ဖျာပုံအနီးပင်လယ်ပြင်မှာ မူးယစ်ဆေးလို့ ယူဆရတဲ့ အိတ် ၂ဝ ကျော် တွေ့ရှိ
ဖျာပုံမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ အရှေ့ဖျားရွာအနီး ရေမိုင် ၁၅ မိုင်လောက်အကွာ ပင်လယ်ပြင်ကနေ ICE မူးယစ်ဆေးဝါးလို့ယူဆရတဲ့ အိတ် ၂၃ အိတ်ကို တံငါသည်တွေက တွေ့ရှိလို့ ဆယ်ယူလာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အပ်လိုက်ပါတယ်။
-
2019-10-17 -
-
-
Your browser doesn’t support HTML5 audio
ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စုက တံငါးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ အရှေ့ဖျားရွာအနီး ရေမိုင် ၁၅ မိုင်ခန့် ပင်လယ်ပြင်ကနေ မူးယစ်ဆေးဝါး ICE လို့ယူဆရတဲ့ အိတ် ၂၃ အိတ်ကို ငါးဖမ်းလှေတွေကတွေ့ရှိလို့ ဆယ်ယူလာပြီး မီးရှို့ကြည့်ရာမှာ မူးဝေလာတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အပ်လိုက်တယ်လို့ သိရပါတယ်။
ဒီကနေ့မှာလည်း အရှေ့ဖျားရွာအနီးမှာ နောက်ထပ်တစ်အိတ်နဲ့ နောက်မီးကျေးရွာအနီးမှာ တစ်အိတ် ထပ်မံတွေ့ရှိတဲ့အတွက် စုစုပေါင်း ၂၅ အိတ်ဖြစ်သွားတာပါ။
အထုတ်သေးတစ်ထုတ်မှာ တစ်ကီလိုရှိပြီး တစ်အိတ်ကို အထုတ် ၃၀ ပါပေမယ့် ပေါက်ပြဲပြီး မပြည့်တဲ့ အထုတ်တွေလည်းပါတယ်လို့ ရဲစခန်းကိုပစ္စည်းတွေ ပို့ဆောင်ရာမှာပါဝင်တဲ့ အမာမြို့ခံ ဦးဇော်ဝင်းက RFA ကို ပြောပါတယ်။
ဖျာပုံခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းဝင်းကတော့ မူးယစ်ဆေးဝါးလို့ယူဆရပေမယ့် ဓာတုဗေဒ စစ်ဆေးရေးဌာနကို မေးရဦးမှာဖြစ်ပြီး ဘယ်လောက်တန်ကြေးရှိတယ်ဆိုတာလည်း မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
ဆယ်ယူရရှိတဲ့အိတ်တွေထဲမှာ ပေါက်ပြဲနေတဲ့အိတ်တွေလည်းပါဝင်လို့ ဒီဟာတွေဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့အတွက် တွေ့တဲ့သူတွေသိမ်းယူမထားဖို့နဲ့ သက်ဆိုင်ရာကို အကြောင်းကြားဖို့ လော်စပီကာနဲ့လည်း ရပ်ရွာထဲ လိုက်လံကြေညာထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မှာဖမ်းမိတယ်လို့ သတင်းတွေမှာတွေ့ရတဲ့ မူးယစ်ဆေးဝါး ICE အိတ်တွေနဲ့ အခုတွေ့ရတဲ့အိတ်တွေ အတူတူပဲလို့ အမာမြို့ခံ ဦးဇော်ဝင်းက ပြောပါတယ်။
မူးယစ်ရဲတပ်ဖွဲ့ဝင်တွေရဲ့ တွက်ချက်မှုအရ မနေ့က သိမ်းဆည်းရမိတဲ့ ၂၃ အိတ်အထိ ၆၄၉ ကီလိုရှိတယ်လို့ သိရကြောင်း ဦးဇော်ဝင်းက ဆိုပါတယ်။
ဖျာပုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်ကလည်း ဒီသတင်းအပေါ် မှန်ကန်ကြောင်း RFA ကို အတည်ပြုပြောပါတယ်။
၂၀၁၇ ဧပြီလက ရန်ကုန်မှာ နိုင်ငံခြားသားတွေပါဝင်တဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို မူးယစ်ဆေးမျိုးစုံနဲ့အတူ ဖမ်းမိတယ်ဆိုပြီး အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီတုန်းက ဖမ်းမိတယ်ဆိုတဲ့ မူးယစ်ဆေး တန်ဖိုးဟာ ကျပ် သန်းပေါင်းလေးသောင်းကျော် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ဒီဖမ်းဆီးမှုကနေ သိလိုက်ရတာကတော့ မူးယစ်ဆေးဝါး အမြောက်အမြားကို အက်ဒမန်ပင်လယ်ပြင်ကနေတဆင့် နိုင်ငံတကာဈေးကွက်ကိုတင်ပို့ဖို့ စီစဉ်တာတွေ ရှိနေတယ် ဆိုတာပါပဲ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာလည်း တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ပြင်မှာ လှေနဲ့သယ်လာတဲ့ လက်ဖက်ခြောက်ကုန်ပစ္စည်းပုံစံ ကတ်တမင်းအများအပြား ဖမ်းဆီးရမိခဲ့သလို ၂၀၁၇ ခုနှစ် ဧပြီမှာတုန်းကလည်း ရန်ကုန်မြို့မှာ နိုင်ငံခြားသားတွေပါဝင်တဲ့ မူးယစ်မှောင်ခိုဂိုဏ်းတစ်ခုကို ကျပ်ငွေ သန်းပေါင်းလေးသောင်းကျော်ရှိတဲ့ မူးယစ်ဆေးဝါးမျိုးစုံနဲ့အတူ ဖမ်းမိခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာကို ဖြန့်နေတဲ့မူးယစ်ဆေးကွန်ရက်ကြီးတစ်ခုရဲ့ လမ်းကြောင်းမှာရှိနေတယ်လို့ အောက်တိုဘာလ ၁၄ ရက်နေ့ကထုတ်ထားတဲ့ ရိုက်တာသတင်းဌာနရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး စုစည်းတင်ပြသည်။)