောကြားဖို့တော့ သူက ငြင်းဆိုပါတယ်။
အခုလို ဖမ်းဆီးမိသူတစ်ဦးကို ရက်စက်စွာညှဉ်းပန်း သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။