မြေပုံမှာ ရွာသားတွေ သွားလာခွင့် ကန့်သတ်ခံထားရ
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ယိုးချောင်းဒေသ ရွာသာယာကျေးရွာကို ရောက်ရှိနေတဲ့ တပ်မတော် စစ်ကြောင်းဟာ မနေ့ညနေက ကျေးရွာထဲကနေ ထွက်ခွာသွားပြီးနောက် တပ်မတော်က ရွာသားတွေ အပြင်ထွက်ခွင့်ကို ဆက်လက်ကန့်သတ်ထားတယ်လို့ ကျေးရွာသားတွေက RFA ကို ဒီနေ့မနက်က ပြောပါတယ်။
-
2019-11-13 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ယိုးချောင်းဒေသ ရွာသာယာကျေးရွာကို ရောက်ရှိနေတဲ့ တပ်မတော်စစ်ကြောင်းဟာ မနေ့ညနေက ကျေးရွာထဲကနေ ထွက်ခွာသွားပြီးနောက် ရွာသားတွေအပြင်ထွက်ခွင့်ကို ဆက်လက်ကန့်သတ် ထားတယ်လို့ ကျေးရွာသားတွေက RFA ကို ပြောပါတယ်။
ရွာသာယာကျေးရွာကနေ အခြားနေရာတွေကိုသွားလာဖို့ ယိုးချောင်းကနေတစ်ဆင့် စက်လှေနဲ့သွားလာရတဲ့ လမ်းကြောင်းတစ်ခုတည်းသာ ရှိပါတယ်။
ရွာနဲ့ နာရီဝက်ခရီးလောက်အကွာမှာရှိတဲ့ ယိုးချောင်းတံတားမှာ တပ်မတော်စစ်ကြောင်းရှိပြီး အဲဒီနေရာကနေ တားမြစ်မှုတွေလုပ်နေတာလို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးကပြောပါတယ်။
“စစ်တပ်က ရွာကနေထွက်သွားတယ်ဆိုပေမယ့် သူတို့က ယိုးချောင်းတံတားကနေ ပိတ်ထားတဲ့အတွက် ကျွန်တော်တို့ရွာသားတွေက ဘေးလွတ်ရာကို ပြေးဖို့တောင်မှ ကျွန်တော်တို့မှာ အခက်အခဲဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် သူတို့က စက်လှေတွေနဲ့ ထွက်ခွင့်မပေးဘူး။ ကျောင်းလူကြီးတွေ၊ ရပ်မိရပ်ဖတွေကို သူတို့မှာထားခဲ့တာက ရွာကနေ ဘယ်သူထွက်သလဲ၊ ထွက်တယ်ဆိုလို့ရှိရင် ထွက်တဲ့လူတွေရဲ့စာရင်းကို လုပ်ထားပါ။ ဒီလူတွေပြန်ရောက်မရောက် အဲဒီလူတွေကို စစ်ဆေးပါဆိုပြီးတော့ မှာထားခဲ့တာရှိတယ်”
တပ်မတော်က အချိန်မရွေးဖမ်းဆီးမှုတွေ လုပ်လာနိုင်တယ်ဆိုပြီး သူ့အမည်ကိုဖော်ပြခွင့်မပြုပါဘူး။
တပ်မတော်က ရွာသားတွေသွားလာခွင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက တားမြစ်ထားတာကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲတွေရှိလာနေတယ်လို့ နောက်ထပ်လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ကျွန်မတို့ရွာက ကားလမ်းကို စက်လှေနဲ့သွားရတယ်။ ကားလမ်းကိုရောက်ပြီးကာမှ ဘယ်မှမသွားရဘူးတဲ့။ သွားတဲ့လူတွေကို အေအေလို့ သတ်မှတ်ပါတယ်တဲ့။ ဒါကြောင့်ရွာထဲမှာ ငါးဟင်းတွေလည်းမစားရ။ ဆန်ရိက္ခာတွေလည်းပြတ်နေပြီ။ အခုထိတားနေတုန်းပါ”
ရွာသာယာကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ရွာကနေ ကြောက်လန့်ထွက်ပြေးဖို့ ကြိုးစားတဲ့ ကျေးရွာသားတွေက ဒီနေ့မနက်က တံတားကနေပြန်လှည့်လာခဲ့ရတယ်လို့ ဆိုပါတယ်။
ကျေးရွာသားတွေက တပ်မတော်ကနေရာယူထားတဲ့ ယိုးချောင်းတံတားကနေတစ်ဆင့် လိုင်းကားတွေနဲ့ သွားလာကြရတာပါ။
ဒီနေ့ညနေပိုင်းမှာတော့ အုပ်စုလိုက်မသွားတော့ဘဲ လျှပ်တစ်ပြက် ခရီးသွားတဲ့ပုံစံနဲ့ လူအနည်းငယ်စီ သွားနေကြတာတွေ ရှိတယ်လို့လည်း ရွာသားတွေကပြောပါတယ်။
ရွာသာယာကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခုက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လူ ၁၁ ဦးခန့်ကို စစ်ဆေးခဲ့ပြီးနောက် ငါးဦးကို မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသားတွေနဲ့ မိသားစုဝင်တွေကပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ အသက် ၃၄ နှစ်ကနေ ၄၈ နှစ်အရွယ်တွေဖြစ်ကြတဲ့ ဦးမောင်သန်းမြင့်၊ ဦးတင်မောင်ညွန့်၊ ဦးမောင်တင်မြင့်၊ ဦးခင်မောင်သိန်းနဲ့ ဦးတင်မြင့် တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။
တပ်မတော်စစ်ကြောင်း ရွာထဲကိုရောက်ရှိလာခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က အသက် ၄၀ အရွယ် ဦးမောင်သန်းမြင့်ကိုတော့ တပ်မတော်က ရိုက်နှက်စစ်ဆေးခံရပြီးနောက် နာမည်တူ လူမှားဖမ်းမိတယ်ဆိုပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့ ဦးမောင်သန်းမြင့်ရဲ့ ဦးခေါင်းနဲ့ ကိုယ်ခန္ဓာတွေမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ကာယကံရှင်ဖြစ်တဲ့ ဦးမောင်သန်းမြင့်က RFA ကို အခုလိုပြောပါတယ်။
“ချောင်းဖျားကို ရိက္ခာဘယ်နှစ်ကြိမ်ပို့ပြီးပြီလဲလို့ ပထမဆုံးမေးတော့ ကျွန်တော်က တစ်ခေါက်မှမပို့ပါဘူးလို့ ပြောတော့ ကျွန်တော့ကို ရိုက်တယ်။ နောက်ပြီးတော့ အေအေတွေ ဘယ်မှာနေလဲလို့မေးတယ်။ ကျွန်တော်က လည်း မသိဘူးလို့ပြောတော့ ရိုက်တယ်။ နောက်ပြီး အေအေလူဦးရေ ဘယ်လောက်ရှိလဲလို့မေးတယ်။ ကျွန်တော်ကလည်းမသိဘူးလို့ဖြေတော့ ရိုက်တယ်။ မျက်နှာကိုရိုက်တယ်။ သူတို့လက်နာလို့ဆိုပြီး ခေါင်းကို တုတ်နဲ့ရိုက်တယ်။ ကျွန်တော့ခေါင်း ကွဲသွားတယ်။ နဖူးတွေကို ကျောက်တုံးတွေနဲ့ထုတယ်။ အပ်တွေနဲ့ ပေါင်တွေကိုထိုးတယ်၊ နားတွေကိုလည်း ထိုးတယ်။ ပြီးရင် အဲဒီအပ်ကိုနုတ်တယ်။ ခြေထောက်တွေနဲ့ကန်တယ်။ ညနေ သုံးနာရီခွဲလောက်မှ လူမှားတယ်ဆိုပြီး လွှတ်လိုက်ပါတယ်။ ဗိုလ်မှူးက ခင်ဗျားကို လူမှားပြီးတော့ ဖမ်းမိတာ၊ စိတ်မှာ ဘယ်လိုမှမထားပါနဲ့လို့ပြောပါတယ်”
သူ့မှာရရှိခဲ့တဲ့ ဒဏ်ရာတွေပျောက်ကင်းအောင် မြို့ပေါ်ဆေးရုံတွေမှာ ဆေးကုသမှုလိုချင်ကြောင်း ဦးမောင်သန်းမြင့်ကပြောပါတယ်။
တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲမှာပါဝင်တဲ့ ဦးတင်မြင့်ရဲ့ သမီး ဒေါ်ခင်ဌေးဝင်းက သူ့အဖေအတွက် စိုးရိမ်မိကြောင်းပြောပါတယ်။
“ဒုက္ခမရောက်အောင် အဖေ့ကို မြန်မြန်လွှတ်ပေးစေချင်ပါတယ်။ ထမင်းစားရရဲ့လား ဘယ်လိုဖြစ်နေပြီလဲ မသိပါ။ ဖမ်းသွားတာ နှစ်ရက် သုံးရက်ရှိပါပြီ။ တွေ့ခွင့်လည်းမရပါ။ ထမင်းပေးလား၊ ရေပေးသလား မသိရပါ။ အခုဘယ်ကိုရောက်နေလို့ ဘယ်ကိုခေါ်သွားကြမှန်းမသိပါ။ စိုးရိမ်နေကြပါတယ်”
ရွာသာယာကျေးရွာမှာ တပ်မတော်က ရိုက်နှက်စစ်ဆေးတာတွေမလုပ်ဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်က RFA ကို နိုဝင်ဘာ ၁၁ ရက်နေ့ကပြောဆိုထားပါတယ်။
တပ်မတော်က ကျေးရွာသားတွေကို သွားလာခွင့်ကန့်သတ်ထားတာ၊ ရိုက်နှက်စစ်ဆေးလို့ ဒဏ်ရာတွေရရှိ သွားတာ၊ လူ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်က RFA က ဒီနေ့ နေ့လယ်က ဆက်လက်မေးမြန်းဖို့ကြိုးစားခဲ့ပါတယ်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ရေရေရာရာ တုံ့ပြန်တာမရှိပါဘူး။
“ဖမ်းတာတော့မဟုတ်ဘူး။ ကျွန်တော်တို့က လိုအပ်လို့ ခေါ်ယူစစ်ဆေးမေးမြန်းတာပဲရှိတယ်။ ဒါပဲ။ အသံမကောင်းဘူးဗျာ။ ညမှပြန်ဆက်ပါ”
ရခိုင်ပြည်နယ်မှာ အခုနှစ် တပ်မတော်နဲ့ အေအေ အဖွဲ့တို့ရဲ့တိုက်ပွဲကာလအတွင်း လူဦးရေ သုံးသောင်းကျော်ဟာ ယာယီကယ်ဆယ်ရေးစခန်း ၁၀၀ ကျော်မှာ ခိုလှုံနေကြရပြီး နောက်ထပ် လူဦးရေ သုံးသောင်းကျော်ကတော့ နီးစပ်ရာနေရာတွေမှာ ခိုလှုံနေကြရတယ်လို့ ရခိုင်အရပ်ဘက်အချို့က ခန့်မှန်းထားကြပါတယ်။