မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြနေသူတွေ ဆေးကုသခွင့်မရ

အစာငတ်ခံဆန္ဒပြတဲ့သူတွေထဲမှာ စွပ်စွဲပုဒ်မတွေတပ် ဖမ်းဆီးခံထားရပြီး ထောင်ဒဏ် ၅၄ နှစ်အထိ ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ကျောင်းသားခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာအကျဉ်းထောင်အား Google Earth တွင် မြင်ရသည့် မြင်ကွင်း။ Google Earth

စစ်ကိုင်းတိုင်း မုံရွာထောင်မှာ စက်တင်ဘာလ ၈ ရက် ပြီးခဲ့တဲ့သောကြာနေ့ကစပြီး နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

အာဏာပိုင်တွေက မုံရွာထောင်ထဲဝင်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာအုပ်တွေ၊ ထောင်ဝင်စာပစ္စည်းတွေကို သိမ်းဆည်းသွားတာကြောင့် အဲဒီလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချပြီး သိမ်းသွားတဲ့ပစ္စည်းတွေကို ပြန်ပေးဖို့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက စက်တင်ဘာလ ၈ ရက်နေ့မှာစပြီး အစာငတ်ခံ ဆန္ဒပြကြတာပါ။

ဒါပေမဲ့ အာဏာပိုင်တွေဘက်က မလိုက်လျောတာကြောင့် နောက်ထပ်ဖမ်းဆီးခံ နိုင်ငံရေးသမားတွေလည်း အစာငတ်ခံဆန္ဒပြတဲ့အထဲ ပါဝင်လာကြပြီး အခုဆိုရင် အယောက် ၅ဝ အထိရှိလာပြီလို့ ထောင်နဲ့နီးစပ်သူတွေက RFA ကိုပြောပါတယ်။

လက်ရှိနိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြတောင်းဆိုနေတဲ့ တောင်းဆိုချက်သုံးချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက အခုလိုပြောပြပါတယ်။

"အကျဉ်းသားတွေဆီက သိမ်းသွားတဲ့ပစ္စည်းတွေကို အကျဉ်းသားတွေလက်ထဲ ပြန်ထည့်ပေးဖို့၊ အကျဉ်းထောင်တွေမှာ ကန့်သတ်ထားတဲ့ ထောင်ဝင်စာတွေကို မူလအတိုင်းပြန်လည်ဖြေလျှော့ပေးဖို့၊ နောက်တစ်ချက်က လက်ရှိအစာငတ်ခံဆန္ဒပြနေတဲ့ ရဲဘော်တွေရဲ့ ကျန်းမာရေးကိစ္စကို အစစအရာရာတာဝန်ယူပေးဖို့ တောင်းဆို ထားကြတယ်။ အကျဉ်းသားတွေက ထောင်ဆေးရုံမှာရှိတဲ့ ဆရာဝန်တွေကို ဆေးကုပေးဖို့ တောင်းဆိုတဲ့နေရာမှာ အကျဉ်းထောင်ဘက်က ဘယ်လိုပြောလဲဆိုတော့ ဒီလူတွေကို အစာငတ်ခံ ဆန္ဒပြဖို့ ငါတို့က လုပ်ပါလို့ပြောခဲ့တာ မဟုတ်ဘူး။ အဲဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလည်း မပေးနိုင်ဘူးလို့ အကျဉ်းထောင်ပိုင်ဘက်က ပြောတယ်"

အစာငတ်ခံဆန္ဒပြတဲ့သူတွေထဲမှာ စွပ်စွဲပုဒ်မတွေတပ် ဖမ်းဆီးခံထားရပြီး ထောင်ဒဏ် ၅၄ နှစ်အထိ ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ကျောင်းသားခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါပါတယ်။

ကိုဝေမိုးနိုင်ရဲ့ မိသားစုဝင်တစ်ဦး ပြောပြတာက ... "သောကြာနေ့က ထောင်ဝင်စာပို့တော့ စစ်ဆေးရေးအဖွဲ့ မထွက်သေးဘူး၊ ညှိနှိုင်းနေတယ်ဆိုပြီး ထောင်ဝင်စာလက်မခံဘူး။ ညနေကျတော့ ထောင်ဝင်စာပိတ်လိုက်တယ် ပြောတယ်။ ဒီတနင်္လာနေ့မှာ ပြန်စမ်းပို့ကြည့်တော့ မနက်ပိုင်းကလက်မခံဘူး။ နေ့လည်ပိုင်းကတော့ လက်ခံလိုက်တယ်။ ညနေပိုင်းမှသိရတာ ကိုဝေမိုးနိုင်လည်း အစာငတ်ခံတဲ့အထဲ ပါသွားတယ်ဆိုတော့ နောက်နေ့မှ ထောင်ဝင်စာလက်ခံစာရင်းထဲ ကြည့်ရမှာပဲ"

သတင်းထောက် - ကိုဝေမိုးနိုင် ထောင်ထဲမှာ ကျန်းမာရေး အခြေအနေရော ကောင်းလားဗျာ့။

"ကျန်းမာရေးကတော့ အရင်လိုကောင်းတယ်လို့ပဲပြောတာပဲ။ အစာငတ်ခံ တကယ်လုပ်ပြီဆိုရင်တော့ ဒီအနေအထားကို ခံနိုင်ရည်ရှိ၊ မရှိတော့ ကျွန်မလဲ မပြောတတ်ဘူးပေါ့နော်"

အစာငတ်ခံ ဆန္ဒပြရင်း နိုင်ငံရေးအကျဉ်းသားလေးဦး မူးလဲတာရှိပေမဲ့ ဆေးကုသခွင့်မရဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်ကတော့ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအတွက် စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“အကျဉ်းထောင်ဘက်ကနေ လုံးဝဆေးကုသပေးတာ မရှိဘူး။ ဒါ ရက်စက်ယုတ်မာတဲ့လုပ်ရပ်ပဲ၊ အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့ အားနည်းတာတွေ ရှိမယ်။ ဒါကို ကျန်းမာရေးစောင့်ရှောက်မှု မပေးဘဲ ပစ်ထားတယ်။ အစာအငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားရဲဘော်တွေရဲ့ အသက်ရှင်သန်နေထိုင်ခွင့်ဟာ သူတို့ရဲ့လက်ထဲမှာ အကုန်တာဝန်ရှိတယ်ဆိုတာ ပြောချင်တယ်။ တစ်ခုခုဖြစ်သွားခဲ့ရင် သူတို့ပဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ တာဝန်ခံပေးရမယ်”

စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ထောင်ဒဏ် ၅၄ နှစ်အထိ ချမှတ်ခံထားရသည့် မုံရွာသပိတ်ကျောင်းသားခေါင်းဆောင် ကိုဝေမိုးနိုင်အား၂ဝ၂၁ ခုနှစ်အတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ် ။ (Photo: Wai Moe Naing Facebook)

ဒီလိုထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဘာကြောင့် ဆေးကုသခွင့်မပေးလဲ ဆိုတာ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ မနေ့ညပိုင်းက ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

အပြင်က စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားသူတွေဘက်ကတော့ မုံရွာထောင်ထဲက အစာငတ်ခံ ဆန္ဒပြနေတဲ့ အကျဉ်းသားတွေနဲ့အတူ ရပ်တည်ကြောင်း၊ သူတို့တွေကို ကျန်းမာစောင့်ရှောက်ပေးဖို့ တောင်းဆိုလှုပ်ရှားမှုတွေ လုပ်နေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း နှစ်သောင်းခွဲ မြန်မာနိုင်ငံက အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လတ်တလော သွားကိုက်ဝေဒနာခံစားနေရတာကြောင့် ထောင်ပြင်ပဆရာဝန်ကို တောင်းဆိုပေမဲ့ စစ်ကောင်စီက ခွင့်မပြုပါဘူး။

သူ့လိုအလားတူပဲ အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသားတွေ ဆေးကုသခွင့်မရကြတာကြောင့် နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တာဝန်ခံရလိမ့်မယ်လို့ စစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားသူတွေ က ထောက်ပြပြောဆိုနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org