စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အထိ ဆောင်ရွက်မယ်လို့ PNLO ထုတ်ပြန်

ဆီဆိုင်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ ၄၂၄ ကို PNLO က သိမ်းယူလိုက်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ Pa-O People’s Aid

ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ ၄၂၄ ကို ဇန်နဝါရီလ ၂၆ ရက်မှာ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က သိမ်းယူလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး လူထုက လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်တဲ့အထိ ဘဝတူမဟာမိတ်တွေနဲ့အတူ ဆင်နွှဲသွားမယ်လို့ PNLO က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

"ရှမ်းပြည်တောင်ပိုင်းမှာ စစ်ရေးနိုင်ငံရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့က ကြိုဆိုတဲ့အကြောင်း ပြောချင်ပါတယ်"

PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ မြေပြင်အခြေအနေအရ လိုအပ်လို့ ကြေညာချက် ထုတ်ပြန်တာလို့ RFA ကို ပြောပါတယ်။

"ကြေညာချက်က အထဲက အခြေအနေတစ်စုံတစ်ရာကြောင့် ထုတ်တာပါ။ ဒီကြေညာချက်က အခြေခံအချက်အလက်တွေ အခြေခံမူတွေ ဘာမှာမပြောင်းလဲပါဘူး။ မြေပြင်အခြေအနေအရ သင့်တော်သလို ထုတ်လိုက်တဲ့ သဘောပါ။ NCA လည်း မပျက်ပါဘူး။ နောက် PPST အဖွဲ့ဝင်ကလည်း မထွက်ပါဘူး။ အားလုံးက မူလအတိုင်းပါပဲ။ ကျွန်တော်တို့ ဆက်ဆံရေးရုံးတွေလည်း ဖွင့်ထားပါတယ် တောင်ကြီးမှာ။ အားလုံးဒီအတိုင်းပဲ ရှိပါတယ်။ အဲဒီစာကတော့ မြေပြင်အခြေအနေအရ လိုအပ်သလို ထုတ်တဲ့သဘောလို့ သုံးသပ်ပါတယ်"

အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ PNLO ဟာ ဟိုပုံးမြို့နယ်မှာ ဇန်နဝါရီလ ၂၁ ရက်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ လက်နက်သယ်လာတဲ့ PNLO ယာဉ်တန်းကို စစ်ကောင်စီတပ်က တားဆီးတာကနေ စံဖူးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီဖြစ်စဉ်ကို နှစ်ဖက်တပ်တွေ ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် အောင်မြင်မှုမရခဲ့သလို ဇန်နဝါရီလ ၂၂ ရက်မှာတော့ စစ်ကောင်စီတပ်က PNLO ဗဟိုဌာနချုပ်ရှိတဲ့ နော်ထော်လေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ PNLO က ထုတ်ပြန်ပါတယ်။

ဒီစစ်ရေးတင်းမာမှုဟာ PNLO တပ်တွေလှုပ်ရှားတဲ့ ဆီဆိုင်မြို့နယ်အထိ ကူးစပ်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ PNLO တပ်တွေအကြား တိုက်ပွဲတွေပြင်းထန်လာတာပါ။ လက်ရှိအချိန်မှာတော့ PNLO က ဆီဆိုင်မြို့နယ်ကို ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရှမ်းတောင်ပိုင်းမှာ စစ်ရေးနိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

"တောင်ပိုင်းရှမ်းပြည်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဒီထက်ပိုပြီး တိုးပွားလာစရာ အကြောင်းရှိတယ်။ အခု ဆီဆိုင်မှာ တိုက်ပွဲဖြစ်နေတယ်။ အဲဒီတော့ ဆီဆိုင်ကို သိမ်းနိုင်တယ်ဆိုရင် ဟိုပုံးကို နောက်တစ်ဆင့်က ချီတတ်မယ့်သဘော ရှိပါတယ်။ အဲဒါကြောင့် နွေဦးတော်လှန်ရေးရဲ့ ဘက်တစ်ဖက်ပေါ့ဗျာ။ ရှမ်းပြည်တောင်ပိုင်းမှာ စစ်ရေးနိုင်ငံရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့က ကြိုဆိုတဲ့အကြောင်း ပြောချင်ပါတယ်"

PNLO ကတော့ လက်ရှိကြုံတွေ့နေရတဲ့ စစ်ရေးပဋိပက္ခဟာ လူမျိုးရေးပဋိပက္ခ မဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို ဖော်ဆောင်သူတွေနဲ့ အဖိနှိပ်ခံ တိုင်ရင်းသား ပြည်သူတွေအကြားဖြစ်နေတဲ့ ပဋိပက္ခလို့ ပြောပါတယ်။

PNLO အနေနဲ့ စစ်တပ်သြဇာညောင်းတဲ့ ငြိမ်းချမ်းရေး အခင်းအကျင်းမှာ ရှစ်နှစ်ကြာတဲ့အထိ မျှော်လင့်ချက်ကြီးကြီးနဲ့ ပါဝင်ခဲ့ပေမယ့် အာမခံချက်ရှိတဲ့ နိုင်ငံရေးရလဒ် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

PNLO ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ သဘောထားသိရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိ ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်တွေမှာ စစ်ရေးတင်းမာမှုတွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံ တစ်သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Pa-O People’s Aid)

ဆီဆိုင်မြို့နယ် နမ့်ခုတ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကတော့ နှစ်ဖက်လက်နက်ကိုင်တပ်တွေအနေနဲ့ လူထုအထိအခိုက်နည်းတဲ့ လမ်းကိုရွေးဖို့ တိုက်တွန်းပါတယ်။

"တိုက်ပွဲက ငြိမ်သွားပြီ။ ဒါပေမဲ့လည်း ကျွန်တော်တို့အရင်ပုံစံလို ဆိုင်ဖွင့်သမားတွေ မရှိဘူး။ စစ်ရှောင်သမားတွေကလည်း ဒီဘက်အကုန်ရောက်လာပြီ။ အပြည့်အဝဖြစ်တယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတစ်ယောက်အနေနဲ့ကတော့ ခေါ်ပြီးတော့ ပြည်သူကို မထိခိုက်တဲ့နည်းလမ်းနဲ့ ဖြေရှင်းရမှာ။ အခုက ဒီပုံစံဆိုရင် သိပ်တော့မယုံကြည်ဘူး။ နမ့်ခုတ်ဘက်တစ်ကြောဆိုရင် တချို့ဆို တာချီလိတ်ပြေး အဲဒီလို အနေအထားရှိတယ်။ ပြေးမယ်ဆိုတာကတော့ မှန်တယ်လေ။ ပြည်သူလူထုက ငွေရေးကြေးရေးအရ တစ်ဖက်တစ်လမ်းက ရှိမှဖြစ်မှာလေ။ အဲဒီပုံစံတွေကြောင့် ပြည်သူတွေ ထိခိုက်နစ်နာတာ များတာပါ"

လက်ရှိမှာ PNLO ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်ရေးလှုပ်ရှားနေတာပါ။ ရှမ်းပြည်နယ် တောင်ပိုင်းက ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တွေကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ် သတ်မှတ်ထားပါတယ်။

PNLO ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်ကတည်းက ပါဝင်လက်မှတ်ရေးထိုးခဲ့သလို စစ်တပ်က အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖက်အဖြစ် သုံးနှစ်နီးပါးကြာအောင် ရပ်တည်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org