PDF နှိမ်နင်းရေး ပျူစောထီးတွေကို ပိုအသုံးချလာ

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကို နှိမ်နင်းတဲ့နေရာမှာ အသုံးချဖို့ လက်နက်ကိုင် ပျူစောထီးတွေကို စစ်တပ်က တိုးချဲ့ဖွဲ့စည်းတာတွေ လုပ်ဆောင်လာပါတယ်

ကလေးမြို့နယ် လည်ကြီးကျေးရွာမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စစ်တပ်က ပြည်သူ့စစ်သင်တန်းပေးနေစဥ် Photo: CJ

အာဏာသိမ်း စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းက PDF တပ်ဖွဲ့တွေကို နှိမ်နင်းဖို့ စစ်ကောင်စီက ပျူစောထီးအဖွဲ့တွေကို တိုးချဲ့ဖွဲ့စည်းလာသလို စစ်ဆင်ရေးမှာလည်း ပိုအသုံးချလာတာ တွေ့ရတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။

မေလ ၁၃ ရက်နေ့က မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရွှေဘိုအရှေ့ရွာနဲ့ ရွှေဘိုကွက်သစ် ကံဒိုးရွာထဲကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေ ရောက်လာပြီး ရွာမှာ ပျူစောထီးအဖွဲ့ ဖွဲ့ဖို့ ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ ကံဒိုး ရွာသား ကိုမိုးကြီးက ရှင်းပြပါတယ်။

“သူတို့က ရွာကာကွယ်ရေး ပျူစောထီးဖွဲ့ရမယ်လို့ ခြိမ်းခြောက်ထားတာဗျ။ တစ်ပတ် အတွင်းကို အချိန်ပေးထားတယ်ဗျ။ တစ်ပတ်အတွင်း မဖွဲ့ဘူးဆိုရင်တော့ ရွာကို မီးရှို့မယ်ပေါ့။ အကြမ်းဖက်မယ်ပေါ့။ ရွာမှာကတော့ ကျနော်တို့ကတော့ မဖွဲ့ဘူးလို့တော့ ဘုန်းကြီးကပြောထားတယ်။ သူတို့ကလည်း တစ်ပတ်ပြည့်တဲ့နေ့ကို လာမယ်လို့ ပြောထားတယ်။ လာလို့ အဖွဲ့အစည်း မဖွဲ့ဘူးဆိုရင်တော့ တစ်ခါတည်း ရွာကို မီးတိုက်မှာပေါ့။ သူတို့ကတော့ နယ်ချဲ့တာပေါ့ဗျာ။ သူတို့က ကျနော်တို့ ဒီဘက် တောင်ဘက်ကို နယ်ချဲ့ချဲ့လာတယ်လေ”

အခုလို ဖိအားပေးခံရမှုကြောင့် ရွာသားတွေဟာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဆိုပါတယ်။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက မြောက်ခရမ်းနဲ့ ဟံသာဝတီရွာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှဆွေရဲ့ အကူအညီနဲ့ စစ်တပ်က စစ်သင်တန်းပေးပြီး လက်နက်လည်း တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် တောင်ဘက်မှာရှိတဲ့ ရွှေဘိုအရှေ့ရွာနဲ့ ရွှေဘိုကွက်သစ် ကံဒိုး ရွာတွေမှာပါ ပျူစောထီးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းဖို့ ကြိုးပမ်းလာကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ သူတို့ ပါတီဝင် တွေကို လက်နက်ကိုင်ဖို့ ညွှန်ကြားထားတဲ့ မူဝါဒမရှိပေမယ့် နယ်မြေအခြေအနေအရ ပါဝင်နေသူတွေကိုလည်း တားဆီးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အဓိကကတော့ ပါတီကနေ ပြီးတော့မှ လက်နက်ကိုင်ဖို့ ညွှန်ကြားထားတဲ့ မူဝါဒမရှိဘူး။ နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် ပါတီမှာ လက်နက်ကိုင် မူဝါဒမရှိဘူး။ ဒါပေမဲ့ သက်ဆိုင်ရာဒေသမှာ သူ့ရဲ့ နယ်မြေလုံခြုံရေး အခြေအနေအရ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေကနေပြီးတော့ ဆောင်ရွက်တဲ့ အပေါ်မှာတော့ ဒေသခံ ပြည်သူတွေ အနေနဲ့ ပူးပေါင်းပါဝင်တာကတော့ သူတို့ရဲ့ အခွင့်အရေး ဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ ကတော့ ကိုယ်တို့က ပြောစရာအကြောင်းမရှိဘူး”

အရင်က စစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံတဲ့ရွာတွေဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူ့စစ် ပုံစံမျိုးနဲ့ ပျူစောထီးအဖွဲ့တွေ ပေါ်ပေါက်လာသလို NLD ပါတီ အားကောင်းတဲ့ နေရာတွေမှာတော့ PDF တပ်ဖွဲ့တွေ ပေါ်ပေါက်လာတာပါ။

PDF တပ်ဖွဲ့တွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အကူအညီနဲ့ လက်နက်တပ်ဆင်လာသလို ပျူစောထီး အဖွဲ့တွေကတော့ စစ်တပ်အကူအညီနဲ့ လက်နက်တွေ အပြိုင်တပ်ဆင်လာရာကနေ အပြန်အလှန် သတ်ဖြတ်မှုတွေ ရှိလာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

"တစ်ပတ်အတွင်း မဖွဲ့ဘူးဆိုရင်တော့ ရွာကို မီးရှို့မယ်ပေါ့။ အကြမ်းဖက်မယ်ပေါ့။"

ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီက PDF တွေကို နှိမ်နင်းဖို့ စစ်ကိုင်းတိုင်းမှာ ပြည်သူ့စစ် မဟာဗျူဟာကို ကျင့်သုံးမယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် စစ်ကိုင်းတိုင်းထဲက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံတဲ့ ရွာတွေမှာ စစ်သင်တန်း ပေးတာတွေ စတင်ဆောင်ရွက်လာတာလို့လည်း ပြောကြပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာဆိုရင် ရွာသားတွေကို စစ်သင်တန်းပေးပြီး လက်နက်တွေပါ တပ်ဆင်ပေးထားတယ်လို့ ပုလဲဒေသခံ ကိုဇော်ဇော်က ပြောပါတယ်။

“ကိုယ်တို့ ပုလဲဆိုရင် ပျူစောထီးတွေ အခြေပြုထားတဲ့ စခန်းနှစ်ခု ရှိတယ်။ အင်မထီးရွာ နဲ့ ဇီးဖြူကုန်းရွာ။ အဲဒီမှာ ထွက်ပေါက်ပိတ်နေတဲ့ အတွင်းထဲလူ အကုန်လုံးကို သေနတ် မကိုင်လို့ရှိရင် အစာဖြတ်မယ်၊ ရေဖြတ်မယ်ဆိုတဲ့စနစ်နဲ့ လုပ်နေတယ်။ အထဲထဲမှာက မဖြစ်မနေ သူတို့ ယုံကြည်ချက်တစ်ခုကြောင့် လက်နက်ကိုင်ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေကို တိုက်နေတဲ့ တစ်ဖွဲ့ရှိတယ်။ ဒီလက်နက် မကိုင်ရင် ထမင်းမကျွေးဘူး ဆိုပြီးတော့ အစာဖြတ်၊ ရေဖြတ် ဖြတ်လည်း ဖြတ်နေတယ်လို့ ပြောတယ်။ အဲလိုလူတွေ မဖြစ်မနေကိုင်ရတဲ့လူတွေ ရှိတယ်”

PDF စစ်ဆင်ရေးမှာ ပျူစောထီးအဖွဲ့တွေကို အသုံးချနေပေမယ့် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်တပ်က အထက်ကို ကြေးနန်းတင်ပြတဲ့အခါ သေဆုံးသွားတဲ့ ပျူစောထီးစာရင်းကို မထည့်သွင်းတာကြောင့် ပျူစောထီးတွေဟာ စစ်တပ်ရဲ့ အသုံးချခံရုံ သက်သက် ဖြစ်နေတယ်လို့ ကိုဇော်ဇော်က ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကနီ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင် ဦးထွန်းထွန်းဦးကတော့ ပျူစောထီးတွေကြောင့် တော်လှန်ရေးမှာ မထိခိုက်ဘူးလို့ ပြောပါတယ်။

“ပျူပေါ်လာတဲ့အတွက် တော်လှန်ရေးက ထွေထွေထူးထူးတော့ မထိခိုက်ဘူးပေါ့ဗျာ။ ပျူရဲ့ သဘောတရား အရတော့ တဖြည်းဖြည်းနဲ့ ပျောက်တော့ ပျောက်ကွယ်သွားမှာပါ။ သို့ပေသော်ငြားလည်း စစ်တပ်ကလည်း သူတို့ကို လောလောဆယ် အသုံးချရတုန်းပဲ အသုံးချမှာပါ”

ပျူစောထီးတွေဟာ PDF စခန်းတွေဆီကို ချီတက်ရင် လမ်းပြအဖြစ်နဲ့ ရှေ့တန်းကနေ ချီတက်ရသလို PDF တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံပြီး စစ်ကောင်စီ တပ်တွေဆီကို သတင်းပို့တာတွေ၊ PDF တွေ ထောင်ထားတဲ့ မိုင်းတွေ ရှာဖွေရတာတွေမှာ ပါဝင်ဆောင်ရွက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ ပြည်သူ့စစ်တွေကို အတင်းအကျပ် ဖွဲ့စည်းနေတာ မရှိဘူးလို့ ပြောပါတယ်။

“တကယ်လိုအပ်လာလို့ ရှိရင် ကျနော်တို့အနေနဲ့ ဦးစွာ သင်တန်းတွေ ဆောင်ရွက် ပေးတယ်။ သင်တန်းတွေ ဆောင်ရွက်ပေးတဲ့ အခါမှာတော့ ကျနော်တို့အနေနဲ့ သေနတ်ပစ်တတ်၊ ခတ်တတ်ရုံတင် သင်တန်းပေးတာ မဟုတ်ဘူး။ လိုက်နာရမယ့် တာဝန်တွေ၊ ဝတ္တရားတွေ၊ ကိုင်တွယ်ပုံတွေ၊ ထိန်းသိမ်းပုံတွေ၊ စည်းမျဉ်း၊ စည်းကမ်းတွေ ဒါတွေကို စစ်သားတစ်ယောက် သိသင့်သိထိုက်တဲ့ ပုံစံအတိုင်း ဆောင်ရွက်ပေးတယ်။ ဆောင်ရွက်ပေးပြီးတော့ ရပ်ရွာအေးချမ်းသာယာရေးအတွက် စနစ်တကျ ဖွဲ့စည်းပုံနဲ့ ဖွဲ့စည်းဆောင်ရွက်ပေးလျက် ရှိပါတယ်”

ပြည်သူ့စစ် ဖွဲ့စည်းတယ်ဆိုတဲ့ သတင်းကြားတာနဲ့ အဲဒီကျေးရွာတွေကို PDF တွေက လာရောက် တိုက်ခိုက်လေ့ရှိပြီး သူတို့ ပြန်အဆုတ်မှာ ရွာကိုပါ မီးရှို့သွားပေမယ့် ဒါကို စစ်တပ်က မီးရှို့တယ်ဆိုပြီး သတင်းလွှင့်လေ့ရှိတယ် လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ကလေးမြို့နယ် လည်ကြီးရွာမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စစ်တပ်က ပြည်သူ့စစ်သင်တန်းပေးနေစဥ် (Photo: CJ)

စစ်တပ်က ဖွဲ့ပေးတဲ့ ပျူစောထီးတွေနဲ့ PDF တပ်ဖွဲ့တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေဟာ ကာလ ကြာရှည်နိုင်တယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှုး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

“ဒီလိုဟာတွေက ကျနော်တို့ကို လွယ်လွယ်နဲ့ ပြီးသွားမယ့်ဟာတွေ မဟုတ်ဘူး။ ကျနော်တို့ ဒီတိုက်ပွဲမှာ တိုက်လို့ သေတာနဲ့ ကွာတယ်ဗျ။ စစ်သား အချင်းချင်းကျတော့ တစ်ချိန်အပစ်ရပ်ကျ၊ ငြိမ်းချမ်းရေး လုပ်ကြဆိုရင် ဒီကိစ္စတွေက ပြီးသွားတာပဲ။ ဒါပေမဲ့ ဒီလိုမျိုး အရပ်သားတွေ သတ်တဲ့ဖြတ်တဲ့ဟာတွေက မပြီးသွားဘူး။ ဒါနောက်ပိုင်း ဆယ်စုနှစ်တွေနဲ့ ချီပြီး ကျန်နေမယ့် ကိစ္စ။ ဆယ်စုနှစ်တွေနဲ့ ချီပြီးတော့ ရှင်းရလင်းရမယ့် ဟာတွေပေါ့ နော်။ ဒါတွေ ဖြစ်လာလိမ့်မယ်။ ခုနက မယုံကြည်မှုတွေကလည်း လွယ်လွယ်နဲ့ ပျောက်သွားမှာ မဟုတ်တဲ့အတွက်ကြောင့် ဒါတွေက ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာတော့ အမည်းစက် အကြီးကြီးနဲ့ ကျန်ခဲ့မှာပဲဗျ”

ဒီသတ်ဖြတ်မှုတွေကြောင့် ပြည်သူတွေကြားထဲမှာ မယုံကြည်မှုတွေနဲ့ မလုံခြုံမှုတွေ တိုးလာနေသလို လက်ရှိ အုပ်ချုပ်တဲ့လူတွေကလည်း မထိန်းနိုင်တဲ့အခါမှာ တစ်ဖက်နဲ့ တစ်ဖက် ကလဲ့စားချေတဲ့ပုံစံမျိုးနဲ့ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုတွေ စစ်ကိုင်းတိုင်းမှာ တွေ့လာနေရတယ်လို့လည်း ဆိုပါတယ်။

သူတို့ ပြုစုထားတဲ့ စာရင်းအချက်အလက်တွေအရ တစ်လမှာ လူ ၁၅၀ ကနေ ၂၀၀ အထိ အသတ်ခံနေရပြီး စစ်ပွဲတွေမှာ မဟုတ်ဘဲ ဒီတိုင်း အပြန်အလှန် သတ်ဖြတ်မှုတွေထဲမှာ သေဆုံးရသူတွေ ဖြစ်နေတယ်လို့လည်း ဒေါက်တာ မင်းဇော်ဦးက ဆိုပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မဟာဗျူဟာလေ့လာရေးအင်စတီကျု (ISP Myanmar) ရဲ့ မေလ ၁၂ ရက်နေ့က ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်အထိ နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရသူ ပေါင်း ၅,၆၄၆ ဦးထက်မနည်း ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org