ကပ်ဘေးမူဝါဒတွေ ပြောင်းလဲဖို့ ဝေဖန်ထောက်ပြတာတွေရှိနေ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ နေစဉ်ထောင်ကျော်တွေရှိနေပြီး ဒီနေ့အထိ ကူးစက်ခံရသူ ကိုးသောင်းကျော်ထိ ရှိနေပါတယ်။ ပိုးကူးစက်ခံရသူ များနေတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး ပိုးတွေ့လူနာအားလုံးကို ဆေးရုံတင်ကုသတဲ့စနစ်အပါအဝင် အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းနည်းတွေကို ပြောင်းလဲဖို့လိုပြီလို့ ဝေဖန်ထောက်ပြတာတွေ ရှိနေပါတယ်။
-
ကျော်လွင်ဦး
2020-12-01 -
-
-
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ နေစဉ်ထောင်ကျော်တွေရှိနေပြီး ဒီနေ့အထိ ကူးစက်ခံရသူ ကိုးသောင်းကျော်ထိ ရှိနေပါတယ်။ ပိုးကူးစက်ခံရသူ များနေတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ ဝန်ထုပ် ဝန်ပိုးဖြစ်ပြီး ပိုးတွေ့လူနာအားလုံးကို ဆေးရုံတင်ကုသတဲ့စနစ်အပါအဝင် အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်း နည်းတွေကို ပြောင်းလဲဖို့လိုပြီလို့ ဝေဖန်ထောက်ပြတာတွေ ရှိနေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကတော့ ပြောင်းလဲသင့်တဲ့ အခြေအနေအတိုင်း ပြုပြင်ပြောင်းလဲ တာတွေ လုပ်ဖို့ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၃၀ မနေ့ညက သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပိုးတွေလူနာ ၁၂၀၀ ကျော် အသစ်တိုးခဲ့ပြီး လက်ရှိအချိန်ထိ ပိုးတွေလူနာစုစုပေါင်း ကိုးသောင်းကျော် ရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုက တဖြည်းဖြည်းများလာနေပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၃၀ မှာ မြန်မာနိုင်ငံဟာ အဆင့် ၇၀ ကို ရောက်ရှိနေပါပြီ။
ရန်ကုန်တဝိုက်မှာ နေ့စဉ် ပိုးတွေလူနာဟာ ထောင်ဂဏန်းရှိနေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေဟာ အင်အားချိနဲ့နေပြီလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာန ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ပြောပါတယ်။
"အချိန်ကလည်း တဖြေးဖြေးနဲ့ကြာလာတော့ ဆေးရုံ၊ ဆေးခန်းတွေမှာဆိုရင် ကျန်းမာရေးဝန်ထမ်းတွေဟာ ဝန်ပိနေပြီ၊ တချို့ဆို အလုပ်ချိန်တွေကများ၊ ပိတ်ရက်လည်းမရှိ၊ နေ့ညဆိုတာလည်းမရှိတော့ ကျန်းမာရေးဝန်ထမ်းတွေဘက်မှာ ခံစားချက်တွေ ရှိလာတယ်၊ အပြင်မှာ ထိန်းချုပ်မှုလုပ်တဲ့ကိစ္စတွေ၊ စနစ်တကျနဲ့ ကူးစက်မှုကွင်းဆက်တွေကို မဖြတ်နိုင်ခဲ့ရင် ဆေးရုံဆေးခန်းတွေက ဘယ်လောက်လုပ်လုပ် နိုင်မှာမဟုတ်ဘူး၊ ကျန်းမာရေးဝန်ထမ်းတွေက အင်အားချိနဲ့ပြီး မလုပ်နိုင်တော့ဘူးဆိုရင် အဲမှာ ပြဿနာအကြီးအကျယ်ရှိတယ်။"
ကျန်းမာရေးဝန်ကြီးဌာနက ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ပိုးတွေ့လူနာတွေအားလုံးကို ဆေးရုံမှာ ကုသပေးနေပါတယ်။ လူစုလူဝေးမလုပ်ဖို့၊ ပွဲလမ်းသဘင်တွေကို လူ ၃၀ ထပ်ပို့မလုပ်ဖို့ ညွှန်ကြားချက်တွေ ထုတ်ထားပေမယ့် အောက်ခြေမှာတော့ လူစုလူဝေးတွေလုပ်တာ၊ ပွဲလမ်းသဘင်တွေလုပ်တာတွေ ရှိတာကြောင့် ပိုးတွေ့နှုန်းကတော့ လျော့မသွားပါဘူး။
ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပိုးတွေ့လူနာတွေအားလုံး ဆေးရုံမှာကုသပေးတဲ့ မူဝါဒအပါအဝင် ပြောင်းလဲသင့်တာတွေကို ပြောင်းလဲဖို့လိုပြီလို့ ကျန်းမာရေးအသိပညာပေးနေတဲ့ စာရေးဆရာ ဒေါက်တာ ဖြိုးသီဟက ထောက်ပြပါတယ်။
"လက်ရှိမှာလည်းမဖြစ်တော့ဘူး ပါးစပ်ကသာ containment လုပ်နေတယ်ပြောနေတာပဲ၊ လူစု၊ လူဝေးတွေ လွှတ်ထားပေးကတည်းက မဟုတ်တော့ဘူး၊ မဟုတ်တော့တဲ့အတွက် ဘာဖြစ်လို့ ထမ်းပိုး ထားပြီးတော့ ကိုဗစ်တစ်ခုတည်း ရောဂါရှိသည်အလား စောင့်ရှောက်မှုပေးနေလည်းပေါ့၊ ဆရာဝန်၊ ဆရာမတွေဆိုလည်း အရမ်းပင်ပန်းနေတဲ့အပြင် ကိုဗစ်မဟုတ်တဲ့ လူနာတွေဆိုလည်း ရင်လေးစရာ ကောင်းနေပြီး ဘယ်သွားလို့ ဘယ်လာရမှန်းမသိဖြစ်နေတယ်၊ အဲတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ ပေါ်လစီ ပြောင်းဖို့လိုမယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ရှိသမျှလူအကုန် ဆေးရုံတင်နေမယ့်အစား ဆရာဝန်၊ ဆရာမတွေမှာရှိတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနိုင်မယ့် အကောင်းဆုံးပေါ်လစီကို ဖော်ဆောင်နိုင်ဖို့ လိုပြီလို့ ထင်ပါတယ်။"
အခြားနိုင်ငံတွေမှာလို ပိုးတွေလူနာတွေအားလုံးကို ဆေးရုံခေါ်တာမျိုးမဟုတ်ဘဲ ရောဂါအခံမရှိသူတွေနဲ့ ငယ်ရွယ်တဲ့သူတွေကို နေအိမ်မှာဘဲ ကုသတဲ့အစီစဉ်ဟာ စည်းကမ်းလိုက်နာတဲ့ နိုင်ငံတွေမှာသာ အဆင်ပြေပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီအစီအစဉ်က ရောဂါကို ပိုဆိုးဝါးစေနိုင်တယ်လို့ ပုသိမ်ဆေးရုံအုပ် ဒေါက်တာ သန်းမင်းထွဋ် ကပြောပါတယ်။
"အဲလူတွေ ဘယ်လောက်စည်းကမ်းရှိသလဲဆိုတာပေါ် မူတည်တယ်၊ သူများတိုင်းပြည်က ပေါ့စတစ် လူနာတွေက အိမ်မှာနေဆို တကယ်နေတာ၊ ကျနော်တို့ လူနာတွေက အိမ်မှာနေဆိုလည်း လျှောက်သွားချင် သွားနေတာ၊ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် စကားပြောချင်ပြောနေတာ၊ အဲလူတွေ ဘယ်လောက် စည်းကမ်း ရှိသလဲ ဆိုတဲ့အပေါ် မူတည်ပြီးတော့ အိမ်မှာထားတဲ့စနစ်ကသွားရလိမ့်မယ်၊ လူတွေစည်းကမ်းမရှိရင် အိမ်မှာထားတဲ့စနစ်က အလကားပဲ၊ပိုတောင်ဆိုးသွားနိုင်သေးတယ်။"
ဧရာဝတီတိုင်းမှာဆိုရင် ပိုးတွေလူနာ ၂၈၀၀ ကျော်ရှိပြီး ပုသိမ်မှာ ၃၈၀၊ လက်ရှိ ပုသိမ်ဆေးရုံကြီးမှာ ၆၀ ကုသပေးနေတယ်လို့ ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။
အစိုးရအနေနဲ့ ကိုဗစ်လူနာတွေကုသတာတွေ၊ စစ်ဆေးတာတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပါ လုပ်ခွင့်ပေးပြီး အခြားစီးပွားရေးလုပ်ငန်းတွေပါ လုပ်ကိုင်နိုင်အောင် အတူယှဉ်တွဲသွားနိုင်တဲ့ မူဝါဒတွေကို ပြောင်းလဲကျင့်သုံးသင့်တယ်လို့ ဝေဖန်ထောက်ပြသူတွေလည်းရှိပါတယ်။
အစိုးရက အတူယှဉ်တွဲသွားလာတဲ့မူဝါဒကို မသုံးသေးဘူးလို့ စိမ်းလန်းအမိမြေအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိူးသူက ထောက်ပြပါတယ်။
"ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆို ဘယ်လိုစစ်မယ်၊ ဖျားနာဆေးကုခန်းတွေဆို ဘယ်လိုစစ်မယ်၊ စက်ရုံတွေ၊ ဈေးတွေမှာဆို ဘယ်လိုစစ်မယ်ဆိုတာ ကျနော်ပြောတာလေ၊ ပေါ်လစီတွေ ပြောင်းသွားမယ်၊ သံသယရှိ လူနာတွေ ထိန်းသိမ်းတဲ့ပုံစံတွေ ပြောင်းသွားမယ်၊ အလုပ်လုပ်နိုင်တဲ့နေရာတွေ ကွာသွားမှာပေါဗျာ၊ ခုဟာက မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းတွေပဲလုပ်ပါဆိုတော့ အရေးကြီးတဲ့ ဘဏ်လုပ်ငန်းတွေပဲ ဖွင့်ထားတာပေါ့ဗျာ၊ ဒီအပြင် အရေးကြီးတဲ့ ထုတ်လုပ်တဲ့လုပ်ငန်းတွေဆို လုပ်လို့မရဘူးလေ ဒါမျိုးတွေ ရှိတာပေါ့၊ အဲဒါတွေက အကုန်လုံးက ပေါ်လစီတွေဘဲပေါ၊ အဲဒါတွေပါ အကုန် ပြောင်းလဲ သွားမှာပေါ့၊ ကျနော်တို့ပြောနေတဲ့ ယှဉ်တွဲသွားလာတဲ့နည်းစနစ်ကို သုံးမယ်ဆိုရင်၊ အခုက အတူယှဉ်တွဲသွားလာတဲ့ နည်းစနစ်ကိုမသုံးဘူး။"
မူဝါဒတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့နှိုင်းယှဉ်ပြီး အများကြီးစဉ်းစားနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။
"စဉ်းစားထားတာတွေတော့ အများကြီးရှိပါတယ်၊ ဒီထက်မက စဉ်းစားတာတွေလည်း အများကြီးရှိတယ်၊ ဒီထက်လျှော့စဉ်းစားတာလည်း အများကြီးပါပဲ၊ နိုင်ငံတကာမှာလည်း ခုနပြောသလို အတုယူစရာတွေ အများကြီးရှိပါတယ်၊ ဒါတွေကိုလည်း ပညာရှင်တွေက တစ်ချိန်လုံး သုံးသပ်နေပါတယ်၊ အကြံပေး အဖွဲ့တွေကလည်း တစ်ချိန်လုံး သုံးသပ်နေပါတယ်၊ တကယ့်ကို ပညာရှင်တွေက ရှုထောင့်ပေါင်းစုံကနေ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်နေပါတယ်။"
မြန်မာနိုင်ငံမှာ လောလောဆယ် ကျန်းမာရေးဝန်ထမ်း တစ်ထောင်ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး သေဆုံးသူလည်းရှိတယ်လို့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ မတ်လကစပြီး ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းလို့ခေါ်မယ့် နိုင်ငံခြားပြန်တွေမှာ ပိုးတွေ့တာ စတင်ခဲ့ပြီး နေစဉ် ဆယ်ဂဏန်းလောက်ပဲရှိတာကြောင့် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
သြဂုတ်လ ဒုတိယပတ်လောက်ကစပြီး ရခိုင်ပြည်နယ်မှာ စတင်ခဲ့တဲ့ ပြည်တွင်းကူးစက်မှုတွေကနေ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ သုံးလနီးပါးအကြာမှာဘဲ တိုင်းနဲ့ပြည်နယ် အားလုံးနီးပါးကို ပျံ့နှံ့ခဲ့ပါတယ်။ နေ့စဉ်ပိုးတွေ့နှုန်းဟာလည်း အခုဆို ထောင်ဂဏန်းမှာရှိနေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေးမလုပ်ဖို့၊ ပွဲလန်းသဘင်မလုပ်ဖို့ ကန့်သတ်ချက်တွေထုတ်ပေမယ့် ရွေးကောက်ပွဲကာလမှာ လူစုလူဝေးတွေနဲ့ မဲဆွယ်တာ၊ ရွေးကောက်ပွဲပြီးကာလမှာလည်း လူစုလူဝေးတွေနဲ့ အောင်ပွဲခံတာ၊ ပွဲလမ်းသဘင်တွေ လုပ်တာတွေကြောင့် ပိုးတွေ့နှုန်းဟာ ကျဆင်းမသွားဘဲ ဖြစ်နေပါတယ်။
ကိုဗစ်ပိုးတွေ့လူနာတွေကို ကိုယ်တိုင်ကုသပေးခဲ့ဖူးသူ ဒေါက်တာ နန္ဒာဝင်းကတော့ ကိုဗစ်ဒုတိယလှိုင်းမှာ ရှုံးသွားပြီလို့ မြင်ကြောင်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အင်အားနည်းလာပြီး ပိုပြီးဂရုစိုက်ဖို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
ဒေါက်တာ နန္ဒာဝင်းဟာ ကိုဗစ်ဒုတိယလှိုင်းမှာ မြဝတီမြို့ကနေ ရန်ကုန်ဆေးရုံကြီးကို လာရောက် ကုသပေးခဲ့သူ ဖြစ်ပြီး မြဝတီပြန်အရောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။ လက်ရှိ တောင်ဥက္ကလာပ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ကိုဗစ်ဒုတိယလှိုင်းမှာ ပိုးတွေ့လူနာ များလာသလို ရောဂါပြင်းထန်သူတွေလည်း များပါတယ်။ အောက်ဆီဂျင် ပေးရတဲ့ လူနာတစ်ယောက်ကိုကုသရင် ကျပ်သိန်းတစ်ရာနီးပါး ကုန်ကျပြီး အစိုးရက ထောက်ပံ့တာနဲ့ အလှူရှင်တွေ လှူဒါန်းတာတွေနဲ့ ကုသပေးနေရတာလို့ ပုသိမ်ဆေးရုံအုပ် ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။
လက်ရှိမှာတော့ ကုသပေးနိုင်ပေမယ့် လူစုလူဝေးတွေကနေကူးစက်ပြီး ပိုးတွေ့လူနာ များလာမယ်ဆိုရင် ဝန်ထမ်းအခက်အခဲ၊ စက်ပစ္စည်းအခက်အခဲနဲ့ ဆေးဝါးအခက်အခဲတွေပါ ကြုံတွေရနိုင်တယ်လို့လည်း ဆိုပါတယ်။
"တကယ်လို့သာ လူနာတွေများလာမယ်ဆိုရင် ကျနော်တို့မှာ ဘာတွေအခက်အခဲဖြစ်လာနိုင်လည်းဆိုတော့ နံပါတ်တစ်က ကျန်းမာရေးဝန်ထမ်းက ကျနော်တို့ရဲ့ အမြင့်ဆုံးလစ်မစ်ကို ရောက်နေပြီ၊ ဒီထက်ပိုရင် အခက်အခဲရှိတယ်။ နှစ်က စက်ပစ္စည်းအခက်အခဲ၊ စက်ပစ္စည်းက ကျနော်တို့မှာရှိနိုင်တဲ့ အနေအထားတော့ ရှိအောင် ကျနော်တို့ ကြိုးစားထားတယ်၊ ဒါပေမဲ့ လူနာတွေ အုံနဲ့ကျင်းနဲ့ရောက်လာရင် အဲလောက် စက်ပစ္စည်းတွေ အဆင့်သင့်မရှိဘူး၊ တတိယက ဆေးဝါးပစ္စည်းနဲ့ အထောက်အပံ့ပစ္စည်း အခက်အခဲပေါ့၊ အဲဒါတွေက ကြုံလာနိုင်တယ်။"
လက်ရှိမှာတော့ အစိုးရကနေ ကိုဗစ်ထိန်းချုပ်ရေးအမိန့်ကို ဒီဇင်ဘာ ၁၅ရက်အထိ သက်တမ်းတိုးထားပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်ပွဲမှာ လူစုလူဝေးဖြစ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
အစိုးရက ကိုဗစ်ထိန်းချုပ်ရေးဆောင်ရွက်နေပေမယ့်လည်း ရောဂါပိုးကူးစက်မှုက လျှော့မသွားဘဲ တိုးလာနေတာကြောင့် အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းနည်းတွေကို ပြုပြင်ပြောင်းလဲဖို့ ဝေဖန်ထောက်ပြမှုတွေ လည်း တစ်နေ့တခြား များလာနေပါတယ်။